• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗီယက်နမ်နဲ့ တောင်ကိုးရီးယား လွတ်လပ်သော ကုန်သွယ်ရေး စာချုပ် ချုပ်ဆို

(GMT+08:00) 2015-05-08 16:42:04

၂နှစ်ကြာ တရားဝင် ဆွေးနွေးပွဲ ၈ကြိမ်တိုင်တိုင် ကျင်းပပြီးနောက် ဗီယက်နမ်နဲ့ တောင်ကိုးရီးယား နှစ်နိုင်ငံတို့ဟာ ဒီလ ၅ရက်နေ့က ဟနွိုင်းမြို့မှာ လွတ်လပ် သောကုန်သွယ်ရေး သဘောတူ စာချုပ်ကို တရားဝင် ချုပ်ဆိုခဲ့ကြောင်း၊ ဒါဟာ ဗီယက်နမ် အနေနဲ့ မိတ်ဖက်နိုင်ငံတွေ အကြား သီးခြား ချုပ်ဆိုတဲ့ ပထမဆုံး လွတ်လပ်သော ကုန်သွယ်ရေး သဘောတူ စာချုပ်ဖြစ်သလို ဒီနှစ် ဗီယက်နမ်က ချုပ်ဆိုဖို့ စီစဉ်ထားတဲ့ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူ စာချုပ် ၄ခုထဲမှာ တစ်ခု အပါအဝင်လည်းဖြစ် ကြောင်း၊ ဒီစာချုပ်ဟာ ကမ္ဘာ့ကုန်ထုတ်လုပ်မှုနဲ့ ထောက်ပံ့ရေးဆိုင်ရာ လုပ်ကိုင်ဆောင်ရွက် မှုတွေမှာ ဗီယက်နမ် ကုမ္ပဏီများ နက်ရှိုင်းစွာ ပါဝင်ဖို့အတွက် အထောက်အကူ ပြုပြီး ပိုမိုများပြားတဲ့ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းကောင်းတွေကို ဆောင်ကြဉ်းလာမှာ ဖြစ်သလို စိန်ခေါ်မှုတွေကိုလည်း ကြုံရမှာ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရတယ်။

ဒီသဘောတူ စာချုပ်အရ ဗီယက်နမ်မှ တင်ပို့တဲ့ ငါးပုစွန်၊ သစ်သီးဝလံ၊ အထည် အလိပ်နဲ့ စက်ယန္တရား အပါအဝင် အခြားသော ကုန်ပစ္စည်းတွေ အပေါ် အခွန်ကင်းလွတ်ခွင့်၊  ဒါမှမဟုတ် အခွန်လျှော့ချပေးမှာ ဖြစ်ကြောင်း၊ ဗီယက်နမ်ထွက် ကြက်သွန်ဖြူ၊ချင်းနဲ့ ပျားရည် စတဲ့ လယ်ယာထွက်ကုန်တို့ကို တောင်ကိုးရီးယား နိုင်ငံသို့ တင်ပို့ရောင်းချဖို့ ပထမဆုံး အကြိမ် ခွင့်ပြုကြောင်း၊ တောင်ကိုးရီးယား နိုင်ငံဟာ ဗီယက်နမ်မှ တင်ပို့တဲ့ ကုန်ပစ္စည်း ၉၅ရာခိုင်နှုန်း အပေါ် အခွန်ကင်းလွတ်ခွင့်၊ ဒါမှမဟုတ် အခွန်လျှော့ချကောက်ခံ မှာ ဖြစ်သလို ဗီယက်နမ်ဟာ တောင်ကိုးရီးယားမှ တင်ပို့တဲ့ ကုန်ပစ္စည်း ရာခိုင်နှုန်း၉၀ လောက် အပေါ်လည်း အခွန်ကင်းလွတ်ခွင့်၊ ဒါမှမဟုတ် အခွန်လျှော့ချကောက်ခံမှာ ဖြစ်ကြောင်း သိရတယ်။

ဒီစာချုပ်ဟာ တောင်ကိုးရီးယား ဈေးကွက်သို့ ဗီယက်နမ် ထုတ်ကုန်ပစ္စည်းများ ဝင် ရောက်ဖို့ အတွက် ပိုမိုများပြားတဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးမှာ ဖြစ်ကြောင်း၊ တောင်ကိုး ရီးယားက ဗီယက်နမ်ရဲ့ မူဝါဒ ချမှတ်နိုင်စွမ်းနဲ့ ကျင့်သုံးနိုင်စွမ်းကို တိုးမြှင့်ဖို့ အကူအညီပေး ထောက်ခံမှာ ဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်၊ သစ်တော၊ ရေထွက်ပစ္စည်း၊ အီလက် ထရွန်းနစ် စက်မှုလုပ်ငန်း၊ ရေနံဓါတုဗေဒစတဲ့ နယ်ပယ်တွေမှာ ဗီယက်နမ်ရဲ့ ယှဉ်ပြိုင် နိုင်စွမ်းကို တိုးမြှင့်ဖို့အတွက်လည်း အကူအညီပေးမှာ ဖြစ်ကြောင်း၊ ဒါ့အပြင်၊ ဗီယက်နမ်က ရိုးရိုး လုပ်သားနဲ့ ကျွမ်းကျင်မှု မရှိသေးတဲ့ လုပ်အားများ အတွက် ပိုမိုများပြားတဲ့ အလုပ် အကိုင် နေရာများကို ဖန်တီးပေးမှာ ဖြစ်ကြောင်း၊ အဲဒါဟာ ဗီယက်နမ် ကျေးလက်ဒေသ ဆင်းရဲမှု လျော့နည်းစေရေးနဲ့ ဖွံ့ဖြိုးတိုးတက်စေရေးကို တွန်းအားပေးဖို့အတွက်လည်း အထောက်အကူ ဖြစ်ကြောင်း ဗီယက်နမ် သတင်းဌာနက ရေးသားဖော်ပြထားတယ်။

တောင်ကိုးရီးယား အတွက်ဆိုရင် အဲဒီ စာချုပ်ဟာ ဗီယက်နမ် ဈေးကွက်သို့ တောင်ကိုး ရီးယား အိမ်သုံးလျှပ်စစ် ပစ္စည်း၊ အလှပြင်ပစ္စည်း၊ မော်တော်ယာဉ်အပိုပစ္စည်း စတဲ့ နယ်ပယ် တွေက အလတ်စားနဲ့ အသေးစား ကုမ္ပဏီများ အဆင်ပြေစွာ ဝင်ရောက်ဖို့ အခြေအနေကို ဖန်တီးပေးမှာ ဖြစ်ကြောင်း သိရတယ်။ ဗီယက်နမ်ဟာ တောင်ကိုးရီးယား ကုမ္ပဏီများ ဗီယက်နမ်သို့ လာရောက် ရင်းနှီးမြှုပ်နှံဖို့ စွဲဆောင်နိုင်အောင် ရင်းနှီးမြှုပ်နှံရေး အခြေ အနေကို ကောင်းမွန်စေဖို့ အင်တိုက်အားတိုက် ဆောင်ရွက်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် မူဝါဒတွေကို ကျင့်သုံးမယ်လို့ ကတိပြုတယ်။

ဗီယက်နမ်နဲ့ တောင်ကိုးရီးယား သံတမန် ဆက်ဆံမှု ထားရှိခဲ့တဲ့ ၂၃နှစ်အတွင်း တောင်ကိုးရီးယားဟာ ဗီယက်နမ်ရဲ့ တတိယ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်သလို ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံလည်း ဖြစ်တယ်။ လွတ်လပ်သော ကုန်သွယ်ရေး စာချုပ် ချုပ်ဆိုခြင်းဟာ နှစ်နိုင်ငံတို့ရဲ့ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့် တိုးမြှင့်ဖို့ အလားအလာရှိတယ်။

ဗီယက်နမ် စက်မှုကုန်သွယ်ရေး ဝန်ကြီးက တောင်ကိုးရီးယားဟာ ဗီယက်နမ်ရဲ့ အဓိက မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဖြစ်ကြောင်း၊ ၂၀၁၄ခုနှစ်က နှစ်နိုင်ငံတို့ရဲ့ ကုန်သွယ်မှု ပမာဏဟာ အမေရိကန် ဒေါ်လာ ၂၈့၉ဘီလီယံရှိကြောင်း၊ ၂၀၂၀ပြည့်နှစ်ရောက်ရင် နှစ်နိုင်ငံတို့ရဲ့ ကုန်သွယ်မှု ပမာဏဟာ နောက်ထပ် တစ်ဆကျော် တိုးလာပြီး အမေရိကန် ဒေါ်လာ ဘီလီယံ ၇၀ရှိမယ်လို့ ယုံကြည်ကြောင်း ပြောကြားတယ်။

   Webradio