• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘန်ဒေါင်းညီလာခံ အထိမ်းအမှတ်ပွဲ ကျင်းပမယ်

(GMT+08:00) 2015-04-20 16:46:40

၁၉၅၅ခုနှစ် ဧပြီလ ၁၈ရက်နေ့ကနေ ၂၄ရက်နေ့အထိ ဘန်ဒေါင်းညီလာခံကို ကျင်းပခဲ့ပြီး ဘန်ဒေါင်းစိတ်ဓာတ်ဟာ မွေးဖွားလာခဲ့တာ ဖြစ်ကြောင်း၊ အဲဒီနောက်ပိုင်းမှာ နှစ်စဉ် ဒီရက်များအတွင်း အင်ဒိုနီးရှား ဂျကာတာမြို့တော် တောင်ဘက် ကီလိုမီတာ ၂၀၀ အကွာရှိ ဘန်ဒေါင်းမြို့ဟာ အထိမ်းအမှတ်ပြု လှုပ်ရှားမှု မျိုးစုံတွေကို ကျင်းပလေ့ရှိကြောင်း၊ ပြီးခဲ့တဲ့ နှစ်၆၀အတွင်း အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံ များဟာ ဘန်ဒေါင်းစိတ်ဓာတ်ရဲ့ လမ်းညွှန်မှုနဲ့ သဘောကွဲလွဲမှုတွေကို ဖယ်ရှား၊ သဘောတူညီမှုတွေကို ရှာကြံကာ အတူတကွ ဖွံ့ဖြိုးတိုးတက်ပြီး အပြောင်းလဲကြီး ပြောင်းလဲ လာကြောင်း၊ ဘန်ဒေါင်းညီလာခံ ကျင်းပခဲ့တဲ့ နှစ်၆၀ပြည့်နှစ် အထိမ်းအမှတ်ပွဲ အတွက် အင်ဒိုနီးရှား ရူပီယာငွေ ဘီလီယံ ၂၀၀ ထုတ်ပေးခဲ့ကြောင်း၊ အထိမ်းအမှတ်ပွဲ တက်ရောက်ဖို့ အင်ဒိုနီးရှား အစိုးရဟာ နိုင်ငံ ၃၀ကျော်မှ ထိပ်သီးခေါင်းဆောင်များကို ဖိတ်ကြားခဲ့ကြောင်း၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်ဟာ ဖိတ်ကြားချက်အရ ဒီလ ၂၁ရက်နေ့ကနေ ၂၄ရက်နေ့အထိ သက်ဆိုင်ရာ အထိမ်းအမှတ်ပြု လှုပ်ရှားမှုတွေသို့ တက်ရောက်ဖို့ အင်ဒိုနီးရှားကို သွားရောက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရတယ်။

ဘန်ဒေါင်းညီလာခံ ကျင်းပခဲ့တဲ့ နှစ်၆၀ပြည့်နှစ် အထိမ်းအမှတ်ပွဲဟာ ဒီအကြိမ် အင်ဒိုနီးရှား အစိုးရ ဦးစီးကျင်းပမဲ့ ပထမအကြိမ် သံတမန် လှုပ်ရှားမှု ဖြစ်သလို ဒီအကြိမ် အစိုးရရဲ့ စီမံအုပ်ချုပ်ရေး ကြံဆချက်ကို မိတ်ဆက်ဖြန့်ချိပြီး တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို စွဲဆောင်ဖို့ အခွင့်ကောင်းလည်း ဖြစ်တယ်။

ပြီးခဲ့တဲ့ အောက်တိုဘာက ကျင်းပတဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဂျိုကိုဟာ အင်ဒိုနီးရှားကို အဏ္ဏဝါနယ်ပယ်မှာ အင်အားတောင့်တင်းတဲ့ နိုင်ငံ တစ်နိုင်ငံ အဖြစ် တည်ဆောက်ဖို့ မဟာဗျူဟာမြောက် ရည်မှန်းချက်ကို တင်ပြခဲ့တယ်။ နိုဝင်ဘာက သမ္မတ ဂျိုကိုရဲ့ ပထမဆုံး အကြိမ် နိုင်ငံခြား ခရီးဟာ ပီကင်းမှာ ကျင်းပခဲ့တဲ့ အေပက်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ခြင်း ဖြစ်တယ်။ ပြီးနောက် သူဟာ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးမှာ အင်ဒိုနီးရှားကို ကမ္ဘာ့ အဏ္ဏဝါဝင်ရိုးစွန်းနိုင်ငံ အဖြစ် တည်ဆောက်ဖို့ ကြံဆချက်ကို တင်ပြခဲ့ပြီး လူအများဟာ သူရဲ့ ကြံဆချက် အပေါ် အာရုံစိုက်လာကြတယ်။ ဒီနှစ် ဖေဖော်ဝါရီက သမ္မတ ဂျိုကိုဟာ အိမ်နီးချင်း မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင် ၃နိုင်ငံမှာ ခရီးလှည့်လည်ခဲ့တယ်။ မတ်လက သူဟာ ဂျပန်နဲ့ တရုတ်နှစ်နိုင်ငံမှာ တရားဝင် ခရီးလှည့် လည်ခဲ့တယ်။ တရုတ် ခရီးစဉ်အတွင်း သမ္မတ ဂျိုကိုနဲ့ တရုတ် ထိပ်သီးခေါင်းဆောင်တို့ဟာ တရုတ်ပြည် တင်ပြခဲ့တဲ့ ၂၁ရာစု ပင်လယ်ပြင် ပိုးလမ်းမကြီး မူဘောင်အတွင်း ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်။ ဒါ့အပြင်၊ သူဟာ အင်ဒိုနီးရှားရဲ့ အခြေခံ အဆောက်အဦ တည်ဆောက်မှုမှာ ပိုမိုများပြားတဲ့ တရုတ် လုပ်ငန်းကုမ္ပဏီများ လာရောက် ရင်းနှီးမြှုပ်နှံဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် အိမ်နီးချင်း နိုင်ငံများနဲ့ သံတမန်ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်စေရေးဟာ ဂျိုကို အစိုးရရဲ့ ဦးစားပေးချက် ဖြစ်ပြီး အဏ္ဏဝါ နယ်ပယ်မှာ အင်အားတောင့်တင်းတဲ့ နိုင်ငံနဲ့ အဏ္ဏဝါ ဝင်ရိုးစွန်းနိုင်ငံ အဖြစ် တည်ဆောက်ခြင်း ဟာ အင်ဒိုနီးရှားရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ဖြစ်တာကို တွေ့ရတယ်။

ဘန်ဒေါင်းညီလာခံကို အင်ဒိုနီးရှား ပထမ သမ္မတ ဆူကာနိုက ကမကထပြု ကျင်းပခဲ့ခြင်း ဖြစ်ပြီး သြဇာသက်ရောက်မှု အင်မတန် နက်ရှိုင်းတဲ့ အစည်းအဝေးလည်း ဖြစ်တယ်။ အဲဒီ အစည်းအဝေးကို ဦးစီးကျင်းပနိုင်ခြင်းဟာ အာရှနဲ့ အာဖရိက နိုင်ငံများမှာ ရော၊ ဖွံ့ဖြိုးဆဲ နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုမှာပါ အင်ဒိုနီးရှားရဲ့ အဆင့်နေရာ အရေးကြီးမှုကို ပြဆိုနေတယ်။ ဒီအကြိမ် ဘန်ဒေါင်း ညီလာခံ ကျင်းပခဲ့တဲ့ နှစ် ၆၀ပြည့်နှစ် အထိမ်းအမှတ်ပြုပွဲ ကျင်းပတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံကြီးတွေရဲ့ အခန်းကဏ္ဍကနေ ထပ်မံ ပါဝင်ဆောင်ရွက်ဖို့ ဖြစ်ကြောင်း အကဲခတ် အချို့က ယူဆကြတယ်။

   Webradio