• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် စီအာအိုင်သတင်းထောက်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ-ဦးသိန်းစိန်ကို အင်တာဗျူးလုပ်နေစဉ်

(GMT+08:00) 2012-09-22 15:44:50

တရုတ်နိုင်ငံတကာ အသံလွှင့်ဌာနက ဆက်လက်အသံလွှင့် နေပါတယ်။ သောတရှင်များခင်ဗျာ၊ ဒီလ ၂၁-ရက်နေ့မှာ ကျွန်တော်တို့ စီအာအိုင် မြန်မာဘာသာ အစီအစဉ်အဖွဲ့မှ သတင်းထောက်မိုးသူဇာဟာ တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တက်ရောက်နေတဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို အင်တာဗျူး လုပ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ မြန်မာအစိုးရရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံခြားရေး မူဝါဒ အပါအဝင် နယ်ပယ်များမှ အတွေးအခေါ်နဲ့ အမြင်သဘောတွေကို ရှင်းလင်းပြောပြပြီး လက်တွေ့ကျကျဖြစ်ပြီး တံခါးဖွင့်ထားတဲ့ မြန်မာနိုင်ငံ အသွင်အပြင်ကို ပြသခဲ့ပါတယ်။

 

နိုင်ငံတော် တည်ငြိမ်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က နိုင်ငံရဲ့လုပ်ငန်းစဉ်တွေမှာ၊ နိုင်ငံသားအားလုံး ပါဝင်လာအောင်၊ အဓိကထား လုပ်ဆောင်ကြောင်း၊ အဓိကကတော့၊ ပြည်သူရဲ့ဆန္ဒဖြစ်တဲ့၊ နိုင်ငံတော်ကို အေးအေးချမ်းချမ်း ဖြစ်စေခြင်းနဲ့၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေလာခြင်းတို့အတွက် ဖြစ်ကြောင်း၊ ယင်းအကြောင်း နှစ်ရပ်သည်၊ တစ်ခုနဲ့တစ်ခု အမှီသဟဲ ဖြစ်နေကြောင်း၊ နိုင်ငံတော် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းရှိမှ၊ စီးပွားရေးကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

 

ဦးသိန်းစိန် သမ္မတ တာဝန် ထမ်းဆောင်ခဲ့တဲ့နောက်ပိုင်းမှာ မြန်မာ ပြည်သူတို့ရဲ့ ကောင်းမွန်တဲ့ နေထိုင်ရေးအတွက် ဆောင်ရွက်ချက်တွေကို ကျင့်သုံးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်အတွက် အကျိုးရှိနိုင်မည့် တူညီသောအချက်များကို၊ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ တိုးတက်မှုတွေ ရလာသောကြောင့် နိုင်ငံရေးအရ မြန်မာနိုင်ငံတွင် တည်တည်ငြိမ်ငြိမ် ရှိလာပြီး ပြည်သူပြည်သားများလည်း၊ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များကို၊ အေးအေးဆေးဆေး၊ လုံလုံခြုံခြုံနှင့်၊ လုပ်ကိုင်နိုင်နေပြီဖြစ်ကြောင်း၊ ယင်းမှာ၊ နိုင်ငံရေးအရ၊ ပြုပြင်ပြောင်းလဲမှုများရဲ့ အောင်မြင်တိုးတက်မှုရလဒ်ပင် ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

 

မကြာခင်က မြန်မာ အစိုးရ ချမှတ်ခဲ့တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ၅-နှစ် စီမံကိန်းမှာ နှစ်စဉ်နှစ်တိုင်း စီးပွားရေး တိုးတက်နှုန်းကို ၇့၇-ရာခိုင်နှုန်းရှိဖို့ သတ်မှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဆင်းရဲတဲ့ လယ်ယာစိုက်ပျိုးရေး အဓိက လုပ်ကိုင်ဆောင်ရွက်တဲ့ နိုင်ငံတစ်နိုင်ငံမှ ချမ်းသာပြီး စီးပွားရေး ဖွံ့ဖြိုးကာ ခေတ်မီ အဆင့်မြင့် သိပ္ပံနည်းပညာရှိတဲ့ စက်မှုလုပ်ငန်း ထွန်းကားတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် တိုးတက်ပြောင်းလဲစေရန် ရည်မှန်းထားပါတယ်။ ဒါပေမဲ့ လောလောဆယ် မြန်မာအစိုးရ အရင် ဖြေရှင်းရမဲ့ ပြဿနာဟာ စားဝတ်နေရေး ပြဿနာပဲ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က စီးပွားရေးကို အကောင်အထည် ဖော်ရာတွင်၊ ပထမဦးဆုံးအနေနှင့်၊ ပြည်သူပြည်သားများ၊ စားရေးဖူဖူလုံလုံရှိဖို့ လိုကြောင်း၊ လက်ရှိအချိန်တွင်၊ မြန်မာနိုင်ငံမှာ၊ စားနပ်ရိက္ခာ ဖူဖူလုံလုံရှိပြီး၊ အထိုက်အလျောက် ပိုလျံနေပါကြောင်း၊ သို့သော်လည်း၊ နောင်တိုးများလာမည့် လူဦးရေများ ဖူဖူလုံလုံ စားနိုင်သောက်နိုင်ရန်အတွက်၊ ယခုကတည်းက၊ လယ်ယာကဏ္ဍကို တိုးချဲ့သွားမှာ ဖြစ်ကြောင်း၊ နောင်တိုးလာမည့် လူဦးရေကို၊ သန်းတစ်ရာထိ မှန်းထားကာ၊ ယင်းနောင်လာနောင်သားများ၊ ဖူဖူလုံလုံ စားသောက်နိုင်ရန်အတွက်၊ သမရိုးကျ လယ်ယာစိုက်ပျိုးရေးအစား၊ လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲမှုများကို၊ အဓိကထား လုပ်ကိုင်နေကြောင်း ပြောကြားသွားပါတယ်။

 

သမ္မတ ဦးသိန်းစိန်ဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ အခြေခံ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အလွန်အလေးထားပါတယ်။ သမ္မတကြီးဟာ စက်ယန္တရားနဲ့ သိပ္ပံနည်းကျစွာ စိုက်ပျိုးရေး၊ ရိတ်သိမ်းရေးနဲ့ ကောက်ပဲသီးနှံမျိုးစေ့ကောင်းတွေကို ရွေးချယ်ရေး အပါအဝင် မြန်မာ လယ်ယာစိုက်ပျိုးရေး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကို သေသေချာချာ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတကြီူးက ကမ္ဘာရှေ့တန်းမှာ ရောက်ချင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်ကို တက်လှမ်းရမှာ ဖြစ်ကြောင်း ဖေါ်ပြပါတယ်။

ဒါနဲ့ပတ်သက်ပြီး သမ္မတကြီးက စက်မှုနိုင်ငံ ထူထောင်နိုင်ရန်အတွက်၊ မြန်မာနိုင်ငံတွင်၊ သဘာဝအခြေခံနှင့်၊ လုပ်အားများရှိကြောင်း၊ လုံလုံလောက်လောက် မရှိသည်မှာတော့၊ အရင်းအနှီးပင် ဖြစ်ကြောင်း၊ နည်းပညာအပိုင်းနှင့် ပတ်သတ်လျှင်လည်း၊ နောက်ကျနေကာ၊ လူသားစွမ်းအင်ကလည်း၊ နည်းပါးနေသေးကြောင်း၊ ထို့ကြောင့်၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို၊ ဖိတ်ခေါ်နေကြောင်း၊ စက်မှုနိုင်ငံထူထောင်နိုင်ဖို့အတွက်၊ အခြေအနေကို လိုက်ပြီး၊ အဆင့်လိုက်၊ စဉ်းစားမှာဖြစ်ကြေင်း၊ ယင်းတို့မှာ၊ အလုပ်အကိုင်နေရာ နည်းပါးနေသောကြောင့်၊ ဆင်းရဲနွမ်းပါးနှုန်း များပြားနေသေးကြောင်း၊ ထို့ကြောင့်၊ အလုပ်အကိုင် အခွင့်အလမ်းများအောင် ကြိုးစားရမှာဖြစ်ကြောင်း၊ မြန်မာပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများ၊ နည်းပါးနေသောကြောင့်၊ ပြည်သူ(၃)သန်းခန့်မှာ တိုင်းတပါးတွင် သွားရောက်အလုပ် လုပ်ကိုင်နေရကြောင်း၊ ထို့ကြောင့်၊ မြန်မာပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ပိုမိုများပြားလာစေရန်အတွက်၊ အထည်ချုပ်လုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်းတို့တွင်၊ ရင်းနှီးမြှုပ်နှံသူများကို၊ ဖိတ်ခေါ်နေကြောင်း၊ မြန်မာပြည်သည်၊ ပထ၀ီအနေအထားအရ၊ အချက်အချာကျသော နိုင်ငံဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်တွင်လည်း၊ ကြီးမားသော ဈေးကွက်များ ရှိနေကြောင်း၊ ဥပမာပြောရလျှင်၊ တရုတ်နိုင်ငံတွင်လည်း၊ လူဦးရေ၊ ၁.၃ဘီလီယံရှိပြီး၊ အိန္ဒိယနိုင်ငံတွင်၊ ၁-ဘီလီယံကျော်ရှိကာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း၊ လူဦးရေမှာ၊ သန်း(၁၆၀)လောက်ရှိပြီး၊ အရှေ့တောင်အာရှ နိုင်ငံများတွင်လည်း၊ စုစုပေါင်း လူဦးရေမှာ၊ သန်း(၅၀၀)ကျော် ရှိတာကြောင့်၊ ယင်းကဲ့သို့သော၊ နိုင်ငံများနှင့် ၀ိုင်းရံထားပြီး၊ ပထ၀ီအနေအထား ကောင်းမွန်သော၊ မြန်မာနိုင်ငံတွင်၊ အကြီးစား စက်ရုံများကို၊ လာရောက်တည်ဆောက်ပါက၊ အလုပ်အကိုင် အခွင့်အလမ်းများ၊ အများအပြား ပေါ်ပေါက်လာမှာ ဖြစ်တဲ့အပြင်၊ ဈေးကွက်များကိုလည်း၊ အလွယ်တကူ တင်ပို့ရောင်းချနိုင်မှာ ဖြစ်ကြောင်း ပြောကြားသွားပါသည်။

 

တရုတ်-မြန်မာ ဆက်ဆံမှုနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က အစဉ်အလာ ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေးကို အစဉ်တစိုက် ထားရှိခဲ့တဲ့ နှစ်နိုင်ငံတို့ဟာ ၂၀၁၁-ခုနှစ်မှာ ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့တဲ့ နောက်ပိုင်းမှာ ပိုမိုများပြားတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူးလူးဖလှယ်မှုတွေကို ပြုလုပ်လာပါတယ်။ ပြီးခဲ့တဲ့ ၂-ပတ်က တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ ဝူပန်းကိုဟာ မြန်မာနိုင်ငံမှာ ခရီးလှည့်လည်ရာမှာ သမ္မတ ဦးသိန်းစိန်နဲ့အတူ မြန်မာဘာသာပြန် နောက်ခံစကားပြော တရုတ်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ (ရွှေမင်းသားရဲ့သုခကမ္ဘာ)ဇာတ်လမ်း ထုတ်လွှင့်မှုနဲ့ပတ်သက်ပြီး CRIနဲ့ MRTVတို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး ချုပ်ဆိုပွဲ အပါအဝင် နှစ်နိုင်ငံအကြား စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ပညာရေး စတဲ့ နယ်ပယ်တွေမှ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆိုပွဲများကို တက်ရောက်ခဲ့ကြပါတယ်။  

ဒါနဲ့ပတ်သက်ပြီး သမ္မတကြီးက ပူးပေါင်းဆောင်ရွက်ရာတွင်၊ စီးပွားရေး တစ်ခုတည်း သာမက၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ အစရှိသော၊ ကဏ္ဍစုံများတွင်လည်း၊ ပူးပေါင်းဆောင်ရွက် နေပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ဘက်စုံမဟာဗျူဟာမြောက်၊ ပူးပေါင်းဆောင်ရွက်ခြင်း အဆင့်ကို၊ မြှင့်တင်ထားခြင်း ဖြစ်သည့်အတွက်ကြောင့်၊ ပညာရေးဘက်တွင်လည်း၊ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကာ၊ ကျန်းမာရေး ဘက်တွင်လည်း၊ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ အလားတူပင်၊ ယဉ်ကျေးမှု နှင့်ပတ်သတ်ပြီးလည်း၊ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ သမ္မတကြီး ကိုယ်တိုင်လည်း၊ ငယ်စဉ်ကတည်းက၊ တရုတ်သိုင်းကားများနှင့် တရုတ်ရုပ်ရှင်ကားများကို၊ ကြည့်ရှုလေ့ရှိပါကြောင်း၊ တရုတ်ဇာတ်ကားများသည်၊ မြန်မာလူမျိုးများနှင့် မစိမ်းပါကြောင်း၊ တရုတ်တီဗီဇာတ်လမ်းတွဲ နှင့်ပတ်သတ်၍လည်း၊ ပူးပေါင်းဆောင်ရွက် နိုင်ပါကြောင်း၊ ပြောကြားသွားပါသည်။

 

ဒီနှစ်မှာ မြန်မာနိုင်ငံဟာ တရုတ်-အာဆီယံ ကုန်စည်ပြပွဲရဲ့ ဂုဏ်ထူးဆောင် ဦးဆောင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က အာဆီယံနိုင်ငံ ဆယ်နိုင်ငံရှိသည့်အတွက်၊ မြန်မာနိုင်ငံသည်လည်း၊ တရုတ်အာဆီယံ ကုန်စည်ပြပွဲကို၊ ဆယ်နှစ်မှတစ်ကြိမ် တာဝန်ယူဆောင်ရွက်ခွင့် ရသောကြောင့်၊ မိမိနိုင်ငံအတွက်၊ ဂုဏ်ယူမိပါကြောင်း၊ ပြောကြားသွားပါသည်။

 

   Webradio