• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အစာလည်းဆေး၊ဆေးလည်းအစာ

(GMT+08:00) 2012-09-06 18:18:03

                       

အစားအစာ၊အစားအသောက်ဆိုတာက လူတွေကို အာဟာရဖြစ်စေသလို၊ ကျန်းမာရေးကောင်းစေတယ်၊ ပြီးတော့ ဖြစ်နေတဲ့ ဖြစ်နေဆဲ ရောဂါဘယတွေကိုလည်း ကာကွယ်တားဆီးနိုင်ပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်း ရောဂါဘယကင်းဝေးပြီး၊ ကျန်းမာပျော်ရွှင်စေဖို့ ဒီဘလောခ့်လေးကို စေတနာလေး ရှေ့တန်းတင်ပြီး ရေုးလိုက်ရပါတယ်။

ကျွန်မ ရေးပြချင်တဲ့ အကြောင်းလေးကတော့ ကြောက်စရာအလွန်ကောင်းလွန်းတဲ့ ကင်ဆာဆိုတဲ့ ရောဂါဆိုး ကြီးကို အစားအသောက်နဲ့ ဘယ်လိုကာကွယ်လို့ရတယ်ဆိုတဲ့အကြောင်းလေးပါ။ အဲဒိ ကင်ဆာဆို တဲ့ရောဂါဆိုးကြီးကို ကျွန်မဖြင့် ကြားရရင်တောင် ကြက်သီးထမိပါရဲ့၊ တရားမရှိဘူး ရယ်လို့တော့ မပြောလိုက်ကြပါနဲ့ရှင်။ ကျွန်မတို့ရဲ့ ဘ၀ထဲကနေ ရောဂါဆိုးကြီးရဲ့ ဒါဏ်ကြောင့် ကျေးဇူးရှင် မေမေနဲ့ကျွန်မတို့ ခွဲခွာခဲ့ရတဲ့ ခံစားချက်ရှိတာမို့ပါ။ အဲလို အဖြစ်မျိုးဘယ်သူ့ကိုမှ မခံစား စေချင်ပါဘူးလေ။ဒါကြောင့် ဒါလေးကို ဖတ်ထားတာတွေထဲက ပြန်လည် ဝေမျှလိုက်ခြင်းပဲ ဖြစ်ပါ တယ်။

အခါးဓာတ်ပါတဲ့ အစားအစာတွေကို များများစားပေးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။ အဲဒိ အစားအစာတွေကတော့ ကြက်ဟင်းခါးသီး၊ အလေ့ကျပေါက်လေ့ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဘင်္ဂလားဆီးသီးစတာတွေပဲပေါ့။ အဲဒိထဲမှာက ဗီတာမင် B12 ပါဝင်တယ်။ ကင်ဆာဆဲလ်တွေရဲ့ ဖျက်ဆီးတဲ့ဒါဏ်ကို ကောင်းကောင်းကာကွယ်ပေး နိုင်ပါတယ်။

အချဉ်ဓာတ်ကို များများစားပေးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။ အဲဒါတွေကတော့ ဗီတာ မင်  စီ ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ သံပရာသီး၊ရှောက်သီး၊လိမ္မော်သီး၊ရှောက်ချိုသီး၊ မရမ်းသီး၊ခရမ်း ချဉ်သီးစတာတွေကလည်း ပိုးမွှားတွေကို တိုက်ဖျက်ချေမှုန်းနိုင်စွမ်း ရှိတယ်လေ။ ဒါကြောင့် များများ စားပြီးကာကွယ်ကြပါစို့နော်။

သက်သတ်လွတ်ဟင်းသီးဟင်းရွက်များ ကိုများများစားပေးခြင်းဖြင့်လည်း ကာကွယ်လို့ ရပါတယ်ရှင်။

အဲဒိအစားအစာတွေက ဆန်လုံးတီး၊ဆန်လုံးညို၊ ကန်းစွန်းဥ၊ပိန်းဥ၊မျောက်ဥ၊ ပဲအမျိုးမျိုးနဲ့ အမျှင် ဓာတ်ပါပြီး လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို များများစားသုံးပေး ရပါမယ်။ အော ပြီးတော့ ရှိသေးတယ်ရှင်။ အသက်လေးဆယ်ကျော်တဲ့ သူတွေဆိုရင် ဟင်းသီးဟင်းရွက်တွေကို များများစားပေးရပါမယ်။

အစိမ်းရောင် ဟင်းရွက်တွေကိုစားပေးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။ အဲဒါတွေက ဂေါ်ဖီ၊ ဆလတ်ရွက်၊ တရုတ်နံနံ၊ကြက်သွန်မြိတ်စတဲ့ အစိမ်းလည်း စားလို့ရတဲ့ ဟင်းရွက်တွေကို ပုံမှန်စား သုံးပေးရပါမယ်။ မုန်လာဥ၊မုန်လာဥနီတို့ကလည်း ကင်ဆာရောဂါကို ကောင်းကောင်းကာကွယ်ပေး နိုင်ပါတယ်။

ဆား(အငန်) ကို ပေါ့ပေါ့စားပေးရပါမယ်။ သုတေသီတွေရဲ့ အပြောအရဆိုရင် တစ်နေ့မှာ ဆယ်ဂရမ်က ဆယ့်ငါးဂရမ်ထိ အငန်ဓာတ်ကို စားမိတဲ့သူတွေဟာ အစာအိမ်ကင်ဆာ ရောဂါနဲ့ သေဆုံးမှုတွေ ဖြစ်တတ်တယ်။ ဒါကြောင့် လူတစ်ယောက်ဟာ တစ်နေ့မှာ ဆား(အငန်ဓာတ်)ကို ဆယ်ဂရမ်ထက် ပို မစားသင့်ပါဘူး။

အစားစားရင် ကြေညက်အောင် ၀ါးစားသင့်ပါတယ်။ အစားအစာတွေကို တစ်နေ့မှာ နည်းနည်း နည်း နည်းနဲ့ အကြိမ်ပေါင်းများစွာ စားရပါမယ်။ စားတဲ့အခါတိုင်းမှာ ကြေညက်အောင် ဖြည်းဖြည်းချင်း ၀ါး စားရပါမယ်။ အဲလိုဆိုရင် တံတွေးတွေပိုထွက်ပြီး အစာကြေစေသလို၊ ကင်ဆာရောဂါကိုလည်း ကာ ကွယ်နိုင်ပါတယ်။

အဲဒိလို နေ့စဉ်စားနေတဲ့ အစားအစာတွေနဲ့ပဲ ကျွန်မတို့တွေ သတိလေးနဲ့ ဂရုတစိုက်စားသောက် နေထိုင်သွားကြမယ်ဆိုရင် လူတိုင်းကြောက်လန့်နေကြတဲ့ ကင်ဆာရောဂါဆိုးကြီးကို တစ်ထောင့် တစ်နေရာကနေ ကာကွယ်နိုင်မယ်လို့ မျှော်လင့်ရင်း……………

 

   Webradio