• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝါဆိုလပြည့်၊ထူးခြားနေ့၊အောက်မေ့ဤလေးဖြာ

(GMT+08:00) 2012-08-02 16:13:54

                         

    ကျွန်မတို့ညီအစ်မတွေက ဝါဆိုလပြည့်နေ့ဆိုရင် ဓမ္မစကြာကို စုပေါင်းပြီးရွတ်လေ့ရှိပါတယ်။ ကျွန်မ မကြီး ပြောပြဖူးတာလေးတစ်ခုက ဓမ္မစကြာသုတ်ကို ရွတ်ဖတ်ပူဇော်ခြင်းအကျိုးက ကိုယ်ချစ်ခင် တဲ့သူတွေနဲ့ကွေကွင်းရမှာ မဟုတ်ဘူးရယ်တဲ့လေ။ ပြီးတော့မကြီးကပြောတာရှိသေးတယ်။ တစ်ဝါ တွင်းလုံး နေ့စဉ်မပြတ်ရွတ်မယ်ဆိုရင်လည်း ဆုချဦးမယ်တဲ့။ အဲလိုမက်လုံးများကြောင့် ငယ်တုန်း တည်းက ရွတ်ဆိုလာခဲ့တာပါ။

ဒီနေ့ဒီရက်ဟာ ၀ါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ပါ။ ဓမ္မစကြာတရားတော်ဆိုတာဟာ သစ္စာ လေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာတော်ဖြစ်၍  ပဋ္ဋိကတ်သုံးပုံ၏ အနှစ်ချုပ်တရား ဟုဆိုတယ်လို့ ဖတ်ခဲ့ဖူးပါတယ်။ ဒါတင်မကသေးပါဘူး သန္ဓေတောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာ ဋ္ဋိဟာ။ ၀ါဆိုလပြည့်၊ ထူးခြားနေ့၊ အောက်မေ့ဤလေးဖြာ။ ရယ်လို့ အလွန့်အလွန်မှ ထူးခြားမွန်မြတ် လွန်းတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံရပ်ခြားမှာနေရတဲ့ ကျွန်မကို သူငယ်ချင်းက ၀ါဆိုလပြည့်မှာ ဘာတွေလုပ်ရမယ် ဆိုတာကို ဟိုးလွန်ခဲ့တဲ့တစ်ပတ်လောက်တည်းက သူက ပြော နေတာ။

ဒါနဲ့ ကျွန်မလည်း ၀ါဆိုလပြည့်နေ့က ကိုယ့်ရဲ့မွေးရက် ကြာသပတေးနေ့နဲ့လည်းတိုက်ဆိုင်နေတာမို့ စွယ်တော်မြတ်စေတီကိုသွားဖူးချင်နေခဲ့တာပါ။ အဖိတ်နေ့မှာ ပီကင်းမှာ ရှိတဲ့ သူငယ်ချင်းတစ် ယောက်က စွယ်တော်မြတ်စေတီကို သွားဖူးရအောင်လို့ပြောလာခဲ့ပါတယ်။ ကျွန်မအခုနေ နေရတဲ့ ပီကင်းမြို့တော်ကြီးမှာက မြန်မာဘုန်းကြီးကျောင်းရယ်၊ မြန်မာဘုန်းကြီးရယ်လို့ သတ်သတ်မှတ်မှတ် ဖူးချင်တိုင်းဖူးခွင့်ရယ်မရှိပါဘူး။ ဒါကြောင့် နိုင်ငံရပ်ခြားရောက်နေတဲ့ တခြားသူငယ်ချင်းတွေက သူတို့တွေ ၀ါဆိုသင်္ကန်းကပ်ကြမယ်၊ဘာညာပြောနေတဲ့အခါ ကျွန်မလည်း ကပ်ချင်ခဲ့တာပေါ့၊ ဒါပေ မဲ့ကိုယ့်မှာက အခုနေချိန်ခါမှာ ဒီလိုအခွင့်အရေးရယ်က မရှိခဲ့ဘူးလေ။ ဒါကြောင့် ကိုယ်လုပ်လို့ရတဲ့ မြတ်စွယ်တော်ကိုပဲ သွားရောက်ဖူးမြော်ခဲ့ရပါတယ်။

စွယ်တော်မြတ်စေတီကိုရောက်တော့ အားပါးပါးများလိုက်တဲ့ လူတွေ၊လူတွေ။ ဘာလို့ဒီလောက်များ ရတာလဲလို့ စိတ်ထဲသိချင်နေမိတာ။ အခြေအနေမပေးသေးလို့ ကိုယ်လုပ်ရမယ့် ဘုရားတရားကိစ္စ တွေကိုအရင်လုပ်လိုက်တယ်။ ပြီးတော့ နေ့လယ်စာစားဖို့ စိတ်ထဲမယ် အခက်တွေ့နေတုန်း ဟင်းနံ့ လိုလိုရလိုက်တယ်။ ဘယ်ကလဲလို့ ဘေးဘီကိုစပ်စုကြည့်လိုက်တယ်။ အော ကိုယ်နဲ့သိပ်မဝေးတဲ့ စွယ်တော်မြတ်စေတီပရိဝုဏ်အတွင်းမှာပဲ စတုဒိသာအလှုလို့ထင်ရတဲ့ အလှုတစ်ခုလုပ်နေတာပဲလို့ တွေ့လိုက်မိတယ်။ ကိုယ်လုပ်လက်စအလုပ်ကို ဆက်လုပ်ပြီး ပြီးတော့မှ သူငယ်ချင်းနဲ့အတူ အဲ နေရာကိုသွားကြည့်တယ်။ ပြီးတော့ ဗိုက်ကလည်းဆာနေပြီမို့ ၀င်ပြီးတန်းစီလိုက်တယ်။

အဲဒိတန်းစီနေတုန်းမှာ ကိုယ့်ရှေ့က အစ်မတစ်ယောက်ကို သိချင်နေတဲ့အကြောင်းလေးတွေ ကလည်းရှိတာမို့ စကားစကြည့်လိုက်တယ်။ အခုကျွေးနေတာက သက်သတ်လွတ်လား။ ဒီနေ့ ဘာ လို့ဒီလောက်လူတွေများတာလဲ။ ဆိုတဲ့ ကျွန်မသိချင်နေတဲ့ မေးခွန်းလေးတွေကို ဆက်တိုက် မေးလိုက်တယ်။ သူကလည်း စိတ်ရှည်လက်ရှည်ပြန်ဖြေပေးပါတယ်။ ဒီမှာကျွေးတာဆိုရင် သက်သတ်လွတ်ပဲတဲ့၊ ဒီနေ့က တရုတ်ပြက္ခဒိန်ရဲ့ ခြောက်လပိုင်း၊ဆယ့်ငါးရက်နေ့(လပြည့်နေ့) တဲ့လေ။ အော တိုက်ဆိုင်လိုက်တာ။ အဲလိုတိုက်ဆိုင်ဖို့ဆိုတာက တော်တော်းလေးခဲယဉ်းတယ် လို့ ထင်ပါတယ်၊ ဘာလို့ဆိုတော့ ကျွန်မကြားဖူးတာက တရုတ်ရဲ့လပြည့်နေ့နဲ့ မြန်မာလပြည့်နေ့က ရှေ့ တစ်ရက်၊ နောက်တစ်ရက် ကွာတတ်တယ်လို့လေ။

အော ဒါဆို ကျွန်မတို့နိုင်ငံမှာလည်း ဒီနေ့ဟာ ထူုးမြတ်တဲ့လပြည့်နေ့တစ်နေ့ဖြစ်တယ်လို့ ကျွန်မက ပြန်ပြောပြတော့ သူက ဘယ်နိုင်ငံကလဲ လို့ ပြန်မေးလာလို့ ကျွန်မက မြန်မာနိုင်ငံကပါ။ အော ဒါဆို သူက အခုဝတ်ထားတဲ့ ၀တ်စုံလေးက မြန်မာဝတ်စုံလား လို့ပြန်မေးပါတယ်။ ဟုတ်ပါတယ် ကျွန်မက ဒီနေ့ ကျွန်မတို့နိုင်ငံမှာလပြည့်နေ့ဖြစ်လို့ စွယ်တော်မြတ်စေတီကိုလာရောက်ဖူုးမြော်တာပါ။ ဒါကြောင့်လည်း အခုလို မြန်မာဝတ်စုံလေး ၀တ်လာတာပါလို့ ပြန်ပြောလိုက်တယ်။ သူက သိပ်လှတယ်လို့ပြောလို့ ၀မ်းသာမိလိုက်ပါတယ်။ ဒီမြန်မာဝတ်စုံလေးကို ၀တ်တိုင်း အဲလို အပြော ခံရလို့ အရမ်းဝမ်းသာသလို ကိုယ့်ဝတ်စုံလေးအတွက် ဂုဏ်လည်းယူမိပါတယ်။

ပြီးတော့သူကပြောသေးတယ်။ အခုယူမယ့် မနက်စာကို မယူခင် ကိုယ်သဒ္ဓါသလောက် အလှုငွေ ထည့်ရမယ်တဲ့လေ။ အော သူတို့ဆီက စတုဒိသာက ဒီလိုပါလားလို့လည်း စိတ်ထဲထင်မိပါတယ်။ ဘာပဲပြောပြောပါ၊ ဒီနေ့လိုရက်မြတ်လေးမှာ စွယ်တော်မြတ်စေတီမှာပြုခဲ့တဲ့ ကောင်းမှုကုသိုလ်အစု စုကို ခုနှစ်ရက်ရှစ်နေ့သားသမီးများအားလုံးအတွက် အမျှပေးဝေရင်း……

 

   Webradio