• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘယ်တော့မှမမေ့တဲ့နေ့

(GMT+08:00) 2012-07-18 17:26:46

                                

   သက်ရှိလောကကြီးတည်ရှိနေသေးသရွေ့ မြန်မာပြည်သူပြည်သားတိုင်းရဲ့ အတွင်းစိတ်ထဲ ကနေ ဘယ်တော့မှမေ့ပျောက်လို့မရတဲ့ နေ့တစ်နေ့ပါ။ မြန်မာတစ်ပြည်လုံး အံသြထိတ်လန့်မှုတွေ၊ ကြေကွဲလွမ်းဆွေးမှုတွေ၊ ယူကြုံးမရ၀မ်းနည်းကြေကွဲခြင်း ပေါင်းများစွာခံစားခဲ့ရတဲ့ ဒီလိုနေ့ရက်ကို မေ့လို့မရ အောင်ငယ်ကတည်းက စွဲမြဲစွာအမှတ်တရရှိနေခဲ့တာပါ။

အဲဒိနေ့လေးက ၁၉၄၇ ခုနှစ်၊ဇူလိုင်လ ၁၉ ရက်နေ့ဖြစ်ပြီး၊ အချိန်နာရီအတိအကျနဲ့ ပြောရမယ်ဆိုရင် တော့ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်ပါ။ အဲဒိနေ့၊အဲဒိအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရပါတယ်။ တိုင်းပြည်နဲ့လူမျိုးရဲ့ အနာဂတ်လှပ၊တင့်တယ်စေဖို့ စွန့်လွှတ်ခြင်း၊ပေးဆပ်ခြင်းများစွာနဲ့ လုပ်နေသူတွေကိုမှ လုပ်ကြံရက်သူ၊ အမျိုးသားသစ္စာဖောက် လောက်ကောင်ကလည်းရှိလို့လာတာမို့ ဒီလိုအဖြစ်ဆိုးနဲ့ ကြုံခဲ့ရပါတယ်။ ဒီလိုလူကိုလည်း မေ့လို့မရ အောင်ရှိနေတယ်။ ဒါပေမဲ့ ကောင်းသောမမေ့ခြင်းတော့ မဟုတ်ပါဘူး။

ဗိုလ်ချုပ်ကျဆုံးပြီဆိုတဲ့သတင်းဟာ လှည်းနေလှေအောင်း၊မြင်းဇောင်းမကျန် လေအဟုန်ကဲ့သို့ ပျံ့နှံ့မှု ကမြန်ဆန်လွန်းလှပါတယ်။ ပြီးတော့ ငိုကြွေးခြင်းအမျိုးမျိုးနဲ့ ငိုကြွေးနေတဲ့ ပြည်သူတွေရဲ့ မျက်ရည်ဟာ ဆိုရင် မျက်ရည်ပင်လယ်ကြီးတောင် ဖြစ်သွားခဲ့တယ်ဆိုတဲ့ ကြားဖူးနားဝဆို စကား များကို ပြန်လည်မှန်းဆလို့ရပါတယ်။ ဒါတင်မကသေးပါဘူး ဗိုလ်ချုပ်ကျဆုံးပြီးဆိုတဲ့ သတင်းကို ကြားလိုက်တာနဲ့ နိုင်ငံတကာမှ ကြေကွဲဝမ်းနည်းခြင်းကြောင်း၊ သ၀ဏ်လွှာများပေးပို့ကြပါတယ်။ အဲဒိခေတ်၊ အဲဒိအခါက အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီနဲ့ ပဏ္ဏစ်ဂျလဟာနေရူး၊ ရန်သူ တော်လို့ သတ်မှတ် ခံရဖူးတဲ့ ဗြိတိသျှနန်းရင်းဝန် ကလီမင့်အက်တလီနဲ့ ဗြိတိသျှအထက်လွှတ်တော် အမတ်များက ချက်ချင်းပဲ ၀မ်းနည်းစကားပြောကြတယ်လို့လည်း စာတွေထဲမှာ ဖတ်ခဲ့ဖူးပါတယ်။ အဲဒါတွေ အားလုံးဟာ ဗိုလ်ချုပ်ကို ဘယ်လောက်တန်းဖိုးထားလေးစားသလဲဆိုတာကို ကမ္ဘာက ပြထားတဲ့ သက်သေ အထောက်အထားတွေပါပဲ။

ဗိုလ်ချုပ်နဲ့တကွ ခေါင်းဆောင်ကြီးများရဲ့ ရုပ်ကလာပ်ကို ဂျူဗလီဟောမှာ ပြည်သူတွေ ဂါရ၀ပြုနိုင်ဖို့ ၁၀ လကြာထားရှိခဲ့တယ်လို့ မှတ်သားခဲ့ဖူးသလို၊ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ရုပ်ကလာပ်ကို ရွှေတိဂုံဘရားရဲ့ မြောက်ဘက် ခြေတော်ရင်းမြေနေရာမှာ ဂူသွင်းမြှပ်နှံခဲ့ပါတယ်။ အဲဒိ နေရာက အာဇာနည်ဗိမာန်ပဲဖြစ်ပါ တယ်။အဲဒိကစလို့ ဇူလိုင် ၁၉ ရက်ရောက်ခါနီးတိုင်း၊ဇူလိုင်လဆန်း လောက်ကစပြီး အာဇာနည်နေ့နဲ့ပတ်သက်တဲ့ဟောပြောပွဲတွေ၊ စာစီစာကုံးပြိုင်ပွဲတွေကို ကျောင်း တွေ၊ ဌာနဆိုင်ရာတွေမှာ သိုက်သိုက်ဝန်းဝန်း မှတ်မှတ်ရရ ကျင်းပခဲ့တာပါ။

အော အခုတော့ ဒီလိုနေ့၊ဒီလိုအခါကိုဘယ်လိုမှ သဘောမထားကြတာကိုလည်း လုံးဝနားမလည်နိုင် အောင်ဖြစ်ခဲ့ရပါတယ်။ စိတ်နှလုံးကြေကွဲစွာခံစားရင်း… ဘယ်နေ့ဘယ်အချိန်များမှာမှ ဗိုလ်ချုပ်နဲ့ တကွအာဇာနည် ခေါင်းဆောင်ကြီးများကို ပွင့်ပွင့်လင်းလင်းလွမ်းဆွတ်ခွင့်ရပါ့မလဲဆိုတာ.. မျှော်လင့် နေမိပါတော့တယ်။

 

 

   Webradio