• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အနန္တကျေးဇူးရှင်..ချစ်ဖေဖေ

(GMT+08:00) 2012-06-15 19:53:48

ဇွန်လ(၁၇)ရက်နေ့က ကမ္ဘာ့အဖေများနေ့တဲ့။ ကျွန်မအတွက်ကတော့ စက္ကန့်တိုင်း၊နေ့တိုင်း၊ အချိန် တိုင်းဟာ မိဘများအတွက် ကျေးဇူးဆပ်သင့်တဲ့နေ့လို့ မြင်မိပါတယ်။ ဒါပေမဲ့ ဒီလို အဖေများနေ့ရယ်၊ အမေများနေ့ရယ်ဆိုပြီး သတ်မှတ်ထားလိုက်တော့ကာ ပိုပြီးတော့ ကောင်းလာတာလေး တစ်ခုတော့ ရှိတာပေါ့။ ဘာလို့လဲဆိုရင် တချို့..တချို့သောသူတွေဟာ အကြောင်းကြောင်းတွေကြောင့် ကိုယ့် မိဘတွေကို သတိလက်လွတ်ဖြစ်နေတတ်ကြမယ်၊ အခြေအနေမပေးလို့ အနေဝေးကြမယ် စတဲ့ အကြောင်းလေးတွေဖြစ်ခဲ့ရင်တော့ ဒီလို ရက်သတ်မှတ်လိုက်ခြင်းက ပိုထိရောက်လာပါတယ်လို့ မြင်မိပါတယ်။

အဖေမေတ္တာဆိုတာက ဘယ်လိုစကားလုံးတွေကိုသုံးပြီး နှိုင်းပြလို့မရအောင် ကြီးမားလွန်းပါတယ်။

ကျွန်မဖေဖေက ကျွန်မတို့အတွက်တော့ သူရဲကောင်းတစ်ယောက်ဖြစ်သလို၊ ခေါင်းဆောင်ကောင်း တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ ဘယ်တော့မှ သားသမီးတွေကို မျက်နှာမငယ်စေရဘူး။ သူသာ အပင်းပန်းအဆင်းရဲခံမယ်။ သားသမီးတွေကို တင့်တောင့်တင့်တယ် ထားနိုင်အောင် စက်ဆီတွေ အပေခံ၊ပါးစပ်ထဲ အ၀င်ခံပြီး ကျွေးမွေးစောင့်ရှောက်ခဲ့သူပါ၊ ဖေဖေဟာ အင်ဂျီနီယာကြီးတစ်ယောက် ပါ။

ဘယ်တော့မှ သားသမီးတွေရှေ့မှာ အလုပ်ရဲ့ပင်ပန်းတဲ့ဒဏ်ကို မခံစားရသလိုနေပြတတ်တဲ့ ဖေဖေပါ

ဖေဖေပြောခဲ့တဲ့ စကားအခွန်းတိုင်းကို ကျွန်မတို့ ဘယ်တော့မှ မမေ့ဘူး ဖေဖေရေ…

သားတို့သမီးတို့ရေ..အဖေဟာ ကောက်ရိုးခြေထောက်၊မြက်ခြေထောက်ကနေတောင် ဒီလို စက်မှု အင်ဂျီနီယာဘ၀ကြီးကို ရအောင်လုပ်နိုင်ခဲ့သေးတာပဲ၊ သားတို့သမီးတို့ဆို ဒီထက်ပိုတော်၊ ပိုမြင့်တဲ့

ဘ၀ကိုအရောက်တက်လှမ်းနိုင်အောင် ကြိုးစားကြတဲ့။ ပြီးတော့ ကျွန်မတို့ရတဲ့အောင်မြင်မှုသေး

သေး၊ကြီးကြီး ဖေဖေက ၀မ်းသာကြည်နူးစွာနဲ့ အင်မတန်မှကောင်းမွန်တဲ့အောင်မြင်မှုကြီးဖြစ်အောင်

ပြောပြတတ်တဲ့ ဖေဖေ့ စကားတွေကို ကျွန်မတို့ဘယ်လိုမေ့နိုင်မလဲ ဖေဖေရယ်..

အခုဆိုရင် ဖေဖေ သမီးတို့နဲ့ ကျောခိုင်းပြီးမြင့်မြတ်တဲ့ဘ၀ကို အရောက်သွားခဲ့တာ ဆယ့်သုံးနှစ်တာ ကာလတောင်ကျော်နေပါပြီ၊ ဒါပေမဲ့လေ ကျွန်မတို့ရင်ထဲ၊အသည်းထဲမှာ မနေ့တစ်နေ့ကလိုပဲ ဖေဖေ ရုတ်တရက်ထွက်ခွာသွားခဲ့တဲ့နေ့လေးဖြစ်တဲ့ ၁၉၉၉၊ဇန်န၀ါရီလ ၇ ရက်နေ့၊မနက်အာရုဏ်တက် အချိန်ကို မျက်စိထဲက အခုထက်ထိတိုင်မထွက်နိုင်သေးသလို၊ ကျွန်မတို့အသက်ရှိနေသရွေ့လည်း ထွက်သွားမှာတော့ မဟုတ်ပါဘူး ဖေရယ်..

ဖေ့ အပြုံး၊ ဖေ့ စကား၊ ဖေ့ လမ်းပြပေးခဲ့တဲ့အရာတိုင်းကို ကျွန်မတို့ အခုထိမမေ့သေးသလို၊ နောင် လည်း ဘယ်တော့မှ မေ့ပျောက်သွားမှာမဟုတ်ပါဘူးလို့ …မြင့်မြတ်တဲ့ဘုံဘ၀ကိုရောက်နေတဲ့  ဖေဖေကို ကျွန်မတို့ လက်ဆယ်ဖြာဦးထိပ်မိုးပြီး ရှိခိုးကန်တော့ကာ ပြောလိုက်ပါရစေတော့ ဖေဖေရေ

မြင့်မြတ်တဲ့ဘုံဘ၀ကိုရောက်နေတဲ့ ကျေးဇူးရှင်ဖေဖေအတွက် အဖေများနေ့အမှတ်တရ ကန်တော့ လက်ဆောင်မွန်ဖြင့် ကောင်းမှုပြုလုပ်ပါသည်။

   Webradio