• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျန်းမာရေးအကြောင်း သိကောင်းစရာ

(GMT+08:00) 2012-03-29 10:34:12

မေအားမာန်- သောတရှင်များအားလုံး စိတ်ရောကိုယ်ပါ ပျော်ရွင်ချမ်းမြေ့ကြပါစေလို့ ကျွန်မ မေအား မာန်က နှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်းလိုက်ပါရစေရှင်။

ဦးခင်မောင်ဝင်း- သောတရှင်များ မင်္ဂလာညချမ်းပါခင်ဗျာ။ ကျွန်တော် ခင်မောင်ဝင်းပါ။

မေ- ဒီတစ်ပတ် အားမာန်တို့ တင်ဆက်ပေးမယ့် အကြောင်းအရာလေးကတော့ လူတိုင်းလူတိုင်း အတွက် အင်မတန်ကို အရေးကြီးတဲ့ အကြောင်းလေးနော်။ ဦးခင်မောင်ဝင်းရေ။

ဦး- ဟုတ်လားဗျာ၊ ဒါဆို ဘာအကြောင်းလေးလည်း ဆိုတာကို သောတရှင်တွေလည်း စိတ်ဝင်စား နေမှာ ဖြစ်သလို၊ ကျွန်တော်လည်း စိတ်ဝင်စားတယ်ဗျာ။

မေ- ဟုတ်ကဲ့၊ စိတ်ဝင်စားတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်ရှင်။ ဒါဆို ဦးခင်မောင်ဝင်းကော ဘယ်လို ထင်လဲ မသိဘူးနော်၊ လူတိုင်းအတွက် အရေးကြီးတယ်ဆိုတဲ့အကြောင်းလေးကိုလေ။

ဦး- ဟုတ်ကဲ့၊ လူတိုင်းလူတိုင်းအတွက် အရေးကြီးတာတွေက များနေတာ မဟုတ်လားမေအားမာန်ရယ်၊ ဒါဆို စီးပွားရေး၊ ဒါမှမဟုတ်ရင် ပညာရေး၊ ဒါမှမဟုတ်သေးရင်လည်း ကျန်းမာရေးပေါ့ဗျာ။

မေ- ဟုတ်ပါတယ်၊ဦးခင်မောင်ဝင်း ပြောတာလည်း မှန်သင့်သလောက် မှန်ပါတယ်။ဒါပေမဲ့ အားမာန် အမြင်ပေါ့နော်။ လူတစ်ယောက်အတွက် စီးပွားရေးဟာ အရေးကြီးတဲ့ အပိုင်းမှာ ပါဝင်ကောင်းပါဝင် ပါလိမ့်မယ်၊ ပညာရေးလည်း အဲလိုပဲပေါ့နော်။ အဲ ကျန်းမာရေးကြတော့ အဲနှစ်ခုလုံး ပြည့်စုံနေပေမဲ့ ကျန်းမာရေးက မကောင်းပြန်ဘူုးဆိုရင် ဘယ်လိုမှ အနှစ်သာရရှိမှာမဟုတ်တော့သလို၊ အဓိပ္ပါယ် လည်းမရှိနိုင်တော့ဘူးလို့ ထင်တယ်ရှင်။

ဦး- မှန်လိုက်တာဗျာ။ ဒါဆို အခု မေအားမာန် ပြောချင်တဲ့ အကြောင်းလေးက အာရောဂျံ ပရမံလာဘံ ဆိုတဲ့

လူတိုင်းအတွက် အလွန်အရေးပါတဲ့ အကြောင်းပဲ ဖြစ်တော့မှာပေါ့၊ ဟုတ်တယ်မဟုတ်လားဗျာ။

မေ- သိပ်ဟုတ်တာပေါ့ရှင်။ ဒါကြောင့် အခုအပတ်အစီအစဉ်လေးမှာ အားမာန်တို့ အခုလို ရခဲလှတဲ့ လူ့ဘ၀ကြီးကို ရလာပြီးဆိုတော့ အဲဒိဘ၀ကြီးကို ကျန်းမာပျော်ရွှင်ရအောင် လုပ်ဖို့က အားမာန်တို့ လူသားတိုင်းရဲ့ တာဝန်ပဲမဟုတ်လားရှင်။

ဦး- ဟုတ်တာပေါ့ဗျာ။ ဒါဆိုလည်း စလိုက်ကြပါစို့။

မေ- ဟုတ်ကဲ့ပါရှင်။ ပထမဆုံး အားမာန်က ကျန်းမာသန်စွမ်းခြင်းဆိုတာ ဘာလဲ၊ဆိုတာလေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖွင့်ဆိုထားတဲ့အဆိုလေးကို အရင်ပြောမယ်နော်။ ကျန်းမာခြင်းဆိုတာက တဲ့လူတစ်အတွက် ကာယသုခ၊စိတ္တသုခ၊လူမှုရေးသုခ ဆိုတဲ့ သုခကြီးသုံးပါးနဲ့ပြည့်စုံစေဖို့သာမကဘဲ ကျိုးခြင်း၊ကန်းခြင်း၊ဆွံ့အခြင်း တို့နဲ့လည်း ကင်းဝေးပါမှ ကျန်းမာခြင်းနဲ့ပြည့်စုံပါတယ်လို့ ပြောတာကို ဖတ်ခဲ့ဖူးတယ်ရှင်။

ဦး- သိပ်မှတ်သားထားဖို့ ကောင်းတဲ့ အဆိုလေးပဲနော်။

မေ- ဟုတ်ပါတယ်၊ဒါကြောင့် ကိုယ်ကျန်းမာမှ စိတ်ကျန်းမာမယ်၊ အဲလိုစိတ်ပျော်ရွှင်ကျန်းမာမှလည်း လူမှုပတ်ဝန်းကျင်မှာ ချမ်းသာပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံမှာဆိုတော့ ကိုယ်ကျန်းမာဖို့ စိတ်တွေကို ဘယ်လိုလုပ်ယူရမလဲ ဆိုတာတွေကို ဆွေးနွေးကြမယ်ရှင်။

အားမာန်ဖတ်ထားဖူးတဲ့ ကျန်းမာရေးအတွက် အဓိကကျတဲ့ အချက်လေးတွေကို ပြောမယ်နော်။

တစ်နေ့ကို ရေများများသောက်ပေးရမယ်တဲ့၊ နံနက်စာကို ဘုရင်လိုစားပါ၊ နေ့လယ်စာကိုမင်းသားလို စားပါ၊ ညနေစာကို သူတောင်းစားလိုစားပါတဲ့၊ သဘာဝသစ်သီးတွေကို များများစားပါ၊ E သုံးလုံးကို ဆောင်ပါ၊ E သုံးလုံးဆိုတာက energy ထကြွလုံ့လမှုရှိပါ၊ enthusiasm စိတ်အားထက်သန်မှုရှိပါ၊ empathy စာနာပါတဲ့၊ တရားထိုင်ပါ၊ယောဂကျင့်ပါ၊ဆုတောင်းပါတဲ့၊ ကစားနည်းများများကို ကစားကြပါ။ တစ်ရက်ကို ဆယ်မိနစ် အနည်းဆုံးငြိမ်သက်စွာ ထိုင်ပါ၊ ၇ နာရီပြည့်အောင် အိပ်ပါ။ နေ့ တိုင်းနေ့တိုင်း ၁၀မိနစ်ကနေ မိနစ် ၃၀ ပြည့်အောင် လမ်းလျှောက်ပါ၊ အဲလို လမ်းလျှောက်နေတဲ့ အချိန်မှာလည်း ပြုံးနေပါတဲ့လေ

ဦး- ကောင်းလိုက်တဲ့ အချက်လေးတွေနော်၊ ထွေထွေထူးထူုး သိပ်မဟုတ်ပေမဲ့ လူတိုင်းလုပ်ဖို့ မေ့ နေတတ်တဲ့အချက်လေးတွေပဲ မဟုတ်လားဗျာ။ အဲဒိအချက်လေးတွေ အတိုင်းလိုက်နာကျင့်သုံးမယ် ဆိုရင် လူတိုင်းလူတိုင်း ကျန်းမာပျော်ရွှင်လာမှာပဲနော်။

မေ- ဟုတ်တာပေါ့ရှင်၊ နောက်ပြီး စိတ်ပျော်ရွှင်ဖို့ အပိုင်းလေးကို ပြောရမယ်ဆိုရင် ပျော်ပျော်နေ သေခဲဆိုတဲ့ ဆိုရိုးစကားလေးတောင် ရှိသေးတာ မဟုတ်လားရှင်။ အဲလို ပျော်ပျော်နေတဲ့သူတွေနဲ့ မနေတဲ့သူတွေကို လန်ဒန်တက္ကသိုလ်က သုတေသနပြုထားတာလေးကို ပြောဦးမယ်နော်။ အသက် ၅၀နဲ့ အထက် လူတွေကို သုတေသနပြုတာလေ၊ သူတို့လုပ်တဲ့သုတေသနက ၅ နှစ်ကျော်ကျော် လုပ်ခဲ့တာတဲ့လေ၊ အပျော်ဆုံးနေထိုင်တဲ့သူတွေက တခြားလူတွေထက်စာရင်ပေါ့ ၃၅ ရာခိုင်နှုန်း ပိုပြီး အသက်ပိုရှည်တယ်တဲ့လေ။ သူတို့ပြောတာက အခုလိုသုတေသနပြုတဲ့နည်းကလည်း လွယ် ကူရိုးစင်းပြီး အပြုသဘောဆောင်တဲ့နည်းလေးပဲ ဖြစ်ပါတယ်တဲ့၊ သူတို့ အဆင့်ဆင့်ပေါ့နော်၊ လုံးဝ မပျော်ရွှင်တဲ့သူကစပြီး၊ အလွန်အကျူးပျော်ရွှင်သူတွေအထိ သုတေသနပြုခဲ့တာတဲ့လေ။

ဒါကြောင့် သူတို့ပြောချင်တာက စိတ်နဲ့ကိုယ်က ဆက်စပ်နေတယ်ဆိုတဲ့အကြောင်းလေးပါပဲလေ။ စိတ်ပျော်ရွှင်နေရင် စိတ်တွေကကြည်လင်ပေါ့ပါးလန်းဆန်းနေမယ်၊ ကိုယ်ခန္ဓာအတွင်း လည်ပတ်မှု တွေကလည်း ပုံမှန်ဖြစ်နေတယ်၊ စိတ်ညစ်မယ်၊ စိတ်ဖိစီးမှုတွေရှိမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာတွေက လည်း တဖြည်းဖြည်းပျက်စီးလာမယ်၊ သွေးတိုးတာတို့၊ နှလုံးခုန်နှုန်းတွေလည်းမြန်လာမယ်၊ ခေါင်း ကိုက်မယ်၊ ရင်ကြပ်လာမယ်စတဲ့ ဆိုးကျိုးတွေ ဖြစ်လာမယ်။

ဒါပေမဲ့ လူတိုင်းကြုံနိုင်တဲ့ စိတ်ဖိစီးမှုတွေကို မှန်မှန်ကန်ကန်ဖြေရှင်းရင် အသက်ရှည်ကျန်းမာမယ်တဲ့၊ တချို့ဆိုရှိတယ်လေ စိတ်ညစ်တယ်ဆိုပြီး အရက်သောက်တာတို့ ဘာတို့ပေါ့၊ အဲလိုဆိုရင် ခဏတော့ စိတ်ပျော်ရွှင်မှုကို ရချင်ရသွားမယ်ပေါ့၊ ဒါပေမဲ့ နောက်မှ အဲလိုသောက်လိုက်လို့ ကိုယ့်အတွက် ဆိုးကျိုးတွေဖြစ်လာမယ်။ တချို့လည်း တစ်ယောက်တည်းနေမယ်၊ ဘယ်သူနဲ့မှ ပြောဆိုဆက်ဆံမှု တွေမလုပ်တော့ဘူး၊ အဲလိုဆိုရင်လည်း ရေရှည်မှာ တစ်ယောက်တည်း ဘေးကိုရောက်မှန်းမသိ ရောက်သွားမယ် ပိုပိုဆိုးလာတာပဲ ရှိမယ်လေ။ ဒါတွေကတော့ မှားယွင်းတဲ့ စိတ်ဖိစိးမှုကို ဖြေရှင်း နည်းပေါ့နော်၊

မှန်ကန်တဲ့ ဖြေရှင်းနည်းကတော့ ဘယ်သူမဆို ဒီလို စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်မှုတွေက ရှိတတ်တာ ပဲလေ၊ ဒါလေးဖြစ်တာ ဘာဖြစ်လဲ ကိုယ့်ကိုယ်ကို ခံနိုင်ရည်ရှိအောင်ဆိုပြီးတော့ ဥပမာပေါ့- တရား ထိုင်တာတို့၊ စိတ်ပြန်လည်လန်းဆန်းလာအောင် လေ့ကျင့်ခန်းလုပ်တာတို့၊ ပုတီးစိပ်တာတို့ စတဲ့ ကိစ္စတွေကိုလုပ်မယ် ဆိုရင်တော့ ကိုယ့်အတွက် ကောင်းကျိုးဆိုတာ ရှိလာနိုင်မယ်လေ။

ဦး-ကျွန်တော် ယေက္ခမကြီးဆိုလည်း တော်တော်အသက်ရှည်တယ်၊ သူကလည်း အဲလိုမျိုးပဲလေ။ သူ့ကိုယ်သူ သိပ်ဂရုစိုက်တယ်ဗျာ။

မေ- ဟုတ်ကဲ့၊ အားမာန်တို့ ဆရာမကြီးတစ်ယောက်ရဲ့ မေမေဆိုရင်လည်း အရမ်းအသက်ရှည်တာမို့ အားမာန်က သဘောတွေကျပြီး မေးဖူးတယ်၊ အဲဒါကလေ ဆရာမကြီးရဲ့ မေမေက အခုဆို အသက် ၉၃ နှစ်ရှိပြီ၊ မာမာချာချာပဲ၊ သိပ်လည်းကျက်သရေရှိတယ်၊ အဲ ဖွားဖွားကလေ ဒီအသက်ရွယ်ထိ အခုလို နေနိုင်တာကတဲ့ သူ့ဘ၀မှာပေါ့နော် ဖြစ်ပျက်လာတဲ့ ကောင်းကောင်းဆိုးဆိုးကိစ္စတွေ ဘာမ ဆိုကိုလက်ခံတယ်တဲ့၊ အသက်ကြီးလို့ အလိုမကျတာတို့ ဘာတို့လည်းမဖြစ်နေဘုးတဲ့၊ ဥပမာ တချို့ လူကြီးတွေဆို ရှိတတ်တယ်လေ၊ လူငယ်တွေကို အပြစ်မြင်တတ်ကြတယ်၊ ငါတို့က အသက်ကြီးပြီ ဆိုတော့ အသုံးမကျတော့ဘူး၊ လူရာမသွင်းချင်ကြတော့ဘူး စတဲ့ အဲလိုစိတ်အနှောင့်အယှက်ဖြစ်ရမဲ့ ကိစ္စတွေ ဘာတွေကို တစ်ခါမှ မစဉ်းစားခဲ့မိဘူးတဲ့လေ။ ဘယ်လိုပဲဖြစ်ဖြစ်၊ဘာပဲလာလာ အားလုံးကို စိတ်ချမ်းသာအောင်တွေးပြီး လက်ခံနိုင်အောင် ကြိုးစားလိုက်တာပဲတဲ့လေ၊

ဦး- ဟုတ်တယ်၊ဒါကြောင့် ကိုယ်အသက်ကို ကိုယ်ရှည်အောင် ကိုယ့်ဖာသာကိုယ်လုပ်လို့ရတယ်နော် ဘယ်လိုအကြောင်းပဲ ဖြစ်ပါစေ အကောင်းဘက်က မြင်တတ်ရင် အသက်ရှည်မယ်ဗျာ။

မေ- ဟုတ်ပါတယ်ရှင်၊ အာရောဂျ ပရမာ လာဘာ ဆိုတဲ့ ကျန်းမာခြင်းသည် ဆုကြီး လာဘ်ကြီး တစ်ပါးဆိုတဲ့ အဆိုအတိုင်း အားမာန်တို့ သောတရှင်တွေ အားလုံးပြည့်စုံနိုင်ကြပါစေလို့ ဆုမွန် ကောင်းတောင်းရင်း ဒီတစ်ပတ် အစီအစဉ်လေးကို ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်။

 

 

   Webradio