• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကြုံတောင့်ကြုံခဲ မြန်မာထမင်းပွဲ

(GMT+08:00) 2012-03-23 18:01:06

    လူတိုင်းလူတိုင်းမှာတော့ မေ့မရနိုင်တဲ့အကြောင်းလေးတွေ အနည်းနဲ့ အများကတော့ရှိတတ်ကြ စမြဲ ပါပဲ။ ကျွန်မတို့ ပီကင်းရောက် မြန်မာတွေရဲ့ မြန်မာထမင်းပွဲလေးကလည်း မေ့မရနိုင်တဲ့အကြောင်း လေးတစ်ရပ် ဖြစ်လို့လာခဲ့ရပါတယ်။ ပီကင်းရောက်မှ မြန်မာထမင်း၊မြန်မာဟင်းတွေ မစားဖြစ်တာ ကြာနေကြပြီ ဖြစ်တာမို့ ပီကင်းရောက်မြန်မာမိသားစုလေးတွေလည်း ဆြုံဖစ်စေ၊ အာသာလေးတွေ လည်းပြေသင့်သလောက်ပြေကြစေဖို့ ကျွန်မတို့တွေ အခုလို ပွဲလေးဖြစ်လာအောင် လုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

မေ့လို့မရဖြစ်နေမှာမို့ နေ့စွဲလေးလည်း အမှတ်တရထည့်ရေးလိုက်ပါရစေဦး။ မတ်လ ဆယ့်တစ်ရက် နေ့ နှစ်ထောင့်ဆယ့်နှခုနှစ်ပေါ့။ဒီနေ့ဟာ ကမ္ဘာတစ်ဝန်းလုံးနဲ့ ဂျပန်နိုင်ငံအတွက်  မမေ့နိုင်တဲ့ နေ့တစ်နေ့လည်းဖြစ် တာမို့ အားလုံးသတိထားမိကြမယ်လို့တော့ ထင်ပါရဲ့၊ မနှစ်က ဒီနေ့ ဒီရက် လေးဟာ ဂျပန်နိုင်ငံမှာ ဘေးဆိုးကြီးကြုံခဲ့တဲ့နေ့ကြီးပါလားလို့လည်း တွေးမိကောင်းတွေးမိ နေ ပါမယ်။ ဒါပေမဲ့ ကျွန်မတို့အတွက်တော့ အမှတ်တရရှိနေမယ့် နေ့လေးတစ်နေ့ပဲ ဖြစ်ပါတော့တယ်။

ချက်ပြုတ်ရေး တာဝန်ယူရတဲ့ ကျွန်မတို့ မိန်းကလေးအဖွဲ့တွေက(ကျွန်မတို့ ဆိုပေမဲ့ ကျွန်မက ဆားဖြူး ရုံသက်သက်လောက်ပါ) ဘာတွေချက်ကြမလဲ၊ ဘယ်လောက်ချက်ကြမလဲနဲ့ တော်တော် လေးခေါင်း ချင်းရိုက်ခဲ့ကြပါတယ်။ စိတ်ရောလူရော ပင်ပန်းခဲ့ရတဲ့ ညီမလေးတွေကိုလည်း ပိုပြီးတော့ သံယောဇဉ်တိုး ချစ်ခင်မိပါတယ်။ မအားတဲ့ကြားက တမင်အားအောင်လုပ်ယူပြီးလာရတဲ့ မောင်နှမ         တွေ အားလုံးကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။

အသားဟင်းတွေ၊ ခရမ်းချဉ်သီးချက်စပ်စပ်လေးနဲ့ သီးစုံကုလားဟင်းက ကောင်းသလို၊  ငါးပိနဲ့ တို့စရာမြိုင်မြိုင်လေးကလည်း ခံတွင်းတွေ့စေပါတယ်။ ကိုယ်စီကိုယ်စီယူလာကြတဲ့ သစ်သီးတွေ၊ သရေစာတွေဆိုတာကလည်း တစ်ပုံတစ်ပင်ပါပဲ။ ဆင်ပါးစပ်နှမ်းပက် သလို လက်ဖက်သုပ်လေး ကလည်း ပါရတာပေါ့။

တစ်ခုပဲပြောစရာရှိတာက အားလုံးက ဧည့်သည်တွေပဲဖြစ်နေတာမို့ ကိုယ့်အိမ်ကိုယ့်ရာလိုတော့ ဘာမှပြည့်စုံမှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ အားလုံးရဲ့ စိတ်ကိုယ်စီမှာ ခင်မင်မှု၊ နားလည်မှုတွေနဲ့ ပြည့်ဝ နေတာကိုက သိပ်ကြည်နူးဖို့ကောင်းတဲ့အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ နောက်ထပ် ကြည်နူးနိုင်ကြ စေဖို့ ကျွန်မအတွေးလေးနဲ့ လုပ်ထားတာလေးကတော့ လူတိုင်းရဲ့ ရင်ထဲက ခုန်ပျံထွက်လာတဲ့ အမှတ်တရ စကားသံလေးတွေပါ။

အဘ ပြောလာတဲ့ စကားလေးက "  ပျော်ပါတယ် "

" အားလုံးကိုခင်ပါတယ်လို့ " ဆိုလာတဲ့ ကိုလှိုင်ပါ…

" အခုလိုဆုံဖို့ဆိုတာ ကြုံရခဲပေမဲ့ ရှေးရေစက်ကြောင့် ဆုံတွေ့မှုလေးကို ၀မ်းသာမိပါတယ်လို့ " ပြော လာသူကတော့ ကိုရဲ ပါပဲ…

ကိုဇော်ကြီးကတော့ " မြန်မာအဖွဲ့တွေ မကြာခဏဆုံကြမယ်" တဲ့လေ…

"မြန်မာအဖွဲ့ အခုလို ညီညီညွတ်ညွတ်နဲ့ တွေ့ရတာပျော်တယ်၊ နောက်လည်း တွေ့ချင်တယ်လို့" ဆိုလာတဲ့ ဦးညွန့်ပါ…

ကျွန်မတို့ရဲ့ organizer ကြီး ကိုညီက ဒီလိုပြောပါတယ်…" အခုလိုစည်းစည်းလုံးလုံး တွေ့ရလို့ အရမ်းဝမ်းသာပါတယ်၊ အခက်အခဲတွေကို စုပေါင်းဖြေရှင်းရင်း ရည်မှန်းချက်ပန်းတိုင်ကို သွားချင်တယ်ဗျာ၊ အားလုံးကိုကျေးဇူးတင်ပါတယ်"

နောင်တတွေကို မုန်းနေတယ်လို့ထင်ရတဲ့ ကိုဝင်းထွန်းကတော့ " ဘ၀မှာ နောင်တမရအောင် နေကြပါ။ " တဲ့လေ…

" အားလုံးကိုတွေ့ရတာ ၀မ်းသာနေတဲ့" ကိုနိုင်လင်းရဲ့ စကားသံလေးပါ…

ကိုကျော်ဇင်ကတော့ အပျော်မျက်နှာကြီးနဲ့ " အပတ်တိုင်းဆုံချင်ပါတယ်တဲ့လေ" …

တရုတ်အရည်အချင်းစစ်စာမေးပွဲမှာ အမှတ်အများဆုံးနဲ့ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့ မြတ်ကျော်ဦးက

လည်း " ပျော်ပါတယ်တဲ့"..

လူဆိုးလေး ဟိန်းထက်ကတော့ " နောင်လည်း စုစုစည်းစည်းနေနိုင်ပါစေ" လို့ပြောလာပါတယ်…

ဆရာဝန်တစ်ယောက်ဖြစ်ပေမဲ့လည်း တရုတ်စာကို သင်ချင်လှတဲ့  ၀င်းဇော်လှိုင်က  " ပြန်ဆုံနိုင်ဖို့မျှော်လင့်နေမယ်တဲ့" …

စွန့်စားမှုများစွာနဲ့ Phd ဘွဲ့လာယူတဲ့ ချစ်ညီမချောလေး မဖြူက " မြန်မာအများစုနဲ့ ဆုံတွေ့ခွင့်ရတာ ၀မ်းသာပါတယ်၊ organizer တွေကိုလည်း ကျေးဇူးတင်ပါတယ်တဲ့ရှင် " …

ငုဝါဆိုတဲ့ ညီမလေးကတော့ " အားရပါးရ စားတာတွေကြည့်ပြီး ပျော်တယ်၊ ကြည်နူးတယ်၊ ကျေနပ်တယ်" လို့ဆိုလာပြန်တယ်လေ…

ဒိုင်းခံချက်ပြုတ်ရရှာတဲ့ ညီမလေးငယ်လေး မပုံ့က " ရင်ထဲမှာပြောချင်တာတွေ အများကြီးပဲ၊ တကယ်ကိုပျော်တယ် " တဲ့လေ…

အိမ်ရှင်ကြီးလို ဧည့်ခံရရှာလေတဲ့ ကိုအောင်ရဲ့ စကားသံလေးက " ပင်ပန်းရကျိုးနပ်ပါတယ်ဗျာ" လို့ ပြောလာတယ်ရှင်…

လက်ဖက်သုပ်ကို သိပ်ကြိုက်တဲ့ ကိုခိုင်ကတော့ " အခုလို ရပ်ဝေးမှာရောက်နေတဲ့ အချိန်လေး အတွင်းမှာ အလုပ်လာလုပ်သူတွေရော၊ပညာလာသင်ကြတဲ့ မြန်မာကျောင်းသူ၊ကျောင်းသားတွေ နဲ့တစ်စုတစ်ဝေးတွေ့ဆုံခွင့်ရတာကို အရမ်းပျော်ရွှင်ကြည်နူးမိတယ်" လို့ ပြောလာပါတယ်…

မြန်မာမလေးတစ်ယောက်လို ချစ်ဖို့ကောင်းတဲ့ CRI က နွယ်နွယ်ရဲ့ ရင်ထဲကလာတဲ့ စကားလုံးလေး တွေကတော့ " ခင်ဖို့ကောင်းတဲ့ မြန်မာတွေနဲ့တွေ့ရတာ ပျော်စရာကြီးပဲနော်တဲ့"

ကျွန်မ မေအားမာန်ကလည်း " အားလုံး.. အားလုံး..ရဲ့ ရင်ထဲမှာ ဒီနေ့လေးကိုတော့ တိုက်ဆိုင်မှုလေး တွေရှိခဲ့ရင် ပြန်လည် သတိတရ ရှိနေကြပါလို့ " …

 

 

   Webradio