• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်က ကင်ဂျုံအန်နှင့် တွေ့ဆုံ

(GMT+08:00) 2018-03-28 13:22:06

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ဖိတ်ကြားချက်အရ မြောက်ကိုးရီးယား လုပ်သားပါတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ရေးရာ ကော်မတီ ဥက္ကဋ္ဌ ကင်ဂျုံအန်သည် မတ်လ ၂၅ရက်နေ့မှ ၂၈ရက်နေ့ အထိ တရုတ်ပြည်တွင် အလွတ်သဘောခရီးလှည့်လည်ခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

၎င်း၏ခရီးစဉ်အတွင်း ရှီကျင့်ဖိန်သည် ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ကင်ဂျုံအန်နှင့် တွေ့ဆုံခဲ့ပါသည်။ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ် တို့သည် ကော်မတီဥက္ကဋ္ဌ ကင်ဂျုံအန်နှင့် ဇနီး ရီစိုဂျူ တို့အား ကြိုဆိုဧည့်ခံပွဲကျင်းပပြီး ပဒေသာကပွဲကို အတူကြည့်ရှုခဲ့ကြပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးရုံး အတွင်းရေးမှူး ဝမ်ဟုနင်၊ နိုင်ငံတော်ဒုဥက္ကဋ္ဌ ဝမ်ချီစန်းတို့သည် သက်ဆိုင်ရာလှုပ်ရှားမှုများသို့ အသီးသီး တက်ရောက်ခဲ့ကြပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာ၌၊ ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ကိုယ်စား၊ ကင်ဂျုံအန်၏ ပထမဆုံးအကြိမ် တရုတ်ပြည်ခရီးစဉ်အပေါ် လှိုက်လှဲစွာ ကြိုဆိုကြောင်းဖော်ပြသည်။ ရှီကျင့်ဖိန်က ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ညီလာခံ ကျင်းပပြီးနောက် မိမိ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ ပါတီ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် နောက်ထပ် အရွေးခံတာဝန်ထမ်းဆောင်ခြင်းအပေါ် အဆွေတော် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း၊ မကြာမီကလည်း မိမိသည် နိုင်ငံတော် ဥက္ကဋ္ဌ၊ နိုင်ငံတော် ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် နောက်ထပ်တစ်ကြိမ် အရွေးခံတာဝန်ထမ်းဆောင်ခြင်းအပေါ် အဆွေတော် ချက်ချင်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြောင်း၊ ယင်းအပေါ် မိမိ ကျေးဇူးတင်ပါကြောင်း၊ ယခု အကြိမ် တရုတ်ပြည်သို့ ခရီးလှည့်လည်လာခြင်းသည် အချိန်အခါထူးခြားပြီး အရေးကြီး၍ ရဲဘော်ကော်မတီဥက္ကဋ္ဌ နှင့် မြောက်ကိုးရီးယား လုပ်သားပါတီ ဗဟိုကော်မတီတို့၏ တရုတ်နှင့်မြောက်ကိုးရီးယား နှစ်ပါတီ နှင့် နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် အလွန် အလေးထားသည်ကို ပြသပါကြောင်း၊ ယင်းအပေါ် မိမိတို့သည် တန်ဖိုးထားချီးကျူးပါကြောင်း ဖော်ပြခဲ့ပါသည်။

ကင်ဂျုံအန်က၊ ယခုရက်များအတွင်း တရုတ်ပြည်တွင်    ဝမ်းမြောက်ဂုဏ်ယူဖွယ် ရာများ ရှေ့ဆင့်နောက်ဆက်ဖြစ်ပွားခဲ့ကြောင်း၊ မနှစ်က ၁၉ ကြိမ်မြောက် တရုတ်   ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို အောင်မြင်စွာကျင်းပခဲ့ပြီး၊ မကြာမီရက်များကလည်း တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အစည်းအဝေးနှင့် ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်အစည်းအဝေးများကို အောင်မြင်စွာ ကျင်းပခဲ့ ကြောင်း၊ ရဲဘော် ရှီကျင့်ဖိန်သည်၊ ပါတီနှင့် ပြည်သူတစ်ရပ်လုံး၏ ထောက်ခံကြည်ညိုမှုခံခဲ့ရပြီး၊ နိုင်ငံ တော်ခေါင်းဆောင်များ၏ အမြုတေဖြစ်လာခဲ့ပါကြောင်း၊ မကြာမီရက်များက နိုင်ငံတော် ဥက္ကဋ္ဌနှင့် ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ထပ်မံအရွေးခံခဲ့ရကြောင်း၊ မြောက်ကိုးရီးယား -တရုတ်ချစ်ကြည်ရေးအစဉ်အလာအရ၊ မိမိကိုယ်တိုင် တရုတ်ပြည်သို့ လာရောက်ပြီး၊ အဆွေတော်အား ထောမနာပြု ဖော်ပြအပ်ပါကြောင်း၊ လက်ရှိအချိန်တွင် ကိုးရီးယား ကျွန်းဆွယ်အခြေအနေအပြောင်းလဲကြီးပြောင်းလဲလျက်ရှိကြောင်း၊ စိတ်ရင်း စေတနာအရလည်းကောင်း၊ ကျင့်ဝတ်တရားအရလည်းကောင်း၊ မိမိသည် ရဲဘော် အထွေထွေအတွင်းရေးမှူးအား သက်ဆိုင်ရာ အကြောင်းအရာများကို ကိုယ်တိုင် ရှင်းလင်းပြောကြား အပ်ပါကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်-မြောက်ကိုးရီးယားချစ်ကြည်ရေးအစဉ်အလာသည်၊ ၂ ပါတီ နှင့် ၂ နိုင်ငံ ခေါင်းဆောင်ဟောင်းများ ကိုယ်တိုင်တည်ထောင်ပြုစုခဲ့ခြင်းဖြစ်ပြီး၊ နှစ်ဖက်တို့၏ အဖိုးတန်သော ဓနဥစ္စာပင်ဖြစ်ကြောင်း၊ ယခင်နှစ်များတုန်းက မိမိတို့၏ ခေါင်းဆောင် ဟောင်းများသည်၊ တူညီသော မျှော်မှန်းချက်နှင့် နက်ရှိုင်းသော တော်လှန်ရေး ချစ်ကြည်ရေးဆန္ဒဖြင့်၊ အပြန်အလှန်ယုံကြည်အားကိုးပြီး၊ အပြန်အလှန်ထောက်ခံ ကာ၊ နိုင်ငံတကာဆက်ဆံမှုသမိုင်းတွင် စံနမူနာကောင်းတစ်ရပ်ထူပြခဲ့ကြောင်း၊ တရုတ်၊ မြောက် ကိုးရီးယား ခေါင်းဆောင်အဆက်ဆက်တို့သည်၊ ချစ်ခင်ရင်းနှီးစွာ ကူးလူးဆက်ဆံ ပြီး၊ ဆွေမျိုးလိုပင် ကူးလူးဆက်ဆံခဲ့ကြကြောင်း၊ ကြာမြင့်သော လက်တွေ့ဆောင်ရွက်မှု၊ တရုတ်၊ မြောက်ကိုးရီးယား ၂ ပါတီ နှင့် ၂ နိုင်ငံတို့သည်၊ အပြန်အလှန်အားပေး ထောက်ခံပြီး၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ကာ၊ ဆိုရှယ်လစ် အရေးတော်ပုံဖွံ့ဖြိုးရေး အတွက် အရေးကြီးသော စွမ်းဆောင်မှု ပြုခဲ့ကြကြောင်း၊ မိမိနှင့် ရဲဘော်ကော်မတီဥက္ကဋ္ဌတို့ အားလုံး တရုတ်-မြောက်ကိုးရီးယားဆက်ဆံမှုတိုးတက်မှု၏ ကိုယ်တိုင်ကိုယ်ကျပါဝင်သူနှင့် မျက်မြင်သူပင်ဖြစ်ကြောင်း၊ မိမိတို့ နှစ်ဖက်စလုံးသည်၊ တရုတ်-မြောက်ကိုးရီးယား ချစ်ကြည်ရေးအစဉ်အလာကို အဆက်မပြတ်ဆက်ခံပြီး၊ ပိုမိုကောင်းမွန်အောင် တိုးတက် ရမည်ဟု အကြိမ်ပေါင်းများစွာ ဖော်ပြခဲ့ကြကြောင်း၊ ယင်းမှာ သမိုင်းနှင့်အဖြစ်မှန်များကို အခြေခံပြီး၊ နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေနှင့် တရုတ်-မြောက်ကိုးရီးယား ဆက်ဆံမှုအခြေအနေတစ်ခုလုံးအပေါ် ရပ်တည်၍ ပြုလုပ်သည့် မဟာဗျူဟာရွေးချယ်မှုဖြစ် ကြောင်း၊ တစ်ခုတည်းသော မှန်ကန်သည့် ရွေးချယ်မှုလည်းဖြစ်ကြောင်း၊ ကာလတစ်ခုခု၊ သို့မဟုတ်၊ ကိစ္စတစ်ခုခုကြောင့် ပြောင်းလဲသွားမည်မဟုတ် ကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က၊ တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရတို့သည်၊ တရုတ်-မြောက်ကိုးရီးယား ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုဆက်ဆံမှုကို အလွန်အရေးထားပြီး၊ ယင်းဆက်ဆံမှု ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်ရေး၊ တည်တံ့ခိုင်မြဲစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည်၊ တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရတို့၏ ဦးလည်မသုန် လမ်းညွှန်ချက်ဖြစ်ကြောင်း၊ မိမိတို့သည်၊ မြောက်ကိုးရီးယားရဲဘော်များနှင့်အတူ၊ ကနဦးစိတ်မမေ့ဘဲ၊ လက်တွဲ ချီတက်ကာ၊ တရုတ်-မြောက်ကိုးရီးယားဆက်ဆံမှု ရေရှည်ပုံမှန်တိုးတက်ရေးကို တွန်းအားပေးလိုကြောင်း၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအား အကျိုးပြုပြီး၊ ဒေသတွင်း အေးချမ်းတည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းဆောင်မှုသစ်ပြုရမည်ဖြစ် ကြောင်း၊ ပထမအနေနှင့်၊ ထိပ်သီးခေါင်းဆောင်များအကြား ကူးလူးဆက်ဆံမှု၏ ဦးဆောင်မှု အခန်းကဏ္ဍကို ဆက်လက်ဖော်ဆောင်မည်ဖြစ်ကြောင်း၊ အဆင့်မြင့်ခေါင်းဆောင် များအကြားကူးလူးဆက်ဆံမှုသည်၊ တရုတ်-မြောက်ကိုးရီးယားဆက်ဆံမှု တိုးတက်ရေးတွင် တလျှောက်လုံးဆိုသလို အရေးကြီးဆုံး ဦးဆောင်တွန်းအားပေးအခန်းကဏ္ဍမှ ပါဝင်နေ ခဲ့ကြောင်း၊ လက်ရှိအခြေအနေသစ်တွင်၊ မိမိသည်၊  ရဲဘော်ကော်မတီဥက္ကဋ္ဌနှင့် အပြန်အလှန် ခရီးလှည့်လည်ခြင်း၊ အထူးသံတမန်များကို အပြန်အလှန်စေလွှတ်ခြင်းနှင့် စာမျေားအပြန်အလှန်ရေးသားပေးပို့ခြင်းဖြင့် ဆက်သွယ်မှုကို အမြဲထားရှိလိုကြောင်း၊ ဒုတိယအနေနှင့်၊ မဟာဗျူဟာမြောက် ကူးလူးဆက်ဆံမှုအစဉ်အလာကို ကောင်းမွန်စွာ အသုံးပြုရမည်ဖြစ်ကြောင်း၊  အရေးကြီးကိစ္စရပ်များနှင့် စပ်လျဉ်း၍ မကြာခဏ အမြင်ချင်း ဖလှယ်ခြင်းသည်၊ တရုတ်၊ မြောက်ကိုးရီးယားနှစ်နိုင်ငံပါတီတို့၏ ဂုဏ်ရောင်ထွန်းပြောင် သော ရိုးရာအစဉ်အလာဖြစ်ကြောင်း၊ ပါတီချင်းပေါင်းသင်းဆက်ဆံမှု၏ အရေးကြီးအခန်း ကဏ္ဍကို ဖော်ဆောင်ပြီး၊ နှစ်နိုင်ငံ နယ်ပယ်အသီးသီး၌ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို အားသစ်လောင်းပေး ၍၊ ကူးလူးဆက်ဆံမှုနှင့် အပြန်အလှန်ယုံကြည်မှု ကို အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တတိယအနေနှင့်၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေးကို တက်ကြွစွာ အားသစ်လောင်းပေး ရမည်ဖြစ်ကြောင်း၊ တရုတ်ထူးခြားချက် ဝိသေသပါရှိသည့် ဆိုရှယ်လစ်သည် ခေတ်သစ်သို့ ဝင်ရောက်နေပြီဖြစ်သကဲ့သို့၊  မြောက်ကိုးရီးယားဆိုရှယ်လစ် တည်ဆောက်ရေးသည်လည်း သမိုင်းခေတ်ကာလသစသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊မိမိတို့အနေနှင့်၊ မြောက်ကိုးရီးယားနှင့်အတူကြိုးပမ်းပြီး၊ ခေတ် ရေစီးကြောင်းနှင့်အညီ၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အတူမျှဝေခံစားရေး အလံတော်ကို ကိုင်ဆောင်ပြီး၊ နှစ်နိုင်ငံပြည်သူများအတွက် ချမ်းသာသုခများကို အဆက်မပြတ်တိုးမြှင့်ပေးကာ၊ ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် တက်ကြွစွာ စွမ်းဆောင်မှုပြုလိုကြောင်း၊ စတုတ္ထအနေနှင့်၊ တရုတ်-မြောက်ကိုးရီးယား ချစ်ကြည်ရေး၏ ပြည်သူ့ဆန္ဒအခြေခံ ပိုမိုကြံ့ခိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နှစ်ဖက်တို့အနေနှင့်၊ အသွင်ပုံစံ အမျိုးမျိုးဖြင့် နှစ်နိုင်ငံပြည်သူများအကြားပေါင်းသင်းဆက်ဆံမှုကို အားဖြည့်ဆောင်ရွက်ပြီး၊ နှစ်နိုင်ငံချစ်ကြည်ရေး၏ ပြည်သူ့ဆန္ဒအခြေခံ ကြံ့ခိုင်အောင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် နှစ်နိုင်ငံလူငယ်များအကြားကူးလူးဖလှယ်မှုကို အားဖြည့် ဆောင်ရွက်ပြီး၊ တရုတ်-မြောက်ကိုးရီးယား ချစ်ကြည်ရေး အစဉ်အလာကို ဆက်ခံထွန်းကားစေရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ကင်ဂျုံအန်က အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်သည် မြောက်ကိုးရီးယား-တရုတ် ချစ်ကြည်ရေးနှင့် မြောက်ကိုးရီးယား-တရုတ် နှစ်ပါတီ၊ နှစ်နိုင်ငံဆက်ဆံရေးအပေါ် အရေးကြီးသော ထင်မြင်ချက်ထုတ်ပြန်သည့်အတွက် မိမိအနေနှင့် အားတက်မိကြောင်း၊ နှစ်နိုင်ငံ ဝါရင့်ခေါင်းဆောင်ကြီးများ ကိုယ်တိုင်ထူထောင်ပြီး အတူတူပြုစုမွေးထုတ်သော မြောက်ကိုးရီးယား-တရုတ်ချစ်ကြည်ရေးသည် လှုပ်၍ မရကြောင်း၊ အခြေအနေသစ်တွင် မြောက်ကိုးရီးယား-တရုတ်ချစ်ကြည်ရေး ဆက်ခံတိုးတက်ခြင်းသည် မြောက် ကိုးရီးယား၏ မဟာဗျူဟာရွေးချယ်မှုဖြစ်ပြီး မည်သည့်အချိန်၌မဆို ပြောင်းလဲမည်မဟုတ် ကြောင်း၊ မိမိ၏ ယခုအကြိမ်ခရီးစဉ်အတွင်း တရုတ်ရဲဘော်များနှင့် တွေ့ဆုံပြီး မဟာဗျူဟာကူးလူးဆက်ဆံမှု အားသစ်လောင်းပေးကာ ရှိရင်းစွဲချစ်ကြည်ရေးကို နက်ရှိုင်းစေရန် မျှော်လင့်ကြောင်း၊ နောင်တွင် အထွေထွေအတွင်းရေးမှူးနှင့် ခဏခဏတွေ့ဆုံနိုင်ရန်၊ အထူးသံတမန် အပြန်အလှန်စေလွှတ်ခြင်း၊ စာရေးခြင်း စသည့်နည်းလမ်းဖြင့် ရင်းနှီးသော ဆက်သွယ်မှုကို ထိန်းနိုင်ရန် ထိပ်သီးတွေ့ဆုံပွဲ၏ နှစ်ပါတီ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် ဦးဆောင်မှုကို  အဆင့်သစ်သို့  တိုးမြှင့်နိုင်ရန် မျှော်လင့်ကြောင်းပြောကြားသည်။

နှစ်ဖက်တို့သည် ကိုယ့်နိုင်ငံ၏ ပြည်တွင်းအခြေအနေကို အပြန်အလှန်ရှင်းပြခဲ့သည်။ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက်ညီလာခံတွင် ဆိုရှယ်လစ်ခေတ်မီနိုင်ငံ ဘက်စုံတည်ထောင်ရေးလမ်းစဉ်ကို ရေးဆွဲချမှတ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် အတော်အသင့် သက်သာချောင်လည်သော လူ့ဘောင်အဖွဲ့အစည်း နေထိုင်မှုဘဝ ဘက်စုံတည်ထောင်မည် ဖြစ်ပြီး ၂၀၃၅ ခုနှစ်တွင် ဆိုရှယ်လစ်ခေတ်မီရေးကို အခြေခံအားဖြင့် အကောင်အထည်ဖေါ် မည်ဖြစ်ကာ ယခုရာစုနှစ်အလယ်ပိုင်းတွင် တရုတ်နိုင်ငံကို ချမ်းသာပြီး ဒီမိုကရေစီကျသော ယဉ်ကျေးပြီး ၊ သင့်မြတ် သာယာသော ဆိုရှယ်လစ်ခေတ်မီနိုင်ငံဖြစ်အောင် တည်ထောင်မည်ဖြစ်ကြောင်း၊ ကျွန်တော်တို့ပါတီသည် တစ်ပြည်လုံး တိုင်းရင်းသား ပေါင်းစုံတို့ကို ဦးဆောင်ပြီး တရုတ်အိပ်မက်ကို အကောင်အထည်ဖေါ်ရန် ကြိုးပမ်းအားထုတ်မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်များအတွင်း ရဲဘော်ကော်မတီဥက္ကဋ္ဌသည် မြောက်ကိုးရီးယားပါတီနှင့် ပြည်သူများကို ဦးဆောင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူနေထိုင်မှုဘဝ ပိုမိုကောင်းမွန်စေရေးဘက်တွင် အပြုသဘောဆောင်သော ဆောင်ရွက်ချက်အမျိုးမျိုး ကျင့်သုံးခဲ့ပြီး အောင်မြင်မှု များစွာ ရရှိခဲ့သည်ဟု မိမိတို့ တွေ့မြင်ပါကြောင်း၊ မြောက်ကိုးရီးယားနိုင်ငံ နိုင်ငံရေးတည်ငြိမ်ရန် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ပြည်သူများချမ်းသာရန် မိမိတို့ မျှော်လင့်ကြောင်း၊ ရဲဘော်ကော်မတီဥက္ကဋ္ဌဦးဆောင်သော မြောက်ကိုးရီးယားလုပ်သားပါတီသည် မြောက်ကိုးရီးယား ပြည်သူကို ဦးဆောင်ပြီး ဆိုရှယ်လစ်လမ်းကြောင်းအတိုင်း အဆက်မပြတ် ချီတက်ရန်ကို ထောက်ခံကြောင်း၊ မြောက်ကိုးရီးယားရဲဘော်များ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်သူနေထိုင်ဘဝ ပိုမိုကောင်းမွန်စေရန် ကြိုးပမ်းအားထုတ်မှုကို ထောက်ခံကြောင်း ပြောကြားသည်။

ကင်ဂျုံအန်က ၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စား လှယ်များညီလာခံကို ကျင်းပခဲ့သည့် နောက်ပိုင်းတွင် ဥက္ကဌ ရှီကျင့်ဖိန်ကို အမြုတေ အဖြစ် ထားသော တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ကြီးမားသော နိုင်ငံရေး သတ္တိနှင့် မြင့်မားသော တာဝန်ကျေပွန်သော သဘောထားဖြင့် အတွေးအခေါ်သစ်နှင့် အမြင်သစ်ကို တင်ပြပြီး လက်တွေ့ဖော်ဆောင်ကာ နှစ်ရှည်လများအတွင်း မဖြေရှင်းရသော အခက်အခဲများ နှင့်ပြဿနာကြီးများကို ဖြေရှင်းပေးခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ၏ လမ်းစဉ်က တရုတ် ဝိသေသ ထူးခြားချက်နှင့် ကိုက်ညီသည့် မှန်ကန်သော လမ်းစဉ် ဖြစ်သည်ကို အပြည့်အဝ သက်သေပြနေကြောင်း၊ အထူးသဖြင့် အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန် တင်ပြသော ပါတီကို ပါတီက စီမံအုပ်ချုပ်ရေး၊ ပါတီကို တင်းကျပ်စွာ စီမံအုပ်ချုပ်ရေးတို့သည် လုပ်ငန်း အရပ်ရပ် အပေါ် ပါတီမှ ဘက်စုံ ဦးဆောင်မှုကို အကောင် အထည်ဖော်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့ ပါတီ အနေနှင့် အာဏာပါဝါပြခြင်း၊ ဗျုရိုကရက်ပြုခြင်းနှင့် အဂတိ လိုက်စားမှုစသည်များကို တိုက်ဖျက်နေကြောင်း၊ တရုတ်ပြည် သည် အတော်အသင့် ချမ်းသာသည့် လူ့ဘောင်အဖွဲ့အစည်း နေထိုင်မှုဘဝ ဘက်စုံ တည်ထောင်ရေးနှင့် ခေတ်မီတောင့်တင်းသော ဆိုရှယ်လစ် နိုင်ငံ တည်ထောင်ရေး ဖြစ်စဉ်တွင် ကြီးမြတ်သော အောင်မြင်မှု အဆက်မပြတ် ရရှိနိုင်ပါရန် ဆုတောင်းလိုက် ပါကြောင်း ပြောကြားသည်။

နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည် နိုင်ငံတကာနှင့် ကိုးရီးယား ကျွန်းဆွယ် အခြေအနေနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

ရှီကျင့်ဖိန်က ယခုနှစ်တွင် ကိုးရီးယား ကျွန်းဆွယ် အခြေအနေသည် အပြုသဘော ဆောင်သော ပြောင်းလဲမှု ဖြစ်ပွားကြောင်း၊ မြောက်ကိုးရီးယားသည် ယင်းအတွက် အရေးကြီးသော ကြိုးပမ်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ မိမိတို့သည် ယင်းကြိုးပမ်း ဆောင်ရွက်မှုများ အပေါ် ချီးကျူးလိုပါကြောင်း၊ မိမိတို့သည် ကိုးရီးယား ကျွန်းဆွယ်တွင် နျူကလီးယား ကင်းမဲ့စေရေး ရည်မှန်းချက် အကောင်အထည်ဖော်ရေး၊ ကိုးရီးယား ကျွန်းဆွယ် အေးချမ်းတည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေးနှင့် တိုင်ပင်ဆွေးနွေးခြင်းဖြင့် ပြဿနာ ဖြေရှင်းရေးကို စွဲကိုင်ကြောင်း၊ မိမိတို့သည် တောင်မြောက်ကိုးရီးယား အကြား ဆက်ဆံမှု ပြန်လည် ကောင်းမွန်စေရေးကို အားပေးထောက်ခံပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွန်းအားပေးရေး အတွက် လက်တွေ့ထိရောက်သော ကြိုးပမ်းဆောင်ရွက်မှု လက်တွဲ ပြုလုပ်ရန် ပန်ကြားကြောင်း၊ တရုတ်ပြည် အနေနှင့် ကိုးရီးယား ကျွန်းဆွယ် ပြဿနာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ဆောင်ရွက်ပြီး မြောက်ကိုးရီးယား အပါအဝင် ဘက်အသီးသီးတို့နှင့် အတူ ကိုးရီးယား ကျွန်းဆွယ် အခြေအနေ တင်းမာမှု လျော့ပါးစေရန် လက်တွဲ တွန်းအားပေးလိုကြောင်း ပြောကြားသည်။

ကင်ဂျုံအန်က လက်ရှိအချိန်တွင် ကိုးရီးယား ကျွန်းဆွယ် အခြေအနေသည် စတင် ပြန်လည် ကောင်းမွန်စွာ လာနေကြောင်း၊ မိမိတို့သည် အခြေအနေ တင်းမာမှု လျော့ပါးစေရန် ဆောင်ရွက်ချက် ပြုလုပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြံပြုချက်ကို တင်ပြခဲ့ကြောင်း၊ ဥက္ကဋ္ဌ ကင်အီဆွန်နှင့် အထွေထွေ အတွင်းရေးမှူး ကင်ဂျုံအီ၏ ဆုံးမသွန်သင်မှုအရ ကိုးရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းမဲ့စေရေး အကောင်အထည်ဖော်ခြင်းသည် မိမိတို့ တလျှောက်လုံး စွဲကိုင်ထားသော သဘောထား ရပ်တည်ချက် ဖြစ်ကြောင်း၊ မိမိတို့သည် မြောက်တောင်ကိုးရီးယား ဆက်ဆံမှုကို ပြန်လည်သင့်မြတ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆက်ဆံမှု အဖြစ် ပြောင်းလဲအောင် ဆောင်ရွက်ပြီး မြောက်တောင်ကိုးရီးယား ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည်ဟု ဆုံးဖြတ်ကြောင်း၊ မြောက်ကိုးရီးယား-အမေရိကန် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပလိုကြောင်း၊ တောင်ကိုးရီးယားနှင့် အမေရိကန်သည် စိတ်ရင်းစေတနာဖြင့် မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှု အပေါ် တုံ့ပြန်ပြီး အေးချမ်းတည်ငြိမ်ရေး အခြေအနေကို ဖန်တီးပေးကာ ငြိမ်းချမ်းရေး အတွက် ပြိုင်တူ ဆောင်ရွက်ချက် ပြုလုပ် ပါက ကိုးရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းမဲ့စေရေးကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း၊ ၄င်းဖြစ်စဉ်တွင် မိမိတို့သည် တရုတ်ပြည်နှင့် မဟာဗျူဟာမြောက် ကူးလူးဆက်ဆံမှုကို အားဖြည့် ပြုလုပ်ပြီး တိုင်ပင်ဆွေးနွေးရေး အခြေအနေနှင့် ကိုးရီးယား ကျွန်းဆွယ် အေးချမ်းတည်ငြိမ်မှုကို လက်တွဲ ထိန်းသိမ်း ကာကွယ်လိုကြောင်း ပြောကြားသည်။

၎င်းတွေ့ဆုံဆွေးနွေးပွဲ မကျင်းပခင်က ရှီကျင့်ဖိန်သည် ပြည်သူ့ ခန်းမဆောင်ကြီးတွင် ကင်ဂျုံအန် အတွက် ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် ကင်ဂျုံအန်နှင့် ဇနီး ရီစိုဂျူတို့အား ကြိုဆို ဧည့်ခံပွဲကို ပြုလုပ်ခဲ့သည်။ ရှီကျင့်ဖိန်က မိန့်ခွန်း ပြောကြား ရာတွင်၊ ခုလို အရာခပ်သိမ်း ပြန်လည် ရှင်သန်လာနေသော နွေဦးရာသီတွင်၌ ရဲဘော် ကျင်ဂျုံအန်နှင့် မဒမ် ရီစိုဂျူတို့သည် တရုတ်ပြည်၌ အလွတ်သဘော ခရီးလှည့်လည်နေခြင်းသည် နှစ်ဖက် အကြား ကူးလူးဖလှယ်မှု နက်ရှိုင်းစေရန်၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းမှုကို တိုးမြှင့်ပေးရန်အတွက် အရေးကြီး အဓိပ္ပါယ် ပါရှိပါကြောင်း၊ ခေတ်သစ်တွင် နှစ်ပါတီနှင့် နှစ်နိုင်ငံ ဆက်ဆံမှု အဆင့်သစ်သို့ တက်လှမ်းရန် တွန်းအားပေးမည် ဖြစ်ကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အရေးကြီးစွာ အကျိုးပြု စွမ်းဆောင်ပေးမည် ဖြစ်ကြောင်း၊ ခုနက မိမိနှင့် ကော်မတီ ဥက္ကဋ္ဌ ကင်ဂျုံအန်တို့သည် ချစ်ခင်ရင်းနှီးစွာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကြောင်း၊ တရုတ်-မြောက်ကိုးရီးယား ချစ်ကြည်ရေး အစဉ်အလာကို ဆက်ခံခြင်းသည် နှစ်ဖက်၏ တူညီသော အကျိုးစီးပွါးနှင့် ကိုက်ညီပြီး နှစ်ဖက်တို့၏ တူညီသော မဟာဗျူဟာ အရ ရွေးချယ်ခြင်း ဖြစ်သည်ဟု မိမိတို့ နှစ်ဘက်စလုံး ယူဆပါကြောင်း၊ နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲ စေကာမူ မိမိတို့ နှစ်ဖက်တို့သည် ကမ္ဘာ့ ဖွံ့ဖြိုးရေး ရေစီးကြောင်းနှင့် တရုတ်-မြောက်ကိုးရီးယား ဆက်ဆံမှု အခြေအနေကို ထိထိမိမိ ကိုင်တွယ်မည် ဖြစ်ပြီး အဆင့်မြင့် ကူးလူးဆက်ဆံမှု နက်ရှိုင်းအောင် ဆောင်ရွက်ကာ မဟာဗျူဟာအရ ကူးလူးဆက်ဆံမှု နက်ရှိုင်းအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ပြီး နှစ်နိုင်ငံ ပြည်သူများနှင့် နိုင်ငံအသီးသီးမှ ပြည်သူများအား အကျိုးပြု စွမ်းဆောင်ပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ကင်ဂျုံအန်က မိန့်ခွန်း ပြောကြားရာတွင်၊ ကိုးရီးယား ကျွန်းဆွယ် အခြေအနေ မကြုံစဖူးသော ပြောင်းလဲမှု ဖြစ်ပွါးနေသည့် အခြေအနေမျိုးတွင် မိမိတို့သည် ကျွန်းဆွယ် ဒေသ ငြိမ်းချမ်းတည်ငြိမ်မှု တွန်းအားပေးရန်နှင့် မြောက်ကိုးရီးယား-တရုတ် ချစ်ကြည်ရေး ဆက်ခံ တိုးမြှင့်ရန် ဆန္ဒအရ တရုတ်ပြည်၌ အမြန်အဆန် ခရီးလှည့်လည်ခဲ့ကြောင်း၊ မိမိ၏ ပထမဆုံးအကြိမ် နိုင်ငံခြား ခရီးစဉ် အဖြစ်ဖြင့် တရုတ်ပြည်သို့ လာရောက် ခရီး လှည့်လည်ခြင်းသည် မိမိ၏ မြောက်ကိုးရီးယား-တရုတ် ချစ်ကြည်ရေး အစဉ်အလာကို ဆက်ခံရန်၊ နှစ်နိုင်ငံ ချစ်ကြည်ရေးကို မြတ်နိုးထားရန် စိတ်ဆန္ဒကို ပြသပါကြောင်း၊ မိမိနှင့် အထွေထွေ အတွင်းရေးမှူ ရှီကျင့်ဖိန်တို့သည် နှစ်ပါတီနှင့် နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေး၊ ကိုယ့်နိုင်ငံ၏ ပြည်တွင်း အခြေအနေ၊ ကိုးရီးယားကျွန်းဆွယ် ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းရေး စသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး အောင်မြင်စွာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြကြောင်း၊ ပျော်ရွှင်မှုနှင့် မျှော်လင့်ချက် ရှိသည့် ယခုလို နွေဦးစ အချိန်တွင် အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်နှင့် ပြုလုပ်သော ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲသည် မြောက်ကိုးရီးယား-တရုတ် ချစ်ကြည်ရေး အောင်ကျိုးရလဒ်ကို ပါဆောင်နိုင်မည့်အပြင် ကိုးရီးယား ကျွန်းဆွယ် ငြိမ်းချမ်းတည်ငြိမ်မှုကိုလည်း တွန်းအားပေးမည်ဟု မိမိ ယုံကြည် ပါကြောင်း ပြောကြားပါသည်။

ခရီးစဉ် အတောအတွင်း ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ် တို့သည် တျောက်ယူထိုင် နိုင်ငံတော် ဧည့်ဂေဟာ၌ ကင်ဂျုံအန်နှင့် ဇနီး ရီစိုဂျူတို့အတွက် နေ့လယ်စာ စားပွဲကိုလည်း တည်ခင်း ဧည့်ခံပါသည်။ ရှီကျင့်ဖိန်က၊ တျောက်ယူထိုင် နိုင်ငံတော် ဧည့်ဂေဟာသည် နှစ်နိုင်ငံ ချစ်ကြည်ရေး အစဉ်အလာ တိုးတက်မှုကို မျက်မြင်တွေ့ရှိပြီး နှစ်ပါတီနှင့် နှစ်နိုင်ငံ ခေါင်းဆောင်ဟောင်းများအကြား ခင်မင်ရင်းနှီးသော ဆက်ဆံမှုသည် မိမိတို့ အတွက် စံနမူနာကောင်းကို ပြသပေးကြောင်း၊ ကော်မတီဝင် ကင်ဂျုံအန်နှင့် မဒမ် ရီစိုဂျူတို့ တရုတ်ပြည်သို့ ခဏခဏ လာလည်ရန် မိမိတို့ ကြိုဆိုပါကြောင်း ပြောကြားပါသည်။

ကင်ဂျုံအန်က၊ မြောက်ကိုးရီးယား-တရုတ် ချစ်ကြည်ရေးကို တန်ဖိုးထား မြတ်နိုး သင့်ကြောင်း၊ မိမိသည် ရဲဘော် အထွေထွေ အတွင်းရေးမှူးနှင့်အတူ ခေါင်းဆောင်ဟောင်းများ၏ မြန်မြတ်သော ဆန္ဒနှင့်အညီ၊ အခက်အခဲ အမျိုးမျိုး ကြုံသော်လည်း ရှိရင်းစွဲ ချစ်ကြည်ရေး ဆက်ဆံမှုကို ဆက်ခံ တိုးမြှင့်ပြီး အခြေအနေသစ်တွင် အဆင့်သစ်သို့ တွန်းအားပေးလိုပါကြောင်း ပြောကြားပါသည်။

ကင်ဂျုံအင်သည် ရှေ့ဆောင် ဆောင်ရွက်ပြီး၊ "အခက်အခဲများ ကျော်လွှားခြင်း၊ တရုတ် ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ညီလာခံ ကျင်းပခဲ့သည့်နောက်ပိုင်း တရုတ် သိပ္ပံပညာ တံခွန်အသင်းကြီး၏ ဆန်းသစ်တီထွင်ရေး အောင်ကျိုးရလဒ် ပြပွဲ"ကိုလည်း ကြည့်ရှု ခဲ့သည်။ ၄င်းသည် သိပံ္ပနည်းပညာ ဖွံ့ဖြိုးရေးနှင့် ဆန်းသစ်ရေး နယ်ပယ်တွင် တရုတ်ပြည် ရရှိသော တိုးတက် အောင်မြင်မှုများ အပေါ် အားကျကြောင်း ဖေါ်ပြပြီး လည်ပတ် ကြည့်ရှု ပြီးနောက် အမှတ်တရ မော်ကွန်းတင် ရေးထိုးပေးပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟို အတွင်းရေးမှူးဌာန အတွင်းရေးမှူး၊ ဗဟိုကော်မတီရုံး ဥက္ကဋ္ဌ တင်ရွှေရှန်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင် ယန်ကျယ်ချီ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟိုကော်မတီ အတွင်းရေးမှူးဌာန အတွင်းရေးမှူး၊ ဗဟို နိုင်ငံရေးနှင့် တရားရေး ကော်မတီ အတွင်းရေးမှူး ကိုရွှင်ခွင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟိုအတွင်းရေးမှူးဌာန အတွင်းရေးမှူး၊ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဟွမ်ခွင်မင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ပီကင်းမြို့ကော်မတီ အတွင်းရေးမှူး ဆိုက်ချီ၊ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ စသည့် ခေါင်းဆောင်များသည် သက်ဆိုင်ရာ အခမ်းအနားများသို့ တက်ရောက် ခဲ့ကြပါသည်။

မြောက်ကိုးရီးယား လုပ်သားပါတီ ဗဟိုကော်မတီ ဒုဥက္ကဋ္ဌ၊ စည်းရုံးရေးနှင့် လမ်းညွှန်ရေး ဝန်ကြီးဌာန ဝန်ကြီး ချိုရုံဟေ၊ မြောက်ကိုးရီးယား လုပ်သားပါတီ ဗဟိုကော်မတီ ဒုဥက္ကဋ္ဌ၊ ပြန်ကြားရေးနှင့် လှုံ့ဆော်ရေး ဝန်ကြီးဌာန ဝန်ကြီး  ပတ်ကွမ်ဟို၊ မြောက်ကိုးရီးယား လုပ်သားပါတီ ဗဟိုကော်မတီ ဒုဥက္ကဋ္ဌ၊ နိုင်ငံတကာရေးရာ ဝန်ကြီးဌာန ဝန်ကြီး ရီစူယုံ၊ မြောက်ကိုးရီးယား လုပ်သားပါတီ ဗဟိုကော်မတီ ဒုဥက္ကဋ္ဌ၊ ညီညွတ်ရေး တပ်ပေါင်းစု ဝန်ကြီးဌာန ဝန်ကြီး ကင်ယုံချေ၊ မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး လီယုံဟို တို့လည်း ကင်ဂျုံအန်နှင့်အတူ လိုက်ပါလျက် သက်ဆိုင်ရာ အခမ်းအနားများသို့ တက်ရောက် ခဲ့ကြပါသည်။

   Webradio