• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံခြားမီဒီယာများဟာဝန်ကြီးချုပ်ဝင်ကျားပေါင်အစီရင်ခံတဲ့အစိုးရလုပ်ငန်းအစီရင်ခံစာအပေါ်အာရုံစိုက်ကြ

(GMT+08:00) 2012-03-06 13:18:15

၁၁-ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ် နှစ်ပတ်လည် အစည်းအဝေးကို မနေ့ ၅-ရက်နေ့က ပီးကင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ တရုတ်နိုင်ငံတော်ဝန်ကြီးချုပ်-ဝင်ကျားပေါင်အစီရင်ခံတဲ့ အစိုးရလုပ်ငန်းအစီရင်ခံစာအပေါ် နိုင်ငံခြားမီဒီယာများက အာရုံစိုက်ကြပါတယ်။

ပြင်သစ်နိုင်ငံ အေအဲ့ဖ်ပီ-သတင်းဌာနက ၅-ရက်နေ့က အဲဒီအစိုးရလုပ်ငန်း အစီရင်ခံစာနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ရာမှာ တရုတ်ပြည်ဟာ နိုင်ငံခြားသို့ ကုန်စည် တင်ပို့ရောင်းချမှုနဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် အမှီသဟဲပြုခြင်းလွန်ကဲမှု လျော့နည်းလာစေဖို့ ကြိုးပမ်းဆောင်ရွက်နေလို့ အဲဒီအစီရင်ခံစာမှာ ၂၀၁၂-ခုနှစ်မှာ ပြည်တွင်းထုတ်လုပ်မှု စုစုပေါင်းပမာဏတိုးနှုန်းမှာ ၇့၅-ရာခိုင်နှုန်းရှိမယ်လို့ ချမှတ်ကြောင်း၊ ဝန်ကြီးချုပ် ဝင်ကျားပေါင်-က ဒီနှစ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်နှုန်း ကျဆင်းစေတဲ့ အဓိက ရည်ရွယ်ချက်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်း ပြောင်းလဲစေတဲ့ အရှိန်နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရည်အသွေးနဲ့ အကျိုးကျေးဇူးကို တိုးမြှင့်ဖို့ ဖြစ်ကြောင်း  ရေးသားဖေါ်ပြပါတယ်။

ဂျပန် ကျိုဒို-သတင်းဌာနက ၅-ရက်နေ့ သတင်းထုတ်ပြန်ရာမှာ အဲဒီအစီရင်ခံစာပါ အဓိကအချက်တွေကို တစ်ခုစီထုတ်ပြန်ခဲ့ပါတယ်။ ကျိုဒို-သတင်းဌာနက ဒါဟာ တရုတ်အစိုးရအနေနဲ့ ၂၀၀၅-ခုနှစ်နောက်ပိုင်းမှာ ပြည်တွင်းထုတ်လုပ်မှု စုစုပေါင်းပမာဏ တိုးနှုန်းကို ကျဆင်းစေမယ်လို့ ပထမဆုံးအကြိမ်ကျေညာခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ စီးပွားရေးနဲ့ လူမှုရေး ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်ရေးဟာ တရုတ်ပြည်အဖို့ အလွန်အရေးကြီးကြောင်း၊ တရုတ်ပြည် သက်သာချောင်ချိရေးစနစ် ပိုမိုကောင်းမွန်ပြည့်စုံ စေရေးဟာ ပြည်တွင်းဝယ်လိုအားတိုးချဲ့ဖို့ ရည်မှန်းချက် အကောင်အထည်ဖေါ်ရေးအတွက် အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း ရေးသားဖေါ်ပြပါတယ်။

ဂျာမဏီနိုင်ငံ ဒီပီအေ-သတင်းဌာနက ဝန်ကြီးချုပ် ဝင်ကျားပေါင်-က အဲဒီအစီရင်ခံစာမှာ ၂၀၁၁-ခုနှစ် အစိုးရလုပ်ငန်းကို အရင်ပြန်လည်သုံးသပ်ပြီး တရုတ်ပြည်ရဲ့ အဓိက စီးပွားရေး မူဝါဒတွေနဲ့ပတ်သက်ပြီး အကျဉ်းချုပ် ရှင်းလင်းဖေါ်ပြကြောင်း၊ ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေး၊ ကျေးလက်ဒေသများအား ဖွံ့ဖြိုးတိုးတက်မှုအောင်သီးအောင်နှံတွေကို ပိုမိုမျှဝေစေရေးနဲ့ လူမှုရေးတည်ငြိမ်မှု တွန်းအားပေးရေးတို့ဟာ ဒီနှစ် အစည်းအဝေးရဲ့ အရေးပါတဲ့ ဆွေးနွေးချက်တွေဖြစ်တယ်လို့ ယူဆကြောင်း ၅-ရက်နေ့က ရေးသား ဖေါ်ပြပါတယ်။

ဗြိတိန်နိုင်ငံ ရိုက်တာ-သတင်းဌာနက ဝန်ကြီးချုပ် ဝင်ကျားပေါင်-ဟာ အဲဒီအစီရင်ခံစာမှာ ပြည်တွင်းဝယ်လိုအား တိုးချဲ့ရေးကို ဒီနှစ် အစိုးရရဲ့ အဓိက လုပ်ငန်းတာဝန်အဖြစ် သတ်မှတ်ထားတယ်လို့ အလေးအနက် ရေးသား ဖေါ်ပြပါတယ်။

၅-ရက်နေ့က စင်ကာပူ-နိုင်ငံ လျန်ဟိုဇော်ဘော်-သတင်းစာရဲ့ ဝက်ဘ်ဆိုက်မှ ဆောင်းပါးတစ်ပုဒ်မှာ အဲဒီအစိုးရလုပ်ငန်း အစီရင်ခံစာပါ အဓိကအချက်တွေမှာ ဒီနှစ် တရုတ်ပြည်ရဲ့ စီးပွားရေးတိုးနှုန်းမှာ ၇့ ၅-ရာခိုင်နှုန်းရှိမှာဖြစ်ခြင်း၊ ရေလက်ကြား နှစ်ဖက်ကမ်း ဆက်ဆံမှု ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေသစ်ကို တိုးချဲ့ဖန်တီးပေးခြင်း၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၊ မကာအို-အထူးအုပ်ချုပ်ရေးဒေသရဲ့ စီးပွားရေးနဲ့ ငွေကြေးတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရေး၊ တရုတ်ပြည်အနေနဲ့ ဘက်ပေါင်းစုံရေးရာများမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှာဖြစ်ခြင်းတို့ ပါရှိကြောင်း ရေးသားဖေါ်ပြပါတယ်။

   Webradio