• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ဗဟိုမီဒီယာအုပ်စု ၂၀၁၉ မုန့်လုံးရေပေါ်ပွဲတော် ပဒေသာကပွဲ စည်စည်ကားကား ကျင်းပ

(GMT+08:00) 2019-02-20 09:46:35

တရုတ် ဗဟိုမီဒီယာအုပ်စု ၂၀၁၉ မုန့်လုံးရေပေါ်ပွဲတော် ပဒေသာကပွဲကို ဒီလ ၁၉ ရက်နေ့ ည ၈ နာရီမှာ ကျင်းပခဲ့ရာ၊ ပဒေသာကပွဲမှာ အဆိုအကများ၊ ပြက်လုံး၊ ဟာသပြဇာတ်၊ အော်ပရာ၊ အရပ်ဘက် ဓလေ့စရိုက်၊ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များ စတာတွေကို စည်စည်ကားကား တင်ဆက် ဖျော်ဖြေပြီး တစ်ပြည်လုံး တိုင်းရင်းသား ပေါင်းစုံတို့ မုန့်လုံးရေပေါ် ပွဲတော် အတူ နွှဲပျော်နေပုံကို သရုပ် ဖေါ်ထားပါတယ်။ ဗဟို ရုပ်မြင်သံကြား၊ ဗဟို ပြည်သူ့အသံလွှင့်ဌာန၊ စီအာအိုင် အသံလွှင့် ဌာနတို့က ပဒေသာကပွဲ အစီအစဉ်များကို အချိန်နဲ့တစ်ပြေးညီ ထုတ်လွှင့်ပေးခဲ့ပါတယ်။

ပဒေသာကပွဲမှာ တရုတ်ပြည် ဒေသအရပ်ရပ်မှ ယဉ်ကျေးမှု ထူးခြားချက် ဝိသေသ ပါရှိတဲ့ အဆိုအကများကို တင်ဆက်ဖျော်ဖြေခဲ့ပါတယ်။ ဥပမာ ပြောရရင်၊ "ပြောလေ ငါ သဘောတူပါ့မယ်" အမည်ဖြစ်တဲ့ ဟာသပြဇာတ်ကို အစကနေ အဆုံးအထိ တရုတ်ပြည် အနောက်တောင်ပိုင်း ဒေသန္တရစကားနဲ့ တင်ဆက်ပြေသတာ ဖြစ်ပြီး "အရှေ့မြောက် ဈေးကြီး" အမည်ဖြစ်တဲ့ ဟာသပြဇာတ်မှာ စမ်းတုန်း၊ ချုံချင့်၊ အန်ဟွေး၊ ဟိုနန်၊ ဖူကျန့် စတဲ့ တရုတ်ပြည် ဒေသအရပ်ရပ်မှ လုပ်သားများရဲ့ စိတ်အားထက်သန်ပုံတွေကို ဟာသဆန်ဆန် သရုပ် ဖေါ်ပြထားပါတယ်။ "ရှင်သန် အင်အား" အမည် ဖြစ်တဲ့ သီချင်းမှာလည်း ချမ်းသာတဲ့ နေထိုင်မှုဘဝကို လက်တွဲ ဖန်တီးဖို့ ပြည်သူ တစ်ရပ်လုံးရဲ့ သန္နိဋ္ဌာန်ကို သီဆို ပြသ ထားပါတယ်။

မုန့်လုံးရေပေါ် ပွဲတော်နေ့ဟာ တရုတ်ဝက်နှစ်မှာ ပထမဦးဆုံးသော လပြည့်နေ့ ဖြစ်တယ်။ တရုတ်လူမျိုးများဟာ အဲဒီနေ့မှာ မုန့်လုံးရေပေါ် စားခြင်း၊ လမင်း ရှုစားခြင်း၊ အလှပြ ရောင်စုံ မီးအိမ် ကြည့်ရှုခြင်း၊ စကားထာ ဖြေခြင်း စတာတွေကို လုပ်လေ့ရှိတယ်။ ပဒေသာကပွဲမှာ တရုတ် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် ဆက်ခံသူများလည်း ပါဝင်ကြပါတယ်။ ရောင်စုံမီးအိမ် နည်းပညာ ဆက်ခံသူ၊ သကြား လူရုပ် နည်းပညာ ဆက်ခံသူ၊ ဂျုံမုန့် လူရုပ် နည်းပညာ ဆက်ခံသူတွေဟာ တခြား ထူးကဲ အတတ်နည်း တတ်မြောက်သူတွေနဲ့အတူ၊ သကြား လူရုပ်၊ ဂျုံမုန့် လူရုပ်၊ မုန့်လုံးရေပေါ်တွေကို နေရာတွင် ချက်ချင်း ပြုလုပ်ပေးကြပြီး ဒါဟာ ပရိသတ်များ အထူး ကြိုက်နှစ်သက်တဲ့ အစီအစဉ် တစ်ရပ် ဖြစ်လာပါတယ်။

"တရုတ် စိတ်အား" အမည် ဖြစ်တဲ့ တရုတ် ဝူရှူးသိုင်း အစီအစဉ်မှာ တရုတ် ရိုးရာ သိုင်းပညာနဲ့ ယပ်တောင်အကကို ရောနှောပေါင်းစပ်ပြီး လူကြိုက်များတဲ့ အစီအစဉ် တစ်ရပ် ဖြစ်လာပါတယ်။ "ရွှေဝတ် သုခချမ်းသာမှုများ ဆောင်ကြဉ်းလာခြင်း" အမည် ဖြစ်တဲ့ အော်ပရာ အစီအစဉ်မှာ တစ်ပြည်လုံး ဒေသခံ အော်ပရာ ဆယ်မျိုးကျော်မှ လူရွှင်တော် သရုပ်ဆောင်များဟာ ရသမြောက် ဒေသန္တရ အော်ပရာများကို တင်ဆက် ပြသကာ၊ ပရိသတ်များအား သာယာလှပတဲ့ ဆုမွန်ကောင်းများလည်း တောင်းလိုက်ပါတယ်။

တရုတ် ဗဟိုမီဒီယာအုပ်စု ၂၀၁၉ မုန့်လုံးရေပေါ်ပွဲတော် ပဒေသာကပွဲမှာ တရုတ် ပြည်သူများရဲ့ ချမ်းမြေတဲ့ဘဝ၊ စိတ်အားထက်သန်မှုနဲ့ ဂုဏ်ယူမှုတွေကို စုံလင် ဖေါ်ပြထားပြီး နှစ်သစ်မှာ ရှင်သန်စွမ်းအားသစ်ကို တိုးပေးနေပါတယ်။ (ကျော့)

   Webradio