• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် စီးပွါးရေးရဲ့ အရေးကြီး အချက် သုံးချက်

(GMT+08:00) 2018-12-25 09:34:02

မကြာခင်က ကျင်းပခဲ့တဲ့ တရုတ် ဗဟိုစီးပွါးရေးလုပ်ငန်း အစည်းအဝေးမှာ၊ မျက်မှောက် စီးပွါးရေး အခြေအနေကို သုံးသပ်ပြီး လာမယ့်နှစ် စီးပွါးရေး လုပ်ငန်းများနဲ့ ပတ်သက်ပြီးလည်း ဘက်စုံ စီမံချထားပါတယ်။ တရုတ်ပြည် စီးပွါးရေး တိုးတက်မှု ဦးတည်ချက်နဲ့ ပတ်သက်ပြီး အောက်ပါ အရေးကြီး အချက် သုံးချက်ကို အလေး ထားရပါတယ်လို့ ကျွမ်းကျင်ပညာရှင်များက သုံးသပ်ကြတယ်။

အစည်းအဝေးမှာ၊ ဒီနှစ်အတွင်း တရုတ်ပြည် စီးပွါးရေးဟာ ဆက်တိုက် ပုံမှန် တိုးတက်လာကြောင်း၊ ဘက်စုံ ချမ်းသာတဲ့ လူ့ဘောင်အဖွဲ့အစည်း တည်ထောင်ဖို့ ရည်မှန်းချက် ဖေါ်ဆောင်ရေးဆိုင်ရာ ခြေလှမ်းသစ် လှမ်းနိုင်ခဲ့ကြောင်း၊ အောင်မြင်မှု ရရှိတာ မလွယ်ပါကြောင်း ဖေါ်ပြထားပါတယ်။ အစည်းအဝေးမှာ၊ အခြေအနေသစ်မှာ စီးပွါးရေး လုပ်ငန်း ဆောင်ရွက်ရာ၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ ဦးဆောင်မှုကို စွဲကိုင်ရမှာ ဖြစ်ကြောင်း၊ မျက်မှောက် အခြေအနေကို ရေရှည်ရှုထောင့်အရ ရှုမြင်သုံးသပ်ရမှာ ဖြစ်ကြောင်း၊ မက္ကရို စီးပွါးရေး ညှိနှိုင်းမှုကို တိကျမှန်ကန်စွာ ကိုင်တွယ် ရမှာ ဖြစ်ကြောင်း၊ ပြည်သူလူထုများ အာရုံစိုက်ရာ ကိစ္စရပ်များကို အချိန်မီ တုံ့ပြန် ဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်း၊ ဘက်အသီးသီးမှ အပြုသဘောဆောင်တဲ့ အကြောင်းရပ်များကို ပြည့်ပြည့်စုံစုံ အသုံးချရမှာ ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

အစည်းအဝေးမှာ၊ တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်မှုဟာ အရေးကြီး မဟာဗျူဟာ အခွင့်အလမ်းကာလမှာ တည်ရှိနေပြီး ရေရှည်တဲ့ကာလအတွင်းလည်း ဆက်လက် တည်ရှိမှာ ဖြစ်ကြောင်း၊ အဲဒီအဆင့်ကာလအတွင်း စီးပွါးရေး ဖွဲ့စည်းပုံ အဆင့်မြှင့်တင်ရေး၊ သိပံ္ပနည်းပညာ ဆန်းသစ်တီထွင်စွမ်းအား တိုးမြှင့်ရေး၊ ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့်ရေးကို ဇောက်ချပြုလုပ်ရေး၊ မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရေးနဲ့ နိုင်ငံတကာ စီးပွါးရေး စီမံခန့်ခွဲရေး စည်းစနစ် ပြုပြင်ပြောင်းလဲမှုမှာ ပါဝင်ဆောင်ရွက်ရေး အပါအဝင် နယ်ပယ် ငါးခုမှ လုပ်ငန်းများဟာ အဓိကထား ဆောင်ရွက်ရမှာ ဖြစ်ကြောင်း အစည်းအဝေးမှာ တင်ပြထားပါတယ်။

"တရုတ်စာလုံး ၈ လုံးပါ မူဝါဒ"၊ "တိုက်ပွဲ  ၃ ခု"နဲ့ "အဓိကရ လုပ်ငန်း ၇ ရပ်" ဆိုတာဟာ ၂၀၁၉ ခုနှစ် စီးပွါးရေးဆိုင်ရာ အရေးကြီး ဝေါဟာရတွေ ဖြစ်ပါတယ်။ အစည်းအဝေးမှာ "တရုတ်စာလုံး ၈ လုံးပါ မူဝါဒ"ကို ဖေါ်ဆောင်ရမယ်လို့ ဖေါ်ပြထားတယ်။ "တရုတ်စာလုံး ၈ လုံးပါ မူဝါဒ" ဆိုတာဟာ စီးပွါးရေး လုပ်ငန်းများ ခိုင်ခံ့အောင်၊ အားကောင်းလာအောင်၊ မြင့်တင် လာအောင်နဲ့ ချောမွေ့အောင် ဆောင်ရွက်ရေး မူဝါဒ ဖြစ်ပါတယ်။ "တိုက်ပွဲ ၃ ခု" ဆိုတာဟာ အန္တရာယ်ကြီးများ ကြိုတင်ကာကွယ်ရေးနဲ့ ဖြေရှင်းရေး၊ ဆင်းရဲမှု ပပျောက်ရေး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြုပြင်ရေး ဆိုင်ရာ တိုက်ပွဲ သုံးခု ဖြစ်ပါတယ်။ "အဓိကရ လုပ်ငန်း ၇ ရပ်" ဆိုတာဟာ ကုန်ထုတ်လုပ်မှုလုပ်ငန်း အရည်အသွေး မြင့်မားစွာ တိုးတက်ရေး၊ အားကောင်းသော ပြည်တွင်းဈေးကွက်များ ဖြစ်တည်စေရေး၊ ကျေးလက်ဒေသ ရှင်သန်မှု မဟာဗျူဟာကို ထိရောက်စွာ တွန်းအားပေးရေး၊ ဒေသချင်း ညှိနှိုင်း ဖွံ့ဖြိုးမှုကို အားဖြည့်ရေး၊ စီးပွါးရေးစနစ် ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးရေး၊ ကဏ္ဍစုံ တံခါးဖွင့်ရေးကို တွန်းအားပေးရေးနဲ့ ပြည်သူလူထု နေထိုင်မှုဘဝကို တိုးမြှင့် အာမခံပေးရေးတို့ ဖြစ်ပါတယ်။ (ကျော့)

   Webradio