• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ အတွက် တရုတ်ပြည်မှ လက်ဆောင်ပစ္စည်း ၂ခုကို ပေးအပ်

(GMT+08:00) 2018-11-02 10:05:05

      နိုဝင်ဘာလ ၁ရက်နေ့ မှစ၍ တရုတ်ပြည်သည် ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်း ၁၅၈၅မျိုး အပေါ် အခွန်ကို စတင် လျှော့ချခဲ့ကြောင်း၊ ယင်းသည် ယခုနှစ် ဇူလိုင်လ ၁ရက်နေ့က သွင်းကုန် ၁၄၄၉မျိုး အပေါ် အခွန် လျှော့ချပြီးနောက် တရုတ်ပြည်မှ အတိုင်း အတာ ပိုမိုကြီးမားသည့် အခွန်လျှော့ချခြင်း ဆောင်ရွက်ချက် နောက်ထပ် ကျင့်သုံးခြင်း ဖြစ်ကြောင်း၊ ယခုတွင် တရုတ်ပြည်၏ အထွေထွေ အခွန်နှုန်းမှာ ၉့၈ရာခိုင်နှုန်းမှ ၇့၅ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ပြီ ဖြစ်ကြောင်း၊ ကုမ္ပဏီများနှင့် စားသုံးသူများ၏ အခွန်ဆိုင်ရာ ဝန်ထုပ်ဝန်ပိုး ယွမ်ငွေ ဘီလီယံ ၆၀ခန့် လျော့ကျသွားကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုလ ၅ရက်နေ့တွင် ပထမဆုံးအကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲကို ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ နိုင်ငံနှင့် ဒေသ ၁၃၀ကျော်မှ ကုမ္ပဏီ ၃ထောင်ကျော် ပါဝင်တက်ရောက်ကြမည် ဖြစ်ကြောင်း၊ သွင်းကုန် အခွန် လျှော့ချခြင်းနှင့် နိုင်ငံတကာ သွင်းကုန်ပြပွဲ ကျင်းပခြင်းသည် တရုတ်ပြည်၏ တံခါးဖွင့်မှု အဆင့်တိုးမြှင့်ပြီး နိုင်ငံ အသီးသီးမှ ကုမ္ပဏီများနှင့် ပြည်သူများ အတွက် ပိုမိုများပြားသည့် အကျိုးအမြတ် များကို ဆောင်ကြဉ်းလာမည် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

ပထမဆုံးအကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲတွင် တိုင်းပြည်အလိုက်ပြပွဲ၊ ကုမ္ပဏီများ ပြပွဲနှင့် နိုင်ငံတကာ စီးပွားကုန်သွယ်ရေး ဖိုရမ် အပိုင်း ၃ပိုင်း ပါဝင်ကြောင်း၊ ကုန်ပစ္စည်းအမျိုးပေါင်း ၅ထောင်ကျော်ကို တရုတ်ပြည်တွင် ပထမဆုံး အကြိမ် ဝင်ရောက် ခင်ကျင်းပြသမည် ဖြစ်ပြီး ကုန်ပစ္စည်းသစ်နှင့် နည်းပညာသစ် ၁၀၀ကျော်ကိုလည်း ယခုအကြိမ် ပြပွဲတွင် ပြသမည် ဖြစ်ကြောင်း၊ ပါဝင်တက်ရောက်ကြသည့် ကုမ္ပဏီများသည် G20အုပ်စု၊ BRICS၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၊ Belt and Road တလျှောက်လုံးရှိ နိုင်ငံများနှင့် ဖွံ့ဖြိုးမှု အလွန်နည်းပါးသည့် နိုင်ငံ ၃၀ကျော်မှ လာကြောင်း စီအာအိုင် သတင်းအရ သိရသည်။

နိုင်ငံနှင့် ဒေသ ၁၃၀ကျော်မှ အစိုးရ အရာရှိ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ခံ၊ နာမည်ကျော် လုပ်ငန်းရှင်နှင့် ပညာရှင် ၂ထောင်ကျော်သည် ယခုအကြိမ် ပြပွဲ၏ "ဟုန် ချောင်-နိုင်ငံတကာ စီးပွားကုန်သွယ်ရေး ဖိုရမ်"သို့ တက်ရောက်ပြီး လက်ရှိ ကမ္ဘာ့ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးပြီး အကြံဥာဏ်ပေးကြမည် ဖြစ်ကြောင်း၊ ၄င်းဖိုရမ်တွင် လွတ်လပ်သော ကုန်သွယ်ရေး ထိန်းသိမ်းကာကွယ်ရန်နှင့် တံခါးဖွင့်မှု ရှိသော ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အသံထွက်လာမည် ဖြစ်ပြီး ၄င်းဖိုရမ်သည် ကမ္ဘာပေါ်က အရေးကြီး ပြဿနာများနှင့် ပတ်သက်၍ ဆွေးနွေးသည့် အရေးကြီး ပလက်ဖောင်း တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်းလည်း စီအာအိုင်က ဖော်ပြသည်။

ယခုနှစ် ပြီးလျှင် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲကို ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နယူးဇီလန်၊ ဂျပန်၊ သြစတြေးလျ အပါအဝင် နိုင်ငံနှင့် ဒေသများမှ ကုမ္ပဏီ ၂၀သည် လာမည့် ၂၀၁၉ခုနှစ်တွင် ကျင်းပမည့် ဒုတိယ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ၌ ပါဝင်ရန် ကန်ထရိုက် စာချုပ် ချုပ်ဆိုခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းသည် ဂလိုဘယ်လိုက်ဇေးရှင်း ရေစီးကြောင်းနှင့် ဖီလာဆန့်ကျင်ပြီး လုပ်ခြင်း၊ ကုန်သွယ်မှု အထစ်အငေါ့ အရှိန်မြင့်လာခြင်း၊ ကမ္ဘာ့ စီးပွားရေး အန္တရာယ် တိုးပွားလာခြင်း အပါအဝင် လက်ရှိအခြေအနေမျိုးတွင် ဖွံ့ဖြိုးပြီး နိုင်ငံများရော၊ ဖွံ့ဖြိုးဆဲ နိုင်ငံများပါ အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်သည့် တံခါးဖွင့်မှု ပူးပေါင်းဆောင်ရွက်ရေး ပလက် ဖောင်းသစ် တစ်ခုအား လိုလားတောင့်တကြခြင်းကို ပြဆိုနေကြောင်း စီအာအိုင်က ဖော်ပြသည်။

အောက်တိုဘာလ ၃၁ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့မှ အစည်းအဝေး ကျင်းပရာတွင် ယခုနှစ်၌ တရုတ် စီးပွားရေးနှင့် လူမှုရေး ဆက်လက် ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ သို့သော် လက်ရှိ စီးပွားရေး တည်ငြိမ်စွာ လည်ပတ်မှုတွင် မရေရာမှု ရှိပြီး စီးပွားရေး ကျဆင်းသည့် ဖိအားကြီးမားလာကာ ကုမ္ပဏီ အချို့၏ လုပ်ကိုင်ဆောင်ရွက်ရေး အခက်အခဲများစွာ ရှိ၍ နှစ်ရှည်လများ ဖြစ်တည်ခဲ့သော အန္တရာယ်များ ပေါ်ပေါက်လာကြောင်း၊ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုကို ပိုပြီး အင်တိုက်အားတိုက် ဆောင်ရွက်ပြီး အရည်အသွေးကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုကို ဦးလည်မသုန် တွန်းအားပေးကာ ပိုင်ဆိုင်မှု စနစ် မျိုးစုံ ရှိသော စီးပွားရေးပုံစံများကို အတူ ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် တက်ကြွ ထိရောက်စွာ အသုံးပြု၍ တရုတ်ပြည်တွင် နိုင်ငံခြား ကုမ္ပဏီများ၏ တရားဝင် အခွင့်အရေးများကို ထိန်းသိမ်းကာကွယ်ပေးရမည် ဖြစ်ကြောင်း ဖော်ပြသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

မည်သည့်အချိန်ကမျှ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုသည် တရုတ်ပြည် အတွက် ကြွေးကြော်သံ မဟုတ်ဘဲ တရုတ်ပြည် အနေနှင့် အန္တရာယ်နှင့် စိန်ခေါ်မှုများကို ကျော်လွှား ဖြေရှင်းရန်နှင့် အံ့ချီးဖွယ်ရာသစ်များကို ဖန်တီးပေးရန် သော့ချက် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio