• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ပုဂ္ဂလိကပိုင် ကုမ္ပဏီများသည် တက်သစ်စ လုပ်ငန်းများတွင် ချဲ့ထွင်

(GMT+08:00) 2018-11-01 10:35:11

ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသွားပြီး ကုန်သွယ်မှု အထစ်အငေါ့ ရှုပ်ထွေး လာသည့် အခြေအနေမျိုးတွင် တက်သစ်စ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးသည် နိုင်ငံ အသီးသီးတို့၏ ယှဉ်ပြိုင်မှု အားသာချက်သစ် ဖော်ထုတ်ရေး မဟာဗျူဟာ ဖြစ်လာကြောင်း၊ မကြာခင်နှစ်များက တရုတ် ပုဂ္ဂလိကပိုင် ကုမ္ပဏီများသည် ပြည်တွင်းပြည်ပ ဈေးကွက်၏ ပြောင်းလဲမှုနှင့် လိုအပ်မှုများ အပေါ် မျက်ခြေမပြတ် အာရုံစူးစိုက်ပြီး တက်သစ်စ လုပ်ငန်းများတွင် ချဲ့ထွင်ကာ တရုတ် စီးပွားရေးကို အရည်အသွေး ကောင်းမွန်စွာဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးနေကြောင်း စီအာအိုင်က ဖော်ပြသည်။

စီးပွားရေး အရည်အသွေး ကောင်းမွန်စွာဖြင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ခြင်းသည် တရုတ်ပြည် အနေနှင့် စီးပွားရေး နိုင်ငံကြီးမှ စီးပွားရေး ဖွံ့ဖြိုးပြီး နိုင်ငံကြီး အဖြစ်သို့ ဖွံ့ဖြိုးတိုးတက်ရန် မလွဲမသွေလိုက်ရမည့် လမ်းဖြစ်ကြောင်း၊ တရုတ်ပြည်သည် နိုင်ငံတော် ယှဉ်ပြိုင်နိုင်စွမ်း တိုးမြှင့်ရေးကို ဆောင်ရွက်ရာတွင် နည်းပညာသစ်၊ လုပ်ငန်း သစ်နှင့် ပုံစံသစ် ဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်း အပေါ် တလျှောက်လုံး အာရုံစူးစိုက်နေကြောင်း စီအာအိုင်က ဖော်ပြသည်။

လွန်ခဲ့သည့် ၂နှစ်က တရုတ်ပြည်သည် အနာဂတ် ၅နှစ် နိုင်ငံတော် မဟာဗျူဟာ မြောက် တက်သစ်စ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ထုတ်ပြန်ခဲ့ကြောင်း၊ ၄င်းစီမံကိန်းတွင် ၂၀၂၀ပြည့်နှစ် ရောက်လျှင် တရုတ်ပြည် မဟာဗျူဟာမြောက် တက်သစ်စ လုပ်ငန်းများ၏ ထုတ်လုပ်မှု ပမာဏသည် ပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်း ပမာဏ၏ ၁၅ရာခိုင်နှုန်း အထိ တိုးလာပြီး ခေတ်သစ် သတင်းအချက်အလက် နည်းပညာ၊ ထိပ်တန်း ကုန်ထုတ်လုပ်မှု၊ ဇီဝ၊ မြစိမ်းရောင်၊ ဒီဂျစ်တယ် ဆန်းသစ်တီထွင်မှု ပါဝင်သည့် ထုတ်လုပ်မှု ပမာဏ ယွမ်ငွေ ဘီလီယံ ၁သောင်းရှိသော ကျောရိုးမဏ္ဍိုင်ဖြစ်သည့် လုပ်ငန်း ၅ခု ဖြစ်တည်လာကာ ပိုမိုကျယ်ပြန့်သည့် လုပ်ငန်းနယ်ပယ်များတွင် နယ်ပယ် ဖြတ်ကျော် ရောနှောပေါင်းစပ်သော ဖွံ့ဖြိုးတိုးတက်ရန် အချက်သစ်များ ဖော်ထုတ်၍ နှစ်စဉ် ပျမ်းမျှ အားဖြင့် အလုပ်အကိုင်နေရာ ၁သန်းကျော်ကို ဖန်တီးပေးရန် ရည်မှန်းထားကြောင်း ရေးသားဖော်ပြသည်ဟု စီအာအိုင်က ဖော်ပြသည်။

၎င်းစီမံကိန်းကြောင့် တရုတ် စီးပွားရေးတွင် တက်ကြွသော ပြောင်းလဲမှု ဖြစ်ပေါ် လာကြောင်း၊ တရုတ် အမျိုးသား စာရင်းအင်း ဌာနမှ စာရင်းအရ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ တရုတ်ပြည်၏ မဟာဗျူဟာမြောက် တက်သစ်စ လုပ်ငန်းများ၏ တိုးတက်မှု ပမာဏသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၈့၆ရာခိုင်နှုန်း တိုးလာကာ အတိုင်းအတာ အသင့်အတင့်ရှိသော စက်မှုလုပ်ငန်း၏ တိုးနှုန်းထက် ပိုများကြောင်း၊ ယင်း မဟာဗျူဟာမြောက် တက်သစ်စ လုပ်ငန်းများတွင် စွမ်းအင်သစ်သုံးယာဉ်၊ စက်မှုစက်ရုပ်နှင့် ပေါင်းစပ်လျှပ်စစ်ပတ်လမ်း၏ ထုတ်လုပ်မှုနှင့် ကုမ္ပဏီ အမြတ်ငွေ ပမာဏသည် လျင်မြန်စွာ တိုးပွားလာသည်ဟု သိရကြောင်း၊ ၄င်းပြောင်းလဲမှု ဖြစ်စဉ်တွင် ပုဂ္ဂလိကပိုင် ကုမ္ပဏီများ သည် အလွန် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။

သက်ဆိုင်ရာ စာရင်းအရ တရုတ်ပြည် ပညာမူပိုင်ခွင့်၏ ၆၅ရာခိုင်နှုန်း၊ နည်းပညာ ဆန်းသစ်တီထွင်မှု၏ ရာခိုင်နှုန်း ၇၀ကျော်နှင့် ကုန်ပစ္စည်းသစ် သုတေသန ဖော်ထုတ်မှု၏ ရာခိုင်နှုန်း၈၀ကျော်ကို ပုဂ္ဂလိကပိုင် ကုမ္ပဏီများမှ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရ ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀အတွင်း တရုတ် ပုဂ္ဂလိကပိုင် ကုမ္ပဏီများ အောင်မြင်မှု များရရှိခဲ့သည့် အကြောင်းရင်းများတွင် လုပ်ကိုင်ဆောင်ရွက်ရေး စနစ် ပျော့ပြောင်းမှု ရှိခြင်း၊ အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ဆန်းသစ်တီထွင်ရေး အသိအမြင်ရှိခြင်းနှင့် ဆန်းသစ် တီထွင်နိုင်စွမ်း မြင့်မားခြင်း၊ ဈေးကွက်နှင့် လိုက်လျောညီထွေအောင် ဆောင်ရွက်နိုင်စွမ်း ရှိခြင်းစသည်များကြောင့် ပါဝင်ကြောင်း၊ တရုတ် ပုဂ္ဂလိကပိုင် ကုမ္ပဏီကြီး ၅၀၀ အမည် စာရင်းတွင် ကုန်ထုတ်လုပ်မှု လုပ်ကိုင်သည့် ကုမ္ပဏီ အရေအတွက်သည် ဝန်ဆောင်မှု လုပ်ကိုင်သည့် ကုမ္ပဏီ၏ ၂ဆ ဖြစ်ကြောင်း၊ ယင်းသည် ပုဂ္ဂလိကပိုင် ကုမ္ပဏီများ အနေနှင့် တရုတ်ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် အရေးကြီးသည့် အဆင့်နေရာ ရှိခြင်းကို ပြဆို သည့်အပြင်၊ အနာဂတ်တွင် ဝန်ဆောင်မှု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ရှေ့အလားအလာ များစွာရှိခြင်းကိုလည်း ပြဆိုနေကြောင်း စီအာအိုင်က ဖော်ပြသည်။

တရုတ် ပုဂ္ဂလိကပိုင် ကုမ္ပဏီများ ရင်ဆိုင်နေရသော အခက်အခဲနှင့် ပြဿနာများနှင့် ပတ်သက်၍ တရုတ် အစိုးရ အဆင့်မြင့် ခေါင်းဆောင်များက ကြိမ်ဖန်များစွာ ဖော်ပြ ခဲ့ကြောင်း၊ ၄င်းတို့က တရုတ် ပုဂ္ဂလိကပိုင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေခြင်းသည် တရုတ်ပြည်၏ အခြေခံ စီးပွားရေး စနစ် ဖြစ်ကြောင်း၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီများ အပေါ် အားပေးထောက်ခံမှု မရှိသည့် ဆောင်ရွက်မှုများကို ခိုင်မာပြတ်သားစွာ ပြုပြင်ရမည်ဟု အလေးထား ဖော်ပြကြောင်း၊ မကြာခင်က တရုတ် အစိုးရသည် ဘဏ္ဍရေး၊ အခွန်နှင့် ငွေကြေး ဆိုင်ရာ ကျားကန်ပေးရေး မူဝါဒများကို ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်ကျင့်သုံးခဲ့ ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

   Webradio