• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီး တရားဝင် ဖွင့်လှစ်

(GMT+08:00) 2018-10-24 15:59:16

ယခုလ ၂၃ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကွမ်းတုန်းပြည်နယ် ကျူးဟိုင်မြို့တွင် ကျင်းပသော ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီး တရားဝင် ဖွင့်လှစ်ပွဲသို့ တက်ရောက်ပြီး ၄င်းတံတားကြီး တရားဝင် ဖွင့်လှစ်သည်ဟု ကြေညာကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီးသည် "တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး" မူဘောင်အတွင်း ကွမ်တုန်း၊ ဟောင်ကောင်နှင့် မကာအို ဒေသ ၃ခုတို့ ပထမဆုံး အကြိမ် အဖြစ် ပူးပေါင်းတည်ဆောက်သည့် ကမ္ဘာပေါ်တွင် အရှည်လျားဆုံးနှင့် ခက်ခဲမှု အများဆုံး သော ပင်လယ်သမုဒ္ဒရာကို ဖြတ်ကျော်သည့် တံတားကြီး ဖြစ်ပြီး ကွမ်တုန်း-ဟောင်ကောင်- မကာအို ပင်လယ်ကွေ့ ဒေသကြီးတွင် အရေးအကြီးဆုံး လမ်းပန်းဆက်သွယ်ရေး အခြေခံ အဆောက်အအုံလည်း ဖြစ်ကြောင်း၊ ၄င်းတံတားသည် ကျူးဟိုင်၊ မကာအိုနှင့် ဟောင်ကောင် အကြား ကုန်းတွင်း ဆက်စပ်မှုကို ပထမဆုံး အကြိမ် အကောင်အထည်ဖော် နိုင်ခဲ့ကြောင်း၊ ၄င်းတံတားကြီး ဖွင့်လှစ်ပြီး ဟောင်ကောင်-ကျူးဟိုင်-မကာအို ခရီးကြာချိန် မှာ မူလက ၃နာရီ ရှိရာကနေ ယခု ၄၅မိနစ်ခန့်ပင် ကြာတော့မည် ဖြစ်ပြီး ကွမ်တုန်း- ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ ဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်စေမည် ဖြစ်ကြောင်း၊ ၄င်းတံတားကြီး၏ အထွေထွေ ဒီဇိုင်းဆရာ မွန့်ဖန်ချောက တံတားကြီးသည် ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ ဒေသကြီး၏ လူမှုရေးနှင့် စီးပွားရေး ဖွဲ့စည်းပုံနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေကို အပြီးအပြတ် ပြောင်းလဲစေပြီး နေထိုင်သူများ အတွက် တမူဆန်းသစ်သော နေထိုင်မှု ပုံစံကို ဖန်တီးပေးကာ တရုတ် ယွမ်ငွေ ဘီလီယံ ၃-၄ရာဖိုးရှိသော အကျိုးစီးပွားကို ဆောင်ကြဉ်းလာမည် ဖြစ်ကြောင်း ပြောကြားသည်။

ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီး ပြင်ဆင်ရေနှင့် တည်ဆောက်ရေး အတွက် စုစုပေါင်း ၁၅နှစ် ကြာခဲ့ကြောင်း၊ တံတာကြီး၏ စုစုပေါင်း အရှည်မှာ ၅၅ကီလိုမီတာ ရှိကြောင်း၊ တံတားကြီး တည်ဆောက်မှုတွင် ပစ္စည်းသစ်၊ ကိရိယာသစ်နှင့် နည်းပညာသစ်များကို အသုံးပြုခဲ့ပြီး ပညာမူပိုင်ခွင့် အရေအတွက်မှာ ၄၀၀ကျော်ရှိကြောင်း၊ ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီး စီမံခန့်ခွဲရေး ဌာန အင်ဂျင်နီယာချုပ် စူးချွန်ကိုက ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီးသည် သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှု ရှိသော တံတားကြီး ဖြစ်သည်ဟု ပြောကြားကြောင်း၊ ဥပမာ ပြောရလျှင် တံတား တည်ဆောက်ရေးတွင် တည်ဆောက်ခြင်း စီမံခန့်ခွဲမှု၊ အင်ဂျင်နီယာ နည်းပညာ၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် ပင်လယ်ပြင် လုံခြုံရေး ပါဝင်သည့် စိန်ခေါ်မှု ၄ရပ်ကို ရင်ဆိုင်ခဲ့ရကြောင်း၊ ၄င်းတံတားကြီးသည် ၁၆ဆင့်ရှိ တိုင်ဖုန်မုန်တိုင်းနှင့် ၇ဆင့်ရှိ ငလျင်လှုပ်ခတ်မှုကို ခုခံနိုင်စွမ်းရှိပြီး နှစ်ပေါင်း ၁၂၀ကြာ အသုံးပြုနိုင်သည်ဟု ခန့်မှန်းရကြောင်း၊ ထို့အပြင်၊ ကမ္ဘာပေါ်တွင် အတိုင်းအတာ အကြီးမားဆုံး သံမဏိ တံတား တည်ဆောက်မှုနှင့် အရှည်လျားဆုံး ပင်လယ် ရေအောက်ကြမ်းပြင် ဥမင် စသည့် စံချိန်သစ်များလည်း တင်ခဲ့ကြောင်း၊ ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီးသည် ကမ္ဘာ့ တံတား တည်ဆောက်ရေး၏ "ချူမူလန်မာ တောင်ထိပ်"ဖြစ်သည်ဟု ဗြိတိန် The Guardian သတင်းစာတွင် ရေးသားဖော်ပြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီး မဖွင့်လှစ်မီ ၂၂ရက်နေ့က ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ကျူးဟိုင် ဟိန်ချင်-ဇုန်နယ်သစ်တွင် လေ့လာကြည့်ရှု စစ်ဆေးရာ၌ ကုန်ထုတ်လုပ်မှုသည် ဒြပ်ရှိ စီးပွားရေး အတွက် သော့ချက်ကျကြောင်း၊ ဆန်းသစ်တီထွင်မှု နှင့် သော့ချက်ကျသော အမြုတေနည်းပညာ ပိုင်ဆိုင်ခြင်းသည် ကုန်ထုတ်လုပ်မှု၏ အမြုတေ ဖြစ်ကြောင်း၊ ကိုယ့်အားကိုယ်ကိုး ကိုယ့်ဒူးကိုယ်ချွန်ပြီး ကိုယ်ပိုင် ဆန်းသစ် တီထွင်မှုဖြင့် အကောင်အထည်ဖော်ရမည် ဖြစ်သည်ဟု ပြောကြားကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ ဒေသကြီး၏ တည်ဆောက်ရေး ရည်မှန်းချက် တစ်ခုမှာ ကမ္ဘာ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု စင်တာ အဖြစ် တည်ဆောက်ရန် ဖြစ်ကြောင်း၊ ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီး ဖွင့်လှစ် သည်နှင့်အမျှ ၄င်းဒေသကြီးတွင် ပိုမိုများပြားသော ဆန်းသစ်တီထွင်မှု ပေါ်ပေါက်လာမည် ဖြစ်ပြီး ပြည်သူများ အတွက် ပိုမိုကောင်းမွန်သော နေထိုင်မှု ဘဝကို ဖန်တီးပေးမည်ဟု ယုံကြည်ကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio