• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်က ဒေါ်လာ ၁၆ ဘီလီယံ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းအပေါ် အခွန် တိုးကောက်ခြင်းရဲ့ နောက်ကွယ်မှာ

(GMT+08:00) 2018-08-09 09:26:13

ဇူလိုင်လ ၆ ရက်နေ့က အမေရိကန်က ဒေါ်လာ ၃၄ ဘီလီယံ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ခဲ့ပြီးနောက် သြဂုတ်လ ၇ ရက်နေ့မှာလည်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးဟာ အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ဖို့ ဒေါ်လာ ၁၆ ဘီလီယံ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်း စာရင်းဇယားကို ထုတ်ပြန်ကာ သြဂုတ်လ ၂၃ ရက်နေ့မှာ တရားဝင် ဖေါ်ဆောင်သွားမှာ ဖြစ်တယ်။  

ဒါနဲ့ပတ်သက်ပြီး တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက၊ အမေရိကန်ရဲ့ ယင်းလုပ်ရပ်ဟာ နောက်ထပ်တစ်ကြိမ် ပြည်တွင်းဥပဒေကို နိုင်ငံတကာ ဥပဒေရဲ့ အထက်နေရာ၌ ထားပြီး အလွန် ယုတ္တိမဲ့လုပ်ရပ်ပဲ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံဟာ ကိုယ့်နိုင်ငံရဲ့ တရားမျှတတဲ့ အခွင့်အရေး အကျိုးစီးပွါးနဲ့ နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်း ကာကွယ်ဖို့ အတွက်၊ လိုအပ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုကို မလုပ်မဖြစ် လုပ်ရကြောင်း၊ အမေရိကန် ဒေါ်လာ ၁၆ ဘီလီယံ တန်ဖိုးရှိ အမေရိကန်မှ သွင်းကုန် အပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ဖို့၊ အမေရိကန်နဲ့ တပြိုင်တည်း ဖေါ်ဆောင်ဖို့ ဆုံးဖြတ်ကြောင်း ဒီလ ၈ ရက်နေ့က ပြောကြားခဲ့တယ်လို့ ဆင်ဟွာ သတင်းအရ သိရပါတယ်။

အဲဒီ တုံ့ပြန်စကားမှာ တရုတ် စာလုံး တစ်ရာကျော်သာ ရှိပေမဲ့ ဆင်ခြင် ပြောဆိုခြင်း ဖြစ်ပြီး ခေါင်းအေးအေး ထားနေတာကို တွေ့မြင်ရပါတယ်။ တရုတ်ပြည်ဘက်ဟာ အမေရိကန်ဘက်ရဲ့ ခြိမ်းခြောက် အကျပ်ကိုင် လုပ်ရပ်အပေါ် စော်စော်ကတည်းကပဲ ပြင်ဆင်ထားပြီ ဆိုတာကို သိနိုင်ပါတယ်။ အမေရိကန်ဘက်ရဲ့ ကုန်သွယ်ရေးစစ်ပွဲ အဆက်မပြတ် ဆိုးရွားလာအောင် လုပ်ဆောင်ခြင်းနဲ့ ပတ်သက်ပြီး တရုတ်ပြည်ရဲ့ မူဟာ "ကုန်သွယ်ရေးစစ်ပွဲကို မပြုလုပ်လိုကြောင်း၊ ပြုလုပ်ဖို့ ကြောက်မှာ မဟုတ်ကြောင်းနဲ့ လိုအပ် ပါက မလုပ်မဖြစ် ပြုလုပ်ရမှာ ဖြစ်ကြောင်း" ဆိုတာ ဖြစ်ပါတယ်။

အမေရိကန်က ကုန်သွယ်ရေးစစ်ပွဲကို လှုံ့ဆော် ပြုလုပ်တဲ့ အကြောင်း တစ်ရပ် ကတော့ အမေရိကန်ရဲ့ နိုင်ငံတော် လုံခြုံရေးအတွက် ဖြစ်ပြီး၊ အမေရိကန်နိုင်ငံသားများ အတွက် ပိုမို များပြားတဲ့ အလုပ်အကိုင်နေရာတွေကို ဖန်တီးပေးဖို့ ဖြစ်တယ်လို့ ဆိုတယ်။ ဒါပေမယ့် တကယ်ရလဒ် ဆိုရင် စိတ်ပျက်ဖို့ ကောင်းတယ်လို့သာ ပြောရပါတယ်။

ဒီအကြိမ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ဖို့ ဒေါ်လာ ၁၆ ဘီလီယံ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်း စာရင်းဇယားကို ဥပမာ အဖြစ် ပြောမယ် ဆိုရင်၊ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးဟာ မကြာမီက အခွန် တိုးကောက်ခြင်း ပြုမပြုနဲ့ ပတ်သက်ပြီး ကြားနာပွဲကို သီးသန့်သပ်သပ် ပြုလုပ်ခဲ့တယ်။ အမေရိကန် ဓါတုစက်မှုလုပ်ငန်း၊ အီထက်ထရွန်နစ်၊ နေရောင်ခြည် စွမ်းအင် လုပ်ငန်း အပါအဝင် လုပ်ငန်းနယ်ပယ်အမျိုးမျိုးမှ ကိုယ်စားလှယ် ၈၂ ဦး တို့ဟာ သဘောထား အဆိုပြုချက်များကို ရှင်းလင်း ပြောကြားခဲ့တယ်။ နောက်ဆုံးမှာ ကိုယ်စားလှယ်များထဲမှာ ၆ ဦးသာ အခွန် တိုးကောက်ဖို့ ထောက်ခံပြီး ကိုယ်စားလှယ် စုစုပေါင်း ဦးရေရဲ့ ၇ ရာခိုင်နှုန်းသာ ရှိတယ်။ အဲဒီရလဒ်ကို ရင်ဆိုင်လျက် အမေရိကန် အစိုးရဟာ အခွန် တိုးကောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဆိုလိုတာက ကြားနာပွဲဟာ ဟန်ပြရုံသာ ဖြစ်ပြီး အနည်းစု ဖြစ်တဲ့ ဆုံးဖြတ်သူဟာ အများစုကြီးဖြစ်တဲ့ ကန့်ကွက်သူရဲ့ အမြင်သဘောထားကို ခြယ်လှယ်နေတယ်။

အခွန် တိုးကောက်ခြင်းဟာ အမေရိကန်ရဲ့ နိုင်ငံတော် လုံခြုံမှုကို တကယ် ကာကွယ် နိုင်လား။ အမေရိကန် အစိုးရအရာရှိများက၊ အခွန် တိုးကောက်ခြင်းဟာ ကိုယ့်အတွက် ကောင်းကျိုးရှိနိုင်မယ်လို့ ယုံကြတယ်။ ဒါကြောင့် သူတို့ဟာ အမေရိကန် လုပ်ငန်း ကုမ္ပဏီများနဲ့ စားသုံးသူများရဲ့ နစ်နာဆုံးရှုံးမှုနဲ့ ခါးသီးမှုများကို လျစ်လျူရှုနေပါတယ်။

အခုလောလောဆယ်မှာ အမေရိကန် ပြည်တွင်းမှာ သတင်းဆိုးများ အဆက်မပြတ် ပေါ်လာနေတယ်။ အမေရိကန် Element Electronics ကုမ္ပဏီက၊ နှစ်လ ပြီးနောက် တောင်ကာရိုလီနာပြည်နယ်ရှိ တီဗွီစက်ရုံကို ပိတ်မှာ ဖြစ်ပြီး၊ ယင်းမတိုင်မီ အလုပ်အကိုင်နေရာ ၁၃၄ ခုကို အရင် လျှော့ချမယ်လို့ ၆ ရက်နေ့က ကြေညာခဲ့တယ်။ အတ္တလန်တစ် ပြည်နယ် ပြည်ထောင်စု သိုလှောင်ရေးဘဏ်မှ ၇ ရက်နေ့က ထုတ်ပြန်တဲ့ စစ်တမ်းကောက်ယူမှု ရလဒ်အရ၊ အခွန် ရေးရာ အပေါ် စိုးရိမ်မကင်း ဖြစ်နေတာကြောင့် အမေရိကန်ရှိ လုပ်ငန်းကမ္ပဏီ ၅ ပုံ ၁ ပုံဟာ ရင်းနှီးမြှုပ်နှံရေး အစီအစဉ်များကို ပြန်လည် အကဲဖြတ်၊ ရွှေ့ဆိုင်း ဒါမှမဟုတ်ရင် စွန့်ပစ်ရတယ်လို့ သိရပါတယ်။ ကုန်သွယ်ရေး စစ်ပွဲကြောင့် ပြည်ပ ဈေးကွက်ကို အားကိုးရတဲ့ အမေရိကန်ထုတ် နွားနို့ ဈေးနှုန်းဟာလည်း ပေါင် ၁၀၀ဆို ၁၅ ဒေါ်လာထိ ကျဆင်းလာတယ်။ ကိုကာကိုလာရော၊ ကလေးကစားစရာနဲ့ အဝတ်အစားရော အမေရိကန် ပြည်တွင်း စားသုံးကုန်ဈေးကွက်များဟာ "အမေရိကန်ရဲ့ နိုင်ငံတော် လုံခြုံရေး" အရိပ်မှောင်အောက်မှာ ဈေးနှုန်း တရှိန်ထိုး မြင့်တက်လာနေတယ်။

ဆိုလိုတာက ခုချိန်မှာ အမေရိကန် အစိုးရရဲ့ အခွန် တိုးကောက်ခြင်း တုတ်ကြီးဟာ အမေရိကန် ကိုယ်တိုင်ကို ထိခိုက်နေတယ်၊ သူတို့က ပြည်သူလူထုများကို သက်သာချောင်ချိမှုများ ဖန်တီးပေးချင်တယ်လို့ အမြဲ အော်နေတယ်။ ခုတော့ သူတို့ဟာ အဲဒီ ပြည်သူလူထုများကိုလဲ ထိခိုက်နေပါတယ်။

   Webradio