• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှန်ဟိုင်းမြို့သည် နိုင်ငံတကာ ငွေကြေး ချက်မနေရာ ခိုင်ခံ့အောင် ဆောင်ရွက်နေ

(GMT+08:00) 2018-08-06 09:39:09
ရှန်ဟိုင်းမြို့သည် တရုတ်ပြည် ငွေကြေးလုပ်ငန်း တံခါးဖွင့်ရေး၏ ပြတင်းပေါက် တစ်ရပ်ပင် ဖြစ်သည်။ ယခုနှစ်အတွင်း ရှန်ဟိုင်းမြို့သည် တရုတ်အစိုးရ၏ တံခါးဖွင့်ရေး တိုးချဲ့မှုဆိုင်ရာ ကတိပြုချက်များကို တက်ကြွစွာ အကောင်အထည်ဖေါ် ဆောင်ရွက်ပြီး၊ ငွေကြေး နယ်ပယ်တွင် တံခါးဖွင့်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကာ အဆင့်မြင့် တံခါးဖွင့်ရေးဖြင့် အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအား ပေးနေပါသည်။
ရှန်ဟိုင်း နိုင်ငံတကာ ငွေကြေးလုပ်ငန်း ချက်မနေရာ ဖြစ်အောင် ထူထောင်ခြင်းသည် တရုတ် နိုင်ငံ၏ နိုင်ငံတော် မဟာဗျူဟာ တစ်ရပ် ဖြစ်သည်။ ယခုနှစ်တွင် ရှန်ဟိုင်းမြို့သည် စီမံကိန်း ရေးဆွဲ ချမှတ်ပြီး နိုင်ငံတကာ ငွေကြေး ချက်မနေရာ ဖြစ်အောင် ထူထောင်ရေး ဆိုင်ရာ လမ်းစဉ်မြေပုံနှင့် အချိန်ဇယားကို ချမှတ်ထားပါသည်။
ရှန်ဟိုင်းမြို့ ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီ အမျိုးသား စီးပွါးရေးရုံး ညွှန်ကြားရေးမှူး ကိုယူက၊ ယခု ရှန်ဟိုင်းမြို့တွင် ရှေ့ပြေး တံခါးဖွင့် စမ်းသပ် လုပ်ငန်းစဉ် နှစ်သုတ် ၂၃ ခု ဖြစ်တည် လာပြီ ဖြစ်ပြီး ယင်းတို့အနက် လုပ်ငန်းစဉ် ၉ ခုကို လက်တွေ့ကျ ဖေါ်ဆောင်နေပြီ ဖြစ်ကြောင်း၊ သုံးလကြာ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီးနောက် ယခု ရှန်ဟိုင်းမြို့ ရေနံစိမ်း ကြိုတင်ရောင်းကုန် ဈေးကွက်မှာ ကမ္ဘာ့ တတိယ အကြီးဆုံး ဈေးကွက် ဖြစ်လာပြီ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
သက်ဆိုင်ရာ စာရင်းအရ၊ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် ရှန်ဟိုင်းမြို့တွင် နိုင်ငံခြား ငွေရင်းမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၂၁၅၀၀ တိုးလာပြီး၊ တိုးတက်မှုနှုန်းမှာ ၁၈့ ၁ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ဂျာမဏီ၊ နယ်သာလန် စသည့်နိုင်ငံများ၏ ရှန်ဟိုင်း၌ ငွေရင်းမြှုပ်နှံမှု ပမာဏမှာ ၄၀ ရာခိုင်နှုန်းကျော် တိုးလာကြောင်း၊ နိုင်ငံတကာ ကုမ္ပဏီကြီးများ၏ ဒေသဆိုင်ရာ ရုံးချုပ်မှာ ၁၇ ခု တိုးလာခဲ့ကြောင်း သိရပါသည်။
ညွှန်ကြားရေးမှူး ကိုယူက၊ ငွေကြေးလုပ်ငန်း တံခါးဖွင့်ရေးသည် ရှန်ဟိုင်းမြို့၏ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လွန်စွာ အရေးကြီးသည့် အခန်းဏ္ဍမှ ပါဝင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ရှန်ဟိုင်းမြို့ အနေနှင့်လည်း ငွေကြေး နယ်ပယ်၌ တံခါးဖွင့်ရေးကို တိုးချဲ့ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ပထမ ဦးစွာ အနေနှင့် ငွေကြေး တံခါးဖွင့်ရေး လုပ်ငန်းနယ်ပယ်များကို တိုးချဲ့မည် ဖြစ်ပြီး ယင်းတို့အနက် ဘဏ်လုပ်ငန်း တံခါးဖွင့်ရေး၊ စတော့ရှယ်ယာ လုပ်ငန်း တံခါး ဖွင့်ရေး၊ အာမခံလုပ်ငန်း တံခါးဖွင့်ရေး၊ အခြေခံ ဈေးကွက်ဆိုင်ရာ အဆင့်မြင့် တံခါးဖွင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စသဖြင့် ပါဝင်ကြောင်း၊ ထို့ပြင် ရှန်ဟိုင်း ငွေကြေး လုပ်ငန်း ကိုယ်၌ ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ငွေကြေး လုပ်ငန်းဆိုင်ရာ အန္တရာယ်များ ကြိုတင်ကာကွယ်မှုကိုလည်း အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။
   Webradio