• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် ဂျီဘူတီ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ထားရှိ

(GMT+08:00) 2017-11-24 15:04:36

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ဂျီဘူတီ နိုင်ငံ သမ္မတ Guellehသည် မကြာခင်က တရုတ်ပြည်သို့ လာရောက် ခရီးလှည့်လည်ကြောင်း၊ ၄င်းသည် တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့်နောက်ပိုင်းတွင် တရုတ်ပြည်သို့ လာရောက် ခရီးလှည့်လည်သည့် ပထမဆုံး အာဖရိက နိုင်ငံ ထိပ်သီးခေါင်းဆောင် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုလ ၂၃ရက်နေ့ ညနေပိုင်းက ဥက္ကဋ္ဌ ရှီကျင့််ဖိန်သည် ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး အရှေ့ဘက်ရှိ ရင်ပြင်တွင် သမ္မတ Guelleh အတွက် ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ ထို့နောက် ခေါင်းဆောင် ၂ဦးတို့သည် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု ထားရှိခဲ့သည့် ၃၈နှစ် အတွင်း တန်းတူညီမျှစွာ ပေါင်းသင်းဆက်ဆံမှုနှင့် အပြန်အလှန် လေးစားမှု တလျှောက်လုံး ထားရှိပြီး နိုင်ငံတော် အမြုတေ အကျိုးစီးပွားနှင့် အလေးထားချက်များနှင့် ပတ်သက်၍ အပြန်အလှန် နားလည်မှုနှင့် အားပေးထောက်ခံမှု အစဉ်တစိုက် ထားရှိကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံမှုသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ အကြား စည်းလုံးညီညွတ်မှု၊ အပြန်အလှန် ကူညီပံ့ပိုးမှုနှင့် တရုတ်-အာဖရိက မိတ်ဆွေဖြစ် ပူးပေါင်းဆောင်ရွက်ရေး စံနမူနာ ဖြစ်ကြောင်း၊ တရုတ်ပြည် အနေနှင့် တရုတ်-ဂျီဘူတီ ဆက်ဆံမှု အပေါ် အလွန် အလေးထားပြီး ဂျီဘူတီ နိုင်ငံနှင့် အတူ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဂျော်ဟန်နက်စဘတ်မြို့ ထိပ်သီး အစည်းအဝေးမှ အောင်မြင်မှုများကို အရှိန်မြှင့် လက်တွေ့ဖော်ဆောင်ကာ Belt and Road တည်ဆောက် ရေးကို တွန်းအားပေး၍ နယ်ပယ် အသီးသီးတွင် နှစ်နိုင်ငံ အကြားရှိ ပူးပေါင်ေးဆာင်ရွက်မှုများကို ဘက်စုံ ဇောက်ချပြုလုပ်ပြီး နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမို များပြားသည့် ချမ်းမြေ့သာယာမှု ဖန်တီးပေးရန် လက်တွဲ ကြိုးပမ်းလိုကြောင်း ပြောကြားသည်။

သမ္မတ Guellehကလည်း မိမိသည် ပြီးခဲ့သည့် နှစ်ပေါင်း ၄၀ခန့် အတွင်း နှစ်နိုင်ငံ ဆက်ဆံမှု အဆက်မပြတ် တည်တံ့ခိုင်မာ၊ ဖွံ့ဖြိုးတိုးတက်လာခြင်း အပေါ် ကျေးနပ်မိကြောင်း၊ ယခုအကြိမ် တရုတ်ပြည် ခရီးစဉ်၏ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ ဆက်ဆံမှု တစ်ဆင့်တိုးတက်စေရန် ဖြစ်ကြောင်း၊ ဂျီဘူတီ အနေနှင့် Belt and Road တည်ဆောက် ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး အခြေခံ အဆောက်အအုံ အပါအဝင် နယ်ပယ်များတွင် တရုတ်ပြည်နှင့်ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ် လိုကြောင်း ပြောကြားသည်။

အခုလို တွေ့ဆုံဆွေးနွေးမှုတွင် ခေါင်းဆောင်၂ဦးတို့က နှစ်နိုင်ငံ အကြား မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ထားရှိရန် တညီတညွတ်တည်း သဘောတူ ကြောင်းသိရသည်။

 

   Webradio