• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်-ရုရှား သံတမန်ရေး အငြင်းပွားမှု အရှိန်မြင့်လာ

(GMT+08:00) 2017-09-04 15:11:07

ရုရှား နိုင်ငံ ဆိုင်ရာ အမေရိကန် သံတမန် အရာရှိ ဦးရေ လျှော့ချရန် ရုရှားမှ တောင်းဆိုချက်ကို တုန့်ပြန်သည့် အနေဖြင့် ယခုလ ၂ရက်နေ့ မတိုင်မီတွင် အမေရိကန် နိုင်ငံ စန်ဖရန်စစ္စကိုမြို့ ဆိုင်ရာ ရုရှား ကောင်စစ်ဝန်ချုပ်ရုံး၊ ဝါရှင်တန်မြို့နှင့် နယူးယောက် မြို့ဆိုင်ရာ ရုရှား၏ သံတမန်ရေး အဆောက်အဦး ၂ခုကို ပိတ်ရန် အမေရိကန် နိုင်ငံသည် တောင်းဆိုခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ်လ ၃၁ရက်နေ့က ကြေညာသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

အကဲခတ် ပုဂ္ဂိုလ်များက လက်ရှိအချိန်က အမေရိကန်နှင့် ရုရှား အကြားရှိ အထစ် အငေါ့ အဆက်မပြတ် ဖြစ်ပွားကြောင်း၊ အမေရိကန် တပ်ဖွဲ့သည် ဥရောပတွင် ရုရှားကို ရည်ရွယ်ထားသော တပ်စွဲမှုနှင့် လေ့ကျင့်မှုများကို အားဖြည့်ပြုလုပ်နေကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံမှု သည် ရန်ငြိုးထားသည့် အခြေအနေဆိုးတွင် ရောက်ရှိနေကြောင်း ယူဆကြ သည်။

အမေရိကန် လွှတ်တော်မှ ဇူလိုင်လက ရုရှား အပါအဝင် ၃နိုင်ငံ အပေါ် အရေးယူခြင်း အဆိုပြုချက်မူကြမ်းကို အတည်ပြု ပြဌာန်းခြင်းကြောင့် အမေရိကန်-ရုရှား ဆက်ဆံမှုသည် အလွန်ဆိုးရွားသည့် အချိန်တွင် ကျရောက်နေကြောင်း၊ ထို့နောက် အမေရိကန် ဆိုင်ရာ ရုရှား သံတမန် အရာရှိဦးရေ ၄၅၅ဦးနှင့် ညီမျှအောင် ရုရှား သမ္မတ ပူတင်က ရုရှားဆိုင်ရာ အမေရိကန် သံတမန်ရေး လုပ်ငန်းဌာနများအား ဝန်ထမ်းဦးရေ ၇၅၅ဦး လျှော့ချရန် တောင်းဆိုကြောင်း သိရသည်။

 သြဂုတ်လ ၃၁ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် အမေရိကန်သည် ရုရှားမှ တောင်းဆိုချက် အရ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင်၊ ရုရှားမှ တင်ပြသော ညီမျှရေးမူ(principle of reciprocity)အရ အမေရိကန် ဆိုင်ရာ ရုရှား၏ သံတမန်ရေး အဆောက်အဦး ၃ခုကို ပိတ်ရန် တောင်းဆိုကြောင်း ဖော်ပြသည်။

ရုရှားက အမေရိကန်၏ ဆောင်ရွက်ချက်သစ်များကို သေသေချာချာ လေ့လာသုံးသပ် ပြီးလျှင် တုန့်ပြန်မည် ဖြစ်ကြောင်း၊ အမေရိကန် သံတမန်ရေး နယ်ပယ်မှ ရုရှားကို ရည်ရွယ်ထားသည့် ဆောင်ရွက်ချက်များ ဆက်တိုက်ပြုလုပ်ခြင်းကြောင့် ရုရှားသည် လက်စားချေ ဆောင်ရွက်ချက်များ တစ်ဆင့်တိုး ပြုလုပ်နိုင်ဖွယ်ရာရှိကြောင်း၊ အမေရိကန်- ရုရှား သံတမန်ရေး အငြင်းပွားမှုသည် ဆက်လက် အရှိန်မြင့်လာနိုင်ဖွယ်ရာ ရှိကြောင်းလည်း အကဲခတ် ပုဂ္ဂိုလ်များက ယူဆကြသည်။

 

   Webradio