• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၇ ကြိမ်မြောက် အာဆီယံ စီးပွါးရေး အသိုက်အဝန်း+၈ ကျောက်မျက်ရတနာ ထိပ်သီး အစည်းအဝေး ရှန်ဟိုင်း၌ ကျင်းပမည်

(GMT+08:00) 2017-08-08 10:15:41

၆ ကြိမ်မြောက် အာဆီယံ စီးပွါးရေး အသိုက်အဝန်း+၈ ကျောက်မျက်ရတနာ ထိပ်သီး အစည်းအဝေးကို ယခုလ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် လာမည့်အကြိမ် ထိပ်သီး အစည်းအဝေးကို တရုတ်ပြည် ရှန်ဟိုင်းမြို့၌ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

၆ ကြိမ်မြောက် ထိပ်သီး အစည်းအဝေး၏ စည်းရုံးသူ၊ ရန်ကုန် တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဋ္ဌ ဦးအောင်ကျော်ဝင်းက၊ ယခင် ကျင်းပခဲ့သော ထိပ်သီး အစည်းအဝေး ငါးကြိမ်တွင် နိုင်ငံအသီးသီးမှ ကျောက်မျက်ရတနာလုပ်ငန်း အသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အမှုဆောင်ကော်မတီဝင်များကိုသာ ဖိတ်ခေါ်ခဲ့ကြောင်း၊ ယခုအကြိမ် အစည်းအဝေးတွင် တစ်ကမ္ဘာလုံးမှ မြန်မာ ကျောက်မျက်ရတနာဆိုင်ရာ ပါရဂူများနှင့် ကမ္ဘာ့ စံချိန်မီ ကျောက်မျက်ရတနာ စမ်းသပ်ခန်းမှ ပါရဂူများကိုလည်း ဖိတ်ခေါ်လာကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံ၏ ကျောက်မျက်ရတနာကို ကမ္ဘာ့စံချိန်မီအောင် ဆောင်ရွက်ရေး ကိစ္စကို တိုင်ပင် ဆွေးနွေးကြကြောင်း ပြောကြားပါသည်။

မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်သည် တရုတ်ပြည် ကွမ်တုန်း ပြည်နယ် စိန်နှင့် ကျောက်မျက်ရတနာ သုတေသနအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စကို စီစဉ်နေကြောင်း သတင်းရရှိပါသည်။

အာဆီယံ ၁၀ နိုင်ငံမှ ကျောက်မျက်ရတနာ ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအပြင်၊ တရုတ်၊ တရုတ်ဟောင်ကောင်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဂျပန်၊ တောင်ကိုးရီးယား၊ အမေရိကန်နှင့် တူရကီ နိုင်ငံများမှ ကိုယ်စားလှယ်များလည်း ယခုအကြိမ် ကျောက်မျက် ရတနာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

   Webradio