• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဂျာမဏီ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်သစ်များ လီခေ့ချန်၏ ဂျာမဏီ ခရီးစဉ် တိုးချဲ့ပေးမည်ဟု တရုတ်ဆို

(GMT+08:00) 2017-05-30 17:45:37

ယခုလ ၃၁ရက်နေ့မှ ဇွန်လ ၁ရက်နေ့အထိ တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ဂျာမဏီ နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်ပြီး ဂျာမဏီ ဝန်ကြီးချုပ် မာကယ်နှင့် နှစ်နိုင်ငံ ဝန်ကြီးများ နှစ်ပတ်လည် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဝန်ကြီးချုပ် လီခေ့ချန်၏ ယခုအကြိမ် ဂျာမဏီ ခရီးစဉ်၏ အဓိက လုပ်ငန်းတာဝန်၊ လူအများ၏ အာရုံစိုက်သည့် အချက်များ၊ အနာဂတ် တရုတ်-ဂျာမဏီ ပူးပေါင်းဆောင်ရွက် ရေးရှေ့အလားအလာစသည့် အရေးကိစ္စများနှင့် ပတ်သက်၍ ဂျာမဏီ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ရှီမင်ဒေသည် စီအာအိုင် သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။

ယခုနှစ်သည် တရုတ်-ဂျာမဏီ သံတမန် ဆက်ဆံမှု ထားရှိခဲ့သည့် ၄၅နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်သည်။ သံအမတ်ကြီး ရှီမင်ဒေက ပြီးခဲ့သည့် ၄၅နှစ် အတွင်း နှစ်နိုင်ငံ ဆက်ဆံမှုသည် အခက်အခဲနှင့် အဆင်မပြေမှုများ ကြုံတွေ့ခဲ့သော်လည်း ချုံပြီးကြည့်မည် ဆိုလျှင် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ အထူးသဖြင့် ၂၀၁၄ခုနှစ်က ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ထားရှိသည်ဟု နှစ်နိုင်ငံ အစိုးရ ဆုံးဖြတ်ခဲ့သည့် နောက်ပိုင်းတွင် နယ်ပယ် အသီးသီး၌ နှစ်နိုင်ငံ၏ ဆက်ဆံမှုသည် အနှစ်သာရ ရှိသည့် ဖွံ့ဖြိုးတိုးတက်မှု ရရှိခဲ့ကြောင်း၊ ဝန်ကြီးချုပ် လီခေ့ချန် ယခုအကြိမ် ဂျာမဏီ ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ ပြီးခဲ့သည့် ၄၅နှစ် အတွင်း တရုတ်-ဂျာမဏီ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်သုံးသပ်ပြီး နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်သစ်ကို သတ်မှတ်ကာ ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်သစ်ကို ချမှတ်ရန် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio