• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ အပေါ် ကန်နိုင်ငံ အလွှာပေါင်းစုံ အာရုံစိုက်

(GMT+08:00) 2017-04-07 15:17:41

ဧပြီလ ၆ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အထူးလေယာဉ်ဖြင့် အမေရိကန် နိုင်ငံ ဖလောရီဒါပြည်နယ်သို့ ရောက်ရှိပြီး Mar-a-Lagoတွင် အမေရိကန် သမ္မတ ထရမ့်နှင့် တရုတ်-အမေရိကန် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

အမေရိကန် အလွှာပေါင်းစုံတို့သည် ယခုအကြိမ် တရုတ်-အမေရိကန် ထိပ်သီးတွေ့ဆုံ ဆွေးနွေးပွဲ အပေါ် အာရုံစိုက်နေကြကြောင်း၊ အမေရိကန် အိမ်ဖြူတော်မှ ပြောရေးဆိုခွင့် ရှိသူ Sean Spicerက မတ်လကုန်ပိုင်းက ကျင်းပခဲ့သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ထိပ်သီးခေါင်းဆောင် ၂ဦးတို့သည် မိမိတို့ဦးစားပေးလုပ်ငန်းများနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အတွက် ဖွံ့ဖြိုးရေး လမ်းစဉ်ကို ချမှတ်မည် ဖြစ်ကြောင်း၊ ထို့အပြင်၊ အပြန်အလှန် အာရုံစိုက်သော အခြား အရေးကြီး ပြဿနာများကိုလည်း ဆွေးနွေးမည် ဖြစ်ကြောင်း ပြောကြားသည်။

Sean Spicerက ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲသည် အမေရိကန် သမ္မတ အတွက် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ပုဂ္ဂိုလ်ရေး ဆက်ဆံမှု ထားရှိရန် အခွင့်အလမ်း ဖန်တီးပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

တရုတ် နိုင်ငံ ဆိုင်ရာ အမေရိကန် နိုင်ငံ သံအမတ်ကြီးဟောင်း J.Stapleton Royက မကြာခင်က အမေရိကန် တတ်သိပညာရှင်များအဖွဲ့ ဖြစ်သည့် မဟာဗျူဟာနှင့် နိုင်ငံတကာ ရေးရာ သုတေသနစင်တာမှ ကျင်းပခဲ့သည့် နှီးနှောဖလှယ်ပွဲတွင် ထိပ်သီးခေါင်းဆောင် ၂ဦးတို့သည် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် အပြန်အလှန် သိရှိနားလည်မှုကို တိုးပွားစေပြီး ပြဿနာများကို နှစ်ဖက် လက်တွဲ ရင်ဆိုင်ဖြေရှင်းရန် အတွက် အထောက်အကူ ဖြစ်သည့် ဆက်ဆံမှု တည်ဆောက်ရန် ကြိုးပမ်းကြမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

Harvard တက္ကသိုလ် ပါမောက္ခ Joseph S. Nyeက အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များ အကြား ကောင်းမွန်သော ကူးလူးဖလှယ်မှုနှင့် ဆက်ဆံမှု ထားရှိခြင်းသည် အစဉ်တစိုက် အရေးကြီးကြောင်း၊ ပူးပေါင်းဆောင်ရွက်ရေးသည် နှစ်နိုင်ငံ အတွက် သဘောကွဲလွဲမှုထက် ပိုမိုများပြားသည့် အကျိုးစီးပွားများ ဆောင်ကြဉ်း လာနိုင်မည်ကို ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲက ပြဆိုရန် မျှော်လင့်ကြောင်း ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း Robert Hormatsက နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်းသည် နှစ်နိုင်ငံ အကြား တစ်နိုင်ငံကို တစ်နိုင်ငံက ပြိုင်ဘက်အဖြစ် သဘောမထားဘဲ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်လိုသည် ဟူသော အချက်ကို ဖော်ပြနေကြောင်း ပြောကြားသည်။

Pennsylvaniaတက္ကသိုလ် ပါမောက္ခ Avery Goldsteinက ယခုအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲသည် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ အကြား နှစ်နိုင်ငံ ဆက်ဆံမှုနှင့် ပတ်သက်၍ တစ်ဦး၏ အမြင်သဘောကို တစ်ဦးက အပြည့်အဝ သိရှိနားလည်စေပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် သဘောကွဲလွဲမှု စီမံထိန်းချုပ်ရေး အတွက် အထွေထွေ စိမံကိန်း ချမှတ်ရေး အတွက် အထောက်အကူဖြစ်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

Coloradoပြည်နယ် အုပ်ချုပ်ရေးမှူး John Hickenlooperက နိုင်ငံတကာ ရေးရာများတွင် တရုတ်ပြည်၏ ကြီးမားသော သြဇာသက်ရောက်မှုကို လျစ်လျူရှု၍ မရကြောင်း၊ သမ္မတ ထရမ့် အနေနှင့် တရုတ်ပြည်ကို အရေးကြီးသော ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် တစ်ခု အဖြစ် ထားရန် မျှော်လင့်ကြောင်းလည်း ပြောကြားသည်။

   Webradio