• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဖိလစ်ပိုင် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု ၆ နှစ်စီမံကိန်း ချမှတ်မည်

(GMT+08:00) 2017-01-24 09:24:57

ဝန်ကြီး ငါးဦးဖြင့် ဖွဲ့စည်းထားသော ဖိလစ်ပိုင် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်၌ ခရီးလှည့်လည်နေသည်။ ယင်းကိုယ်စားလှယ်အဖွဲ့၏ ယခုအကြိမ် တရုတ်ပြည် ခရီးစဉ်၏ ရည်ရွယ်ချက်မှာ၂၀၁၆ ခုနှစ်က တရုတ်-ဖိလစ်ပိုင် ခေါင်းဆောင်များ ရရှိခဲ့သည့် နှစ်ဖက် စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှုများကို အကောင်အထည်ဖေါ်ဆောင်ရန် ဖြစ်သည်။ ယခုလ ၂၃ ရက်နေ့က တရုတ် ကုန်သွယ်ရေး ဝန်ကြီး ကောဟူချင်သည် ဖိလစ်ပိုင် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ကောဟူချင်က၊ တရုတ်-ဖိလစ်ပိုင် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု ၆ နှစ် စီမံကိန်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုသည် ပြီးမြောက်လုနီး ဖြစ်ပြီး ပထမ အသုတ် လုပ်ငန်းစဉ် သုံးခုအတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၃၇၀၀ ရှိကြောင်း ပြောကြားခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဖက်တို့သည် တရုတ်-ဖိလစ်ပိုင် စီးပွါးကုန်သွယ်ရေး ပူးတွဲ ကော်မတီကို အမြန်ဆုံး ပြန်လည် ထားရှိရန်၊ ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ တရုတ်-ဖိလစ်ပိုင် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေး စီမံကိန်းကို တိုင်ပင်ဆွေးနွေးပြီး ချုပ်ဆိုရန်၊ နှစ်ဖက်တို့၏ ဦးစားပေး ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို ချမှတ်ရန် တို့ကို တညီတညွတ်တည်း သဘောတူကြပါသည်။

လက်ရှိအချိန်တွင် တရုတ်-ဖိလစ်ပိုင် စီးပွါးကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးမှာ တစ်နေ့ထက်တစ်နေ့ တိုးတက်လာနေသည်။ အစိုးရဘက်မှ စာရင်းအရ၊ ၂၀၁၆ ခုနှစ်တွင် တရုတ်-ဖိလစ်ပိုင် ကုန်သွယ်မှု တိုးတက်မှု ပမာဏမှာ ၂၀၁၅ ခုနှစ်ကထက် ၉့ ၈ ရာခိုင်နှုန်း တိုးများလာပြီး ယင်းဂဏန်းသည် တရုတ်နှင့် အာဆီယံ ကုန်သွယ်မှု တိုးတက်နှုန်းထက် ပိုမြင့်ပါသည်။

   Webradio