• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တတိယ ၃လပတ် တရုတ် ဂျီဒီပီ ၆့၇ရာခိုင်နှုန်းတိုးလာ

(GMT+08:00) 2016-10-20 13:12:03

၁၉ရက်နေ့က တရုတ် နိုင်ငံတော် စာရင်းအင်းဌာနက ထုတ်ပြန်သော စာရင်းအရ ၂၀၁၆ခုနှစ် တတိယ ၃လပတ်က တရုတ်ပြည်၏ ဂျီဒီပီ ပမာဏသည် ယခုနှစ် ပထမ၊ဒုတိယ ၃လပတ်နှင့် ညီမျှပြီး ယမန်နှစ် အလားတူ အချိန်ကထက် ၆့၇ရာခိုင်နှုန်း တိုးလာ ကြောင်းသိရသည်။

ယင်းစာရင်းနှင့် ပတ်သက်၍ နိုင်ငံတော် စာရင်းအင်းဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရှင်လိုင်ယွင်က ခြုံပြီးကြည့်မည်ဆိုလျှင် လက်ရှိအချိန်တွင် တရုတ် အမျိုးသား စီးပွားရေး သည် တည်ငြိမ်စွာ လည်ပတ်ပြီး မူလခန့်မှန်းချက်ထက် ပိုမိုကောင်းမွန်ကြောင်း၊ တရုတ် စီးပွားရေးသည် တိုးတက်မှုရရှိသည့်အပြင်၊ တိုးတက်မှု အရည်အသွေးလည်း တိုးမြင့် လာကြောင်း ယူဆသည်ဟု ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာ အထိ တရုတ်ပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်း ပမာဏ(ဂျီဒီပီ)သည် တရုတ် ယွမ်ငွေ ဘီလီယံ ၅သောင်း၃ထောင်ခန့် ရှိပြီး ယမန်နှစ် အလားတူ အချိန်ကထက် ၆့၇ရခိုင်နှုန်း တိုးလာကြောင်း၊ ပထမ၊ ဒုတိယနှင့် တတိယ ၃လပတ်က တိုးနှုန်းမှာ ၆့၇ရာခိုင်နှုန်း အသီးသီး ရှိကြောင်း၊ လယ်ယာလုပ်ငန်း တိုးတက်မှု ပမာဏမှာ ယွမ်ငွေ ဘီလီယံ ၄၀၀၀ကျော်ရှိပြီး ယမန်နှစ် အလားတူ အချိန်ကထက် ၃့၅ရာခိုင်နှုန်း တိုးလာကြောင်း၊ စက်မှုလုပ်ငန်း တိုးတက်မှု ပမာဏမှာ ယွမ်ငွေ ဘီလီယံ ၂သောင်းကျော် ရှိပြီး ယမန်နှစ် အလားတူ အချိန်ကထက် ၆့၁ရာခိုင်နှုန်း တိုးလာကြောင်း၊ ဝန်ဆောင်မှု လုပ်ငန်း တိုးတက်မှု ပမာဏမှာ ယွမ်ငွေ ဘီလီယံ ၂သောင်း၈ထောင်ခန့် ရှိပြီး ယမန်နှစ် အလားတူ အချိန်ကထက် ၇့၆ရာခိုင်နှုန်း တိုးလာကြောင်း နိုင်ငံတော် စာရင်းအင်း ဌာနမှ စာရင်းအရ သိရသည်။

သို့သော် ပြောရေးဆိုခွင့်ရှိသူ ရှင်လိုင်ယွင်က တရုတ်စီးပွားရေးသည် ဖွဲ့စည်းပုံ ထိန်းညှိခြင်း၊ အဆင့်တိုးမြင့်ခြင်းနှင့် တွန်းအားပေးမှု ပြောင်းလဲခြင်း ဆိုင်ရာ သော့ချက်ကျ သောအဆင့်ကာလတွင် ရှိနေသေးကြောင်း၊ မရေမရာဖြစ်မှု များစွာ ရှိနေသေးကြောင်း၊ စီးပွားရေး ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အခြေခံ အုတ်မြစ် မခိုင်မာသေးကြောင်းလည်း ပြောကြားသည်။

ယခုနှစ် စတုတ္ထ ၃လပတ်တွင် စီးပွားရေး တိုးနှုန်းနှင့် ပတ်သက်၍ တရုတ် နိုင်ငံတကာ စီးပွားရေး ကူးလူးဖလှယ်မှု စင်တာ စီးပွားရေး သုတေသနဌာန ဌာနမှူး၊ သုတေသီ ရွှီဟုန် ဆိုင်က စတုတ္ထ ၃လပတ်တွင် တရုတ် စီးပွားရေးသည် ဆက်လက် တည်ငြိမ်စွာ တိုးတက် မည်ဖြစ်ပြီး တိုးနှုန်းမှာ ၆့၆ရာခိုင်နှုန်းခန့် ရှိနိုင်ဖွယ်ရာရှိကြောင်း၊ ယခုနှစ် တစ်နှစ်ပတ်လုံး စီးပွားရေး ပျမ်းမျှတိုးနှုန်းမှာ ၆့၇ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းရကြောင်း ပြောကြားသည်။

ပြောရေးဆိုခွင့်ရှိသူ ရှင်ယွင်လိုင်က တရုတ် စီးပွားရေး အခြေအနေသည် အလွန် ကောင်းမွန်ကြောင်း၊ တရုတ် စီးပွားရေးသည် ပိုမို တည်ငြိမ်စွာ လည်ပတ်နေကြောင်း၊ စီးပွားရေး ဖွဲ့စည်းပုံ တရားနည်းလမ်းကျလာပြီး စီးပွားရေး တိုးတက်မှု အရည်အသွေးလည်း တိုးမြင့်လာနေကြောင်း၊ ယင်းသည် တရုတ် ယွမ်ငွေ တည်ငြိမ်စေရေး အတွက်        အားအကောင်းဆုံး ကျားကန်ပေးမှု ဖြစ်ကြောင်း ပြောကြားသည်။

   Webradio