• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် တရုတ်-အာဆီယံ  ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်း ပြောကြား

(GMT+08:00) 2016-09-08 09:05:20

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ဒေသစံတော်ချိန် ၇ ရက်နေ့ နံနက်ပိုင်းက လာအို နိုင်ငံ ဗီယင်ကျန်းမြို့၌ ၁၉ အကြိမ် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် တရုတ်-အာဆီယံ ဆွေးနွေးဘက် ဆက်ဆံမှု ထားရှိခဲ့သည့် ၂၅ နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း၊ လီခေ့ချန်နှင့် လာအို ဝန်ကြီးချုပ် သုန်လွန်တို့သည် အစည်းအဝေးကို ပူးတွဲ ကြီးမှူးပြီး အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များသည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

လီခေ့ချန်က မိန့်ခွန်းပြောကြားရာတွင် တရုတ်-အာဆီယံ ဆက်ဆံမှု တိုးတက်ရေးဆိုင်ရာ အဆိုပြုချက် ငါးရပ်ကို တင်ပြထားသည်။

ယင်းတို့သည် တရုတ်-အာဆီယံ ဆက်ဆံမှု အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ခြင်း၊ နိုင်ငံရေး လုံခြုံမှု ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖေါင်း ဖွဲ့စည်းတည်ထောင်ခြင်း၊ စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စွမ်းအားသစ်ကို မွေးထုတ်ခြင်း၊ လူမှုရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကျောရိုးမဏ္ဍိုင်သစ် ထူထောင်ခြင်းနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အခြေအနေသစ်ကို လက်တွဲ ဖန်တီးပေးခြင်းတို့ ဖြစ်ကြောင်း သိရပါသည်။

လီခေ့ချန်က၊ လွန်ခဲ့သည့် ၂၅ နှစ်သည့် နှစ်ဖက် ဆက်ဆံမှု လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေး အချိန်ကာလ ဖြစ်ပြီး လာမည့် ၂၅ နှစ်သည် နှစ်ဖက် ဆက်ဆံမှု အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ ရင့်ကျက် ကာလ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံနှင့်အတူ ယုံကြည်စိတ်ရှိရှိဖြင့် အတိတ်ကကို ဆက်ခံပြီး အနာဂတ်ရေးကို တွန်းအားပေးလိုကြောင်း ပြောကြားသည်။

လီခေ့ချန်သည် တောင်ပင်လယ်ပြဿနာနှင့် ပတ်သက်ပြီး တရုတ်ပြည်ဘက်၏ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားသည်။

ယခုအကြိမ် အစည်းအဝေးတွင် ၁၉ အကြိမ် တရုတ်-အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် တရုတ်-အာဆီယံ ဆွေးနွေးဘက် ဆက်ဆံမှု ထားရှိသည့် ၂၅ နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်၊ တရုတ်-အာဆီယံ ကုန်ထုတ်စွမ်းအား ပူးပေါင်းဆောင်ရွက်မှု ပူးတွဲ ကြေညာချက်၊ တရုတ်နှင့် အာဆီယံ နိုင်ငံများ ပင်လယ် အရေးပေါ် အရေးအခင်း တုံ့ပြန်ဖြေရှင်းရေး အဆင့်မြင့် သံတမန်အရာရှိများ အရေးပေါ်ဖုန်းလိုင်း ပလက်ဖောင်း လမ်းညွှန်စာတမ်းနှင့် တရုတ်နှင့် အာဆီယံနိုင်ငံများ "ပင်လယ်ပြင်၌ ရှောင်သခင် ဆုံတွေ့ စည်းမျဉ်း" ကို တောင်ပင်လယ်၌ပါ အသုံးပြုရေး အပါအဝင် စာတမ်း လေးရပ်ကို အတည်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio