• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျီ-၂၀ဟန်ကျိုးထိပ်သီးအစည်းအဝေးရုပ်သိမ်း

(GMT+08:00) 2016-09-05 21:42:41

၁၁ကြိမ်ဂျီ-၂၀ထိပ်သီးအစည်းအဝေးကို ယနေ့၅-ရက်နေ့တွင် ဟန်ကျိုးမြို့တွင် ရုပ်သိမ်းလိုက်သည်။ အိမ်ရှင်နိုင်ငံအနေဖြင့် ထိပ်သီးအစည်းအဝေးရုပ်သိမ်းပြီးနောက် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ပြီး ထိပ်သီး အစည်းအဝေးတွင်ရရှိခဲ့သော အောင်မြင်မှုများကို ရှင်းလင်းပြောကြားသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန် က၊ ဘက်အသီးသီးတို့သည် ကမ္ဘာ့စီးပွားရေးအတွက် နည်းလမ်းများ ကို ရှာကြံရန်၎င်း၊ ဖွံ့ဖြိုးရေးအသွင်ကို ဆန်းသစ်တီထွင်ရန်၎င်း၊ တစ်ကမ္ဘာလုံး စီးပွားရေးနှင့် ငွေကြေးစီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်ပြည့်စုံစေရန်၎င်း၊ နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးကို ပြန်လည်ရှင်သန်စေရန်၎င်း၊ သက်ညှာထောက်ထားပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်သော ဖွံ့ဖြိုးရေးပုံစံကို တွန်းအားပေးပြီး ဂျီ-၂၀ပူးပေါင်းဆောင်ရွက်ရေး အကျိုးရလဒ်ကို တစ်ကမ္ဘာလုံး မျှဝေခံစားစေရန်၎င်း ဆုံးဖြတ်ကြကြောင်း ပြောကြားသည်။

သတင်းထောက်နှင့်တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် က၊ ဂျီ-၂၀ ဟန်ကျိုးထိပ်သီး အစည်းအဝေး ကျင်းပချိန်သည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဂျီ-၂၀အုပ်စု အသွင်ပုံစံ ပြုပြင်ပြောင်းလဲမှု၏ သော့ချက်ကျ အချိန်ဖြစ်သဖြင့် ယင်းအစည်းအဝေးကို နိုင်ငံတကာ မိသားစုကြီးက ကျယ်ပြန့်စွာ အာရုံစိုက်ကြသည့်အပြင် ဘက်အသီးသီးတို့သည်လည်း မျှော်လင့်ချက်ထားရှိကြောင်း၊ ဂျီ-၂၀အဖွဲ့ဝင်နိုင်ငံများ၊ ဧည့်နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ခေါင်းဆောင်တို့၏ အတူတကွကြိုးပမ်းဆောင်ရွက်မှုကြောင့် အောင်မြင် မှုများရရှိပြီး မူလရည်မှန်းချက်ကို အကောင်အထည်ဖော်ကြောင်း ပြောကြားသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန် က၊ လက်ရှိအချိန်တွင် ကမ္ဘာ့အန္တရာယ်နှင့် စိန်ခေါ်မှု ရင်ဆိုင်ပြီး ငြိမ်းချမ်းတည်ငြိမ်သောနိုင်ငံတကာပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန် အလွန် အရေးကြီးကြောင်း ပြောကြားသည်။

ထိပ်သီးအစည်းအဝေးတွင် ဂျီ-၂၀အုပ်စုဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးရေးပုံစံပြာကို အတည်ပြုသည့်အပြင် ဘက်အသီးသီးတို့သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွင် အရေးကြီးသောသဘောတူညီမှုများကိုလည်း ရရှိကြ သည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန် က၊ ယခုနှစ်တွင် မိမိတို့သည် ဖွံ့ဖြိုးရေး နယ်ပယ်၌ ပထမအကြိမ် သုံးခုကို ဖေါ်ဆောင်နိုင်ခဲ့ကြောင်း၊ ပထမအကြိမ်အဖြစ် ဖွံ့ဖြိုးမှုပြဿနာကို ကမ္ဘာ့မက်ဂရို မူဝါဒ မူဘောင်၏ အရေးကြီးနေရာ၌ ထားရှိပြီး ပထမအကြိမ်အဖြစ် ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် ဆက်တိုက်ဖွံ့ဖြိုးရေးအစီအစဉ် ဖေါ်ဆောင်ရေးအတွက် လုပ်ငန်းစဉ် စီမံကိန်းကို ရေးဆွဲချမှတ်ကာ ပထမဆုံးအကြိမ်အဖြစ် အာဖရိကနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးသော နိုင်ငံများ စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှုကို စုပေါင်းထောက်ခံကြောင်း ပြောကြားသည်။

အနာဂတ်တွင် ဂျီ-၂၀အုပ်စု၏ ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ဘက်အသီးသီးတို့က၊ အကျပ်အတည်း ရင်ဆိုင်ဖြေရှင်းရေးစနစ်မှနေ ရေရှည်စီမံခန့်ခွဲရေးစနစ်သို့ တဆင့်တိုး ပြောင်းလဲရမည် ဖြစ်ကြောင်း၊ တာတို မူဝါဒကို အလေးထားရာမှနေ၍ တာတို၊ တာရှည် မူဝါဒကို တပြိုင်တည်း အလေးထားရာသို့ ပြောင်းလဲရမည်ဖြစ်ကြောင်း ပြောကြားကြသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန် က၊ ဟန်ကျိုးထိပ်သီးအစည်းအဝေးကျင်းပပြီးနောက် ဘက်အသီးသီး တို့သည် ဆက်လက်လက်တွဲကြိုးပမ်းဆောင်ရွက်ပြီး ဟန်ကျိုးထိပ်သီးအစည်းအဝေး၏ ရလဒ်ကို အကောင်အထည်ဖော်ကြမည်ဖြစ်ကြောင်း၊ ဟန်ကျိုးထိပ်သီးအစည်းအဝေးကို အစပြုပြီး ဂျီ-၂၀အုပ်စုဆက်လက်ချီတက်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio