• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် စီးပွါးရေး မှန်မှန် တိုးတက်နိုင်မည်

(GMT+08:00) 2016-07-05 09:54:59

တရုတ် စီးပွါးရေး အဆင့်မြင့်ဖိုရမ်ကို ၄ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့သည်။ စီးပွါးရေး ပညာရှင်များက၊ ၁၃ ခုမြောက် ငါးနှစ်စီမံကိန်း ကာလအတွင်း တရုတ်ပြည် စီးပွါးရေးမှာ ၆့ ၅ ရာခိုင်နှုန်းဖြင့် မှန်မှန် တိုးတက်နိုင်မည် ဖြစ်ကြောင်း ခန့်မှန်းကြသည်။

ယခုနှစ်သည် တရုတ်ပြည် ၁၃ ခုမြောက် ငါးနှစ်စီမံကိန်း၏ ပထမနှစ် ဖြစ်သလို အသင့်အတင့် ချမ်းသာချောင်လည်သော လူ့ဘောင်အဖွဲ့အစည်း ဘက်စုံ ထူထောင်ရေး ရည်မှန်းချက် အကောင်အထည်ဖေါ်ဆောင်ရေး အချိန်ကာလလည်း ဖြစ်သဖြင့် တရုတ်ပြည် စီးပွါးရေး တိုးတက်မှုအရှိန်သည် အများတကာ၏ အာရုံစူးစိုက်ရာပင် ဖြစ်သည်။

လက်ရှိအချိန်တွင် တရုတ်ပြည် စီးပွါးရေး တိုးတက်နှုန်းမှာ ၂၀၁၀ ပြည့်နှစ်က ရာခိုင်နှုန်း တစ်ဆယ်ကျော် ရှိရာမှနေ၍ ယခုနှစ် ပထမ သုံးလပတ်က ၆့ ၇ ရာခိုင်နှုန်းအထိ ကျဆင်းလာသည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ် နာမည်ကြီး စီးပွါးရေးပညာရှင်၊ ကမ္ဘာ့ဘဏ် အဆင့်မြင့်ဒုဥက္ကဋ္ဌနှင့် ထိပ်တန်းစီးပွါးရေးပညာရှင် လင်ယိဖူးက၊ စီးပွါးရေး စနစ်ဆိုင်ရာ အကြောင်းရင်းအပြင် နိုင်ငံတကာ စီးပွါးရေး ပတ်ဝန်းကျင်သည်လည်း တရုတ်ပြည် စီးပွါးရေး အပေါ် ဂယက်ရိုက်ခတ်မှု နက်ရှိုင်းပါကြောင်း၊ မျက်မှောက်ကာလ၌ တရုတ်အစိုးရသည် ပြည်တွင်း ဝယ်လိုအား အသင့်အတင့် တိုးချဲ့ရန် တင်ပြခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ပစ္စည်း စားသုံးမှု ရှုထောင့်မှနေ၍ ပြောရလျှင် တရုတ်နိုင်ငံသည် အခြားနိုင်ငံများ မပိုင်ရှိသော အခြေအနေနှင့် အခွင့်အလမ်းများ ပိုင်ရှိကြောင်း သုံးသပ်ထားသည်။

လင်ယိဖူက၊ တရုတ်ပြည် စီးပွါးရေးမှာ ဖွံ့ဖြိုးတိုးတက်ရန် ကိန်းဝပ်စွမ်းအား အားကောင်းပြီး မူဝါဒလည်း ပြည့်စုံကြောင်း၊ မူဝါဒများကို ကောင်းမွန်စွာ အကောင်အထည် ဖေါ် ကျင့်သုံးနိုင်လျှင် တရုတ်ပြည် စီးပွါးရေး တိုးတက်နှုန်းကို ၆့ ၅ ရာခိုင်နှုန်းကျော် ထိန်းသိမ်းနိုင်မည်ဟု မိမိ ယုံကြည်ပါကြောင်း ပြောကြားသည်။

   Webradio