• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုစနစ် တရားဝင် စတင်

(GMT+08:00) 2016-03-24 10:37:33

လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု ပထမအကြိမ် ထိပ်သီး အစည်းအဝေးကို ၂၃ ရက်နေ့ နံနက်ပိုင်းက တရုတ်ပြည် ဟိုင်နန်းပြည်နယ် စမ်းယာ့မြို့၌ ကျင်းပခဲ့ရာ တရုတ် ဝန်ကြီးချုပ် လီခေ့ချန်နှင့် ထိုင်း ဝန်ကြီးချုပ် ဘရာယွတ်တို့သည် ယခုအကြိမ် အစည်းအဝေးကို ပူးတွဲ ကြီးမှူး ကျင်းပခဲ့သည်။

လီခေ့ချန်က မိန့်ခွန်းပြောကြားရာတွင်၊ လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုသည် ထွန်းသစ်စ အကြောင်းကိစ္စ ဖြစ်ကြောင်း၊ ငြိမ်းချမ်းတည်ငြိမ်မှု လက်တွဲ တွန်းအားပေးရေးနှင့် ဖွံ့ဖြိုးမှုကို ရှေးရှုရေးကို စွဲကိုင်သင့်ကြောင်း၊ လုပ်ငန်းများကို အလေးထား၍ တွန်းအားပေးရမည် ဖြစ်ပြီး တံခါးဖွင့်ရေးနှင့် သက်ညှာထောက်ထားရေးကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

လမ်ဆန်မြစ်-မဲခေါင်မြစ်သည် တရုတ်ပြည်၌ မြစ်ဖျားခံပြီး မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်ကို ဖြတ်သန်း စီးဆင်းကာ မြစ်တဝှမ်းမှ နေထိုင်သူ ဦးရေမှာ ၃၂၆ သန်းကျော် ရှိသည်။

လီခေ့ချန်က၊ ဤစနစ် တည်ထောင်ခြင်းဖြင့် နိုင်ငံရေး လုံခြုံမှု၊ စီးပွါးရေးနှင့် ဆက်တိုက် ဖွံ့ဖြိုးမှု၊ လူမှု ယဉ်ကျေးမှု အပါအဝင် ကျောရိုးမဏ္ဍိုင် သုံးခုကို တည်ထောင်ကာ ယင်းကို ညီညွတ်စွာ ဖွံ့ဖြိုးတိုးတက်စေရမည် ဖြစ်ကြောင်း၊ အပြန်အလှန် ဆက်သွယ်မှု၊ ကုန်ထုတ် စွမ်းအား၊ နိုင်ငံဖြတ်ကျော် စီးပွါးရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေး နယ်ပယ် ၅ ခု၌ ဦးစားပေး ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

လီခေ့ချန်က၊ ယခုအကြိမ် အစည်းအဝေးတွင် လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု ပထမအကြိမ် ထိပ်သီးအစည်အးဝေးဆိုင်ရာ စမ်းယာ့ ကြေညာချက်ကို အတည်ပြုပြီး လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုစနစ်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ကို ချမှတ်ခဲ့ကြောင်း၊ လမ်ဆန်မြစ်-မဲခေါင်မြစ် နိုင်ငံများ ကုန်ထုတ်စွမ်းအား ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကြေညာချက်ကိုလည်း အတည်ပြုခဲ့ပြီး ဒေသငယ် နိုင်ငံများ၏ စက်မှု လုပ်ငန်း ဖွံ့ဖြိုးရေးဖြစ်စဉ်ကို တွန်းအားပေးရန် ဆုံးဖြတ်ခဲ့ကြောင်း၊ မိမိတို့သည် အစောပိုင်း လုပ်ငန်းစဉ်များ စာရင်းဇယားကို အတည်ပြုပြီး လုပ်ငန်းစဉ်များ အမြန်ဆုံး အကောင်အထည်ဖေါ်ဆောင်စေရန်၊ ဒေသတွင်း ပြည်သူပြည်သားများ အမြန်ဆုံး အကျိုးခံစားစေရန် တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

လီခေ့ချန်က၊ တရုတ်နိုင်ငံသည် မဲခေါင်မြစ်နိုင်ငံများနှင့် လမ်ဆန်မြစ်-မဲခေါင်မြစ် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေးဌာနနှင့် ပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်ရေး ဌာနတို့ကို ပူးတွဲ ထားရှိလိုကြောင်း၊ တရုတ်နိုင်ငံသည် မြစ်ညာနှင့် မြစ်ကြေ ဒေသနှစ်ခုလုံး၏ အကျိုးစီးပွါးရေးကို အလေးထားပြီး မြစ်ကြေဒေသမှ ပြည်သူပြည်သားများ၏ နေထိုင်မှုဘဝ ကောင်းမွန်စေရေးကို ထောက်ခံသွားမည် ဖြစ်ကြောင်း၊ တရားနည်းလမ်းကျပြီး ထိရောက်သော ဆောင်ရွက်မှုများဖြင့် သက်ဆိုင်ရာ တို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းမည် ဖြစ်ကာ ဘက်အသီးသီးတို့၏ မိုးခေါင်ရေရှားမှုနှင့် ရေကြီးမှု အခြေအနေအရ သင့်လျော်သည့် နည်းလမ်းများ ကျင့်သုံးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြစ်ကြေဒေသများ၌ ဆည်မြောင်းတာတမံ လုပ်ငန်း ဆောက်လုပ်မှုကို အကူအညီပေးလိုကြောင်း ပြောကြားသည်။

ထိုင်း ဝန်ကြီးချုပ် ဘရာယွတ်ကလည်း၊ လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ခြင်းသည် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဆက်တိုက် ဖွံ့ဖြိုးရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း၊ မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့ တောင်ဖက်ခြမ်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နောက်ထပ် စံနမူနာကောင်း တစ်ရပ် ဖြစ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio