• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု ပြောကြား

(GMT+08:00) 2016-03-21 10:49:38

လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု ပထမ အကြိမ် ထိပ်သီး အစည်းအဝေးကို ၂၃ ရက်နေ့တွင် တရုတ်ပြည် ဟိုင်နန်းပြည်နယ် စမ်းယာ့မြို့၌ ကျင်းပမည် ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံ ငါးနိုင်ငံမှ ခေါင်းဆောင်တို့သည် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ပြီး  လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု စတင်ပွဲ အခမ်းအနားကိုလည်း ပြုလုပ်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန့်က၊ လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု ကမ်းလှမ်းချက်သည် မြန်မာနိုင်ငံနှင့် လွန်စွာ ရေစက်ပါကြောင်း၊ လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု ကမ်းလှမ်းချက်ကို ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ သဘာပတိနိုင်ငံ အဖြစ် ထမ်းဆောင်စဉ် တရုတ် ဝန်ကြီးချုပ် လီခေ့ချန်က နေပြည်တော် တရုတ်-အာဆီယံ ထိပ်သီး အစည်းအဝေးတွင် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟုန်လျန့်က၊ မဲခေါင်မြစ် နိုင်ငံများသည် တရုတ်နိုင်ငံနှင့် တောတောင်ရေမြေ ဆက်စပ် ပြီး ကံကြမ္မာ ရင်းနှီးစွာ ဆက်စပ်နေကြောင်း၊ တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများသည် ကံကြမ္မာ အသိုက်အဝန်းပင် ဖြစ်သည် ဆိုသလို ရေသည် ကံကြမ္မာထဲတွင် လွန်စွာ အရေးကြီးပြီး ရေမရှိပါက အသက် ကံကြမ္မာ ရှိနိုင်မည်လည်း မဟုတ်ကြောင်း၊ မိမိတို့သည် ဤမြစ်ကြီးကို အတူ ပိုင်ဆိုင်ကြသဖြင့် ဤပူးပေါင်းဆောင်ရွက်မှုကို လမ်ဆန်မြစ်-မြဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုကိုပင် သဘာဝကျကျ အမည်ပေးထားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လမ်ဆန်မြစ်-မဲခေါင်မြစ် တလျှောက်မှ ပြည်သူများသည် တရေတည်း သောက်နေကြသည်။ အယ်နီနို ဖြစ်ရပ်၏ ဂယက်ရိုက်ခတ်မှုကြောင့် လမ်ဆန်မြစ်-မဲခေါင်မြစ် တလျှောက်က နိုင်ငံများတွင် မိုးခေါင်ရေရှားမှု အနည်းနှင့်အများ ဖြစ်ပွါးခဲ့သည်။ ဗီယက်နမ်၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံသည် မတ်လ ၁၅ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ယူနန်ပြည်နယ် ကျင်ဟုန် ရေအားလျှပ်စစ်ဓါတ်အားပေးစခန်းသည် မြစ်ကြေဒေသသို့ အရေးပေါ် ရေဖြည့်ပေးရန် ဆုံးဖြတ်ခဲ့သည်။

သံအမတ်ကြီး ဟုန်လျန့်က၊ လောလောဆယ်တွင် မိမိတို့သည် ရေအမြောက်အများ ပေးလွှတ်ပြီး ရည်ရွယ်ချက်မှာ မြစ်ကြေ မဲခေါင်မြစ်ဒေသ မိုးခေါင်ရေရှားမှု အခြေအနေ လျော့ပေါ့စေရန် ဖြစ်ကာ မြန်မာနိုင်ငံ အပါအဝင် မဲခေါင်မြစ် တလျှောက်က နိုင်ငံများ၏ ကြိုးဆိုမှု ခံရပါကြောင်း၊ ဤသို့သော ပူးပေါင်းဆောင်ရွက်မှုမှတဆင့် အိမ်နီးချင်း ချစ်ကြည်ရေး အစဉ်အလာ တဆင့်တိုး တိုးတက် ကောင်းမွန်လာကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်ပြီး ဟုန်လျန့်က၊ အာဆီယံသည် အာဆီယံ အသိုက်အဝန်း တည်ထောင်ရေးလုပ်ငန်းကို လုပ်ဆောင်နေကြောင်း၊ အာဆီယံ အသိုက်အဝန်း ဖွံ့ဖြိုးရာ၌ ရင်ဆိုင်နေရသော အကြီးဆုံး ပြဿနာသည် ဒေသချင်း ဖွံ့ဖြိုးမှုဆိုင်ရာ ကွာဟမှု ကြီးလွန်းအားကြီးပင် ဖြစ်ကြောင်း၊ မဲခေါင်မြစ်ဒေသ၌ ဖွံ့ဖြိုးမှုသည် အသင့်အတင့် နောက်ကျနေသေးကြောင်း၊ အာဆီယံသည် နိုင်ငံတကာ မိသားစုကြီး အထူးသဖြင့် တရုတ် နိုင်ငံက အာဆီယံ အသိုက်အဝန်း တည်ထောင်မှုကို အားပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဟုန်လျန့်က၊ တရုတ်နိုင်ငံသည် မဲခေါင်မြစ် နိုင်ငံများ၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ ဖြစ်ပြီး တရုတ်ပြည်၏ ယင်းဒေသ၌ ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးတက်မှုသည်လည်း အမြန်ဆန်ဆုံး ဖြစ်ကြောင်း၊ မဲခေါင်မြစ်ဒေသ၌ အခြေခံ အဆောက်အအုံ အသင့်အတင့် ခေတ်နောက်ကျကြောင်း၊ တရုတ်နိုင်ငံက အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးဘဏ် တည်ထောင်ရန် ကမ်းလှမ်းချက်ကို တင်ပြ ခဲ့ပြီးနောက် မဲခေါင်မြစ် နိုင်ငံများ တုံ့ပြန်မှုသည် အတက်ကြွဆုံး ဖြစ်ပြီး အစောဆုံးသော ရှေ့ဆောင် စာချုပ်ဝင်နိုင်ငံများလည်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အရင်းအမြစ်နှင့် ပလက်ဖေါင်း တစ်နေ့ထက်တစ်နေ့ များပြားလာပြီး အနာဂတ် လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အကူများကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သံအမတ်ကြီး ဟုန်လျန့်က၊ ကျင်းပတော့မည့် လမ်ဆန်မြစ်-မြဲခေါင်မြစ် ထိပ်သီး အစည်းအဝေးအတောအတွင်း နိုင်ငံ ၆ နိုင်ငံတို့၏ အစောပိုင်းကာလ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ ရှိမည် ဖြစ်ကြောင်း၊ လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နှင့် မဲခေါင်မြစ်နိုင်ငံများ ဆက်ဆံမှု တိုးတက်ရေး၊ တရုတ်နှင့် အာဆီယံ နိုင်ငံများ ဆက်ဆံမှု တိုးတက်ရေး၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးအတွက် လွန်စွာ အရေးကြီးကြောင်း ပြောကြားခဲ့သည်။

   Webradio