• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန် ကျူးကျော်မှု တရုတ်ပြည်သူများ ခုခံရေးစစ်နဲ့ ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေးစစ် အောင်ပွဲခံ နှစ် ၇၀ပြည့် အထိမ်းအမှတ်ပွဲ ပီကင်းမှာ ကျင်းပ

(GMT+08:00) 2015-09-03 17:14:23

ဂျပန် ကျူးကျော်မှု တရုတ်ပြည်သူများ ခုခံရေးစစ်နဲ့ ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေးစစ် အောင်ပွဲခံ နှစ် ၇၀ပြည့်မြောက်ခြင်းကို အထိမ်းအမှတ်ပြုတဲ့ အနေနဲ့ ၃ရက်နေ့ နံနက်ပိုင်းက တရုတ် အစိုးရဟာ ပီကင်း ထျန်အန်မင် ရင်ပြင်တော်မှာ အထိမ်းအမှတ်ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့တယ်။ ဒါဟာ တရုတ်ပြည် အနေနဲ့ ပထမဆုံး အကြိမ်အဖြစ် ကြီးကျယ်ခမ်းနားတဲ့ ဗိုလ်ရှုခံပွဲ အခမ်းအနားနဲ့ နိုင်ငံ အသီးသီးမှ ပြည်သူများနဲ့ အဲဒီ သမိုင်းဝင် ကိစ္စကို အတူတကွ အထိမ်းအမှတ်ပြုကြခြင်း ဖြစ်တယ်။ ဒီအခမ်းအနားမှာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်ဟာ အရေးကြီး မိန့်ခွန်းပြောကြားပြီး ဂုဏ်ပြုတပ်ဖွဲ့များကို စစ်ဆေးခဲ့တယ်။

မိန့်ခွန်းပြောကြားခဲ့ရာမှာ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဂျပန် ကျူးကျော်မှု တရုတ်ပြည်သူများ ခုခံရေးစစ်နဲ့ ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေးစစ်ဟာ တရားမျှတမှုနဲ့ မတရားမှု အကြား၊ အလင်းရောင်နဲ့ မှောင်မိုက်မှု အကြား ဆင်နွှဲတဲ့ တိုက်ပွဲ ဖြစ်ကြောင်း၊ တရုတ် ပြည်သူများဟာ ရွပ်ရွပ်ချွံချွံ သွေးမြေကျ တိုက်ပွဲ ဆင်နွှဲကာ ဂျပန် စစ်ဝါဒီ ကျူးကျော်ရေး သမားများကို အပြီးအပြတ် အနိုင်တိုက်ခိုက်ပြီး နှစ်ပေါင်း ၅ထောင်ကျော်မှာ ရရှိတဲ့ တရုတ် အမျိုးသား ယဉ်ကျေးမှု အောင်မြင်မှု၊ လူသားတို့ရဲ့ ငြိမ်ချမ်းရေး လုပ်ငန်းကို ထိန်းသိမ်း ကာကွယ်တဲ့ အပြင်၊ ကမ္ဘာ့စစ်ပွဲ သမိုင်းကြောင်းမှာ အံ့အားသင့်ဖွယ်ရာ တရုတ် အမျိုးသားတွေရဲ့ မဟာဆောင်ရွက်ချက်ကို ဖန်တီးပေးခဲ့ကြောင်း၊ ဂျပန် ကျူးကျော်မှု တရုတ် ပြည်သူများ ခုခံရေးစစ် အောင်ပွဲခံခြင်းဟာ တရုတ် ခေတ်နီးပိုင်းမှာ နိုင်ငံခြား ကျူးကျော်မှုတွေကို ခုခံတိုက် ခိုက်ခဲ့ရာ များစွာ ရှုံးနိမ့်ခဲ့ခြင်းကြောင့် ခံခဲ့ရတဲ့ အရှက်တကွဲ ဖြစ်ရခြင်းကို ပပျောက်စေ ခဲ့ကြောင်း၊ ဂျပန် ကျူးကျော်မှု တရုတ်ပြည်သူများ ခုခံရေးစစ်နဲ့ ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေးစစ် အောင်ပွဲခံ နှစ် ၇၀ပြည့်မြောက်ခြင်းကို အထိမ်းအမှတ်ပြုဖို့ အတိတ်သမိုင်းကို ထာဝစဉ် မှတ်သားထားပြီး ကျဆုံးခဲ့တဲ့ အာဇာနည်များကို လွမ်းဆွတ် သတိရကာ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးပြီး အနာဂတ်ကို ဖန်တီးပေးဖို့ လိုကြောင်း ပြောကြားတယ်။ ဒါ့အပြင်၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်ပြည်ဟာ တပ်ဖွဲ့ဝင် အင်အားကို ၃သိန်းလျှော့ချမှာ ဖြစ်ကြောင်း လည်း ပြောကြားခဲ့တယ်။

နံနက် ၁၀နာရီတိတိမှာ ရှည်လျားတဲ့ ခေါင်းလောင်းသံနဲ့ အထိမ်းအမှတ်ပွဲကို စတင် ကျင်းပခဲ့တယ်။ ဂုဏ်ပြုအမြောက် အချက် ၇၀ ပစ်ဖောက်ခဲ့ပြီး ကြယ်ငါးပွင့် အလံနီကို တဖြည်းဖြည်း လွှင့်ထူခဲ့တယ်။ အထိမ်းအမှတ်ပွဲသို့ တက်ရောက်ကြသူ အားလုံးဟာ နိုင်ငံတော် သီချင်းကို သီဆိုကြတယ်။

၁၉၄၅ခုနှစ် စက်တင်ဘာ ၂ရက်နေ့မှာ ဂျပန် ကျူးကျော်ရေးသမားတွေ လက်နက်ချ ကြောင်း တရားဝင် လက်မှတ်ရေးထိုးခြင်းဟာ ဂျပန် စစ်ဝါဒ အပြီးအပြတ် ရှုံးနိမ့် သွားခြင်းနဲ့ ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေးစစ်ရဲ့ အောင်ပွဲခံခြင်းကို ဖော်ပြခဲ့တယ်။ တရုတ်ပြည်သူများ ဟာ အင်မတန် ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုခံပြီး ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင် ရေးစစ် အောင်ပွဲ အတွက် သမိုင်းဝင် အကျိုးပြု စွမ်းဆောင်မှု ပေးခဲ့တယ်။ ဂျပန် ကျူးကျော်မှု ခုခံရေးစစ် အတွင်း တရုတ် တပ်မှူးတပ်သားနဲ့ အရပ်သူအရပ်သား သေကြေအနာတရ ဖြစ်မှု ဦးရေဟာ ၃၅သန်းကျော် ရှိပြီး တိုက်ရိုက် ဆုံးရှုံးနစ်နာမှု ပမာဏဟာ အမေရိကန် ဒေါ်လာ ဘီလီယံ ၁၀၀ ရှိတယ်။ ၁၉၅၁ခုနှစ်မှာ တရုတ် အစိုးရဟာ စက်တင်ဘာ ၃ရက်နေ့ကို ဂျပန် ကျူးကျော်မှု ခုခံရေးစစ် အောင်ပွဲခံ အထိမ်းအမှတ်နေ့ အဖြစ် သတ်မှတ်ခဲ့တယ်။ ၂၀၁၄ခုနှစ်မှာ တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်ဟာ ဥပဒေ ချမှတ်ပြီး စက်တင်ဘာ ၃ရက်နေ့ကို ဂျပန် ကျူးကျော်မှု ခုခံရေးစစ် အောင်ပွဲခံ အထိမ်းအမှတ်နေ့ အဖြစ် သတ်မှတ်ခဲ့တယ်။

အထိမ်းအမှတ်ပွဲသို့ တက်ရောက်ကြတဲ့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ တရုတ် ကွန်မြူနစ် ပါတီနဲ့ နိုင်ငံတော် ခေါင်းဆောင်များ၊ ပါတီနဲ့ နိုင်ငံတော် ခေါင်းဆောင်ဟောင်း များ၊ ရုရှား သမ္မတ ပူတင်၊ တောင်ကိုးရီးယား သမ္မတ ပတ်ဂွမ်ဟေး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင် နိုင်ငံခြား ထိပ်သီး ခေါင်းဆောင်၊ နိုင်ငံတကာနဲ့ ဒေသတွင်း အဖွဲ့အစည်းများမှ ခေါင်းဆောင်တွေနဲ့ တာဝန်ခံ အယောက် ၆၀တို့ဟာ ထျန်အန်မင်ရင်ပြင်တော်ရှေ့ရှိ နန်းတော် မုဒ်ဦးတန်ဆောင်းပေါ်သို့ တက်ကြတယ်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားခဲ့ရာမှာ စစ်ပွဲဟာ မှန်တစ်ချပ်လို ဖြစ်ပြီး လူအများအား ငြိမ်းချမ်းရေးရဲ့ အဖိုးတန်အလှကို ပိုမို သိရှိနားလည်စေနိုင်ကြောင်း၊ ကျွန်တော်တို့ဟာ သမိုင်းမှ သင်ခန်းစာ ယူပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်မယ် ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကို ပြတ်သားစေလိုကြောင်း ပြောကြားတယ်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ငြိမ်းချမ်းရေး အတွက် ကျွန်တော်တို့ဟာ လူသား ကံကြမ္မာ အသိုက်အဝန်း အသိ အမြင်ကို ခိုင်မာစွာ ထူထောင်လိုကြောင်း၊ တစ်ဖက်သတ် တယူသန်အမြင်နဲ့ လူမျိုးရေး ခွဲခြားမှု၊ ရန်ငြိုးဖွဲ့မှုနဲ့ စစ်ပွဲဟာ ဘေးဒုက္ခနဲ့ နာကျင်မှုကိုသာ ဆောင်ကြဉ်းလာနိုင် ကြောင်း၊ အပြန်အလှန် လေးစားရေး၊ တန်းတူညီမျှစွာ ပေါင်းသင်းဆက်ဆံရေး၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အတူတကွ စည်ပင်သာယာရေးတို့ဟာ လမ်းမှန် ဖြစ်ကြောင်း၊ နိုင်ငံ အသီးသီးတို့ဟာ ကုလသမဂ္ဂ ပဋိညာဉ် စာချုပ်ပါ အခြေခံမူကို အမြုတေပြုထားတဲ့ နိုင်ငံတကာ စနစ် ကို အတူတကွ ထိန်းသိမ်းကာကွယ်ပြီး ပူးပေါင်းဆောင်ရွက်ရေးနဲ့ အတူ အောင်မြင်မှု ရရှိရေးကို အမြုတေပြုတဲ့ နိုင်ငံတကာ ဆက်ဆံမှုအသစ်ကို တက်ကြွစွာ တည်ဆောက်ကာ ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကို လက်တွဲ တွန်းအားပေးသင့်ကြောင်း ပြောကြားတယ်။

ဆက်လက်ပြီး ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်ပြည် အနေနဲ့ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေးကို စွဲကိုင်မှာ ဖြစ်ကြောင်း ပြောကြားတယ်။ သူက တရုတ် အမျိုးသားတွေဟာ ငြိမ်းချမ်းရေးကို အစဉ်တစိုက် ချစ်မြတ်နိုးကြောင်း၊ တရုတ်ပြည်ဟာ ဘယ်တော့မှ ဗိုလ်ကျမှုပြုမှာ မဟုတ်သလို ချဲ့ထွင်မှုလည်း ပြုမှာ မဟုတ်ကြောင်း၊ တရုတ်ပြည် အနေနဲ့ ကိုယ့်နိုင်ငံ ခံခဲ့ဖူးတဲ့ နာကျင်မှုကို အခြားနိုင်ငံတွေအား ဘယ်တော့မှ အတင်းအကျပ် ပေးမှာ မဟုတ်ကြောင်း၊ တရုတ်ပြည်သူများဟာ နိုင်ငံ အသီးသီးမှ ပြည်သူများနဲ့ အတူ ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရေးကို စွဲကိုင်မှာ ဖြစ်ကြောင်း၊ ဂျပန် ကျူးကျော်မှု တရုတ်ပြည်သူများ ခုခံရေးစစ်နဲ့ ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေးစစ် အောင်ပွဲ ဆိုင်ရာ အောင်မြင်မှုတွေကို ပြတ်သားစွာ ထိန်းသိမ်းကာကွယ်ပြီး လူသားတို့ အတွက် ပိုမို ကြီးမားတဲ့ အကျိုးပြု စွမ်းဆောင်မှုကို ပေးမှာ ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ဟာ ပြည်သူများရဲ့ တပ်မတော် ဖြစ်တဲ့အတွက် တပ်မှူးတပ်သား အားလုံးဟာ ပြည်သူများအတွက် စိတ်ရောကိုယ်ပါ ဝန်ဆောင်ပေးရေး ရည်မှန်းချက်ကို ခိုင်မြဲစွာ မှတ်သားထားပြီး အမိနိုင်ငံ လုံခြုံရေးနဲ့ ပြည်သူများရဲ့ အေးချမ်းတည်ငြိမ်တဲ့ နေထိုင်မှုဘဝ ထိန်းသိမ်းကာကွယ်ရေး တာဝန်ဝတ္တရားကိုရော၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ထိန်းသိမ်းကာကွယ်မှု တာဝန်ကိုပါ သစ္စာရှိစွာနဲ့ ကျင့်သုံးဆောင်ရွက်ဖို့ လိုကြောင်း ပြောကြားတယ်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်ဟာ ချန်အန် လမ်းမကြီးပေါ် ကားဖြင့် လှည့်လည်ကာ ဂုဏ်ပြုတပ်ဖွဲ့များကို စစ်ဆေးခဲ့တယ်။ ဂုဏ်ပြုတပ်ဖွဲ့များမှာ မော်တော်ယာဉ်စီးပြီး ချီတက်အလေးပြုတဲ့တပ်သားဟောင်းများ ဂုဏ်ပြုတပ်ဖွဲ့ ၂ဖွဲ့၊ ချီတက် ဂုဏ်ပြုတပ်ဖွဲ့ ၁၁ခု၊ နိုင်ငံခြား တပ်မတော်များမှ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကိုယ်စားလှယ်အဖွဲ့၁၇ဖွဲ့၊ စစ်လက်နက်အင်အားပြ ဂုဏ်ပြုတပ်ဖွဲ့ ၂၇ဖွဲ့၊ လေကြောင်းမှ ဂုဏ်ပြု တပ်ဖွဲ့ ၁၀ဖွဲ့တို့ ပါဝင်ကြောင်း၊ စုစုပေါင်း လူ ၁သောင်းကျော်၊ လက်နက်ပစ္စည်း ၅၀၀ကျော်နဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ် အစင်း ၂၀၀ကျော်ဟာ ဗိုလ်ရှုခံပွဲမှာ ပါဝင်ခဲ့ကြကြောင်းသိရတယ်။

 

   Webradio