• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်ကျူးကျော်မှု ခုခံရေးစစ်ပွဲ အောင်ပွဲခံ နှစ် ၇၀ ပြည့် အထိမ်းအမှတ် ပြင်ဆင်မှု လုပ်ငန်း ပြီးမြောက်

(GMT+08:00) 2015-08-26 10:02:17
တရုတ်အစိုးရမှ ၂၅ ရက်နေ့သတင်းအရ၊ ယခုအချိန်အထိ ၄၉ နိုင်ငံတို့ဟာ စက်တင်ဘာ ၃ ရက်နေ့မှာ ကျင်းပမယ့် ဂျပန်ကျူးကျော်မှု ခုခံရေးစစ်ပွဲ အောင်ပွဲခံ နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်မယ်လို့ အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း၊ တက်ရောက်မယ့်သူများထဲမှာ နိုင်ငံခြား နိုင်ငံတော် အကြီးအကဲ အယောက် ၃၀၊ အစိုးရ အဆင့်မြင့် ကိုယ်စားလှယ် ၁၉ ယောက်နဲ့ နိုင်ငံတကာနဲ့ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ် ၁၀ ယောက်တို့ ပါဝင်ကြောင်း၊ နိုင်ငံခြား ဂုဏ်ပြုတပ်ဖွဲ့ ၁၇ ဖွဲ့နဲ့ လူ ၁၀၀၀ ကျော် ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဗိုလ်ရှုသဘင်ပွဲမှာ ပါဝင်ဆင်နွှဲမှာ ဖြစ်ကြောင်း၊ အခု သက်ဆိုင်ရာ ပြင်ဆင်မှုလုပ်ငန်းများ အခြေခံအားဖြင့် ပြီးမြောက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ မကြာခင်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ကျမ်းမင်က၊ ရုရှားသမ္မတ ပူတင်၊ တောင်ကိုးရီးယား သမ္မတ ပတ်ဂွမ်ဟေး၊ တောင်အာဖရိက သမ္မတ ဇူးမား၊ မြန်မာ သမ္မတ ဦးသိန်းစိန်၊ ကမ္ဘောဒီးယား ဘုရင် သီဟာမော်နီ၊ လာအို နိုင်ငံတော် ဥက္ကဋ္ဌ ကျူမာလီ စတဲ့ နိုင်ငံတော် ခေါင်းဆောင်များ အခမ်းအနားသို့ တက်ရောက်မှာ ဖြစ်ကြောင်း၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင် စတဲ့နိုင်ငံမှ အစိုးရ အထူးသံတမန်များနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင် နိုင်ငံတကာနဲ့ ဒေသရေးရာ အဖွဲ့အစည်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များကလည်း အခမ်းအနားသို့ တက်ရောက်မှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်။ မစ္စတာ ကျမ်းမင်က၊ တရုတ်နိုင်ငံဟာ တရုတ်ပြည်သူများရဲ့ ဂျပန် ကျူးကျော်မှု ခုခံရေး စစ်ပွဲအတွက် စွမ်းဆောင်ခဲ့တဲ့ နိုင်ငံတကာ ချစ်ကြည်ရေးပုဂ္ဂိုလ်များကိုလည်း ဖိတ်ခေါ် ထားရာ နိုင်ငံ ၁၅ နိုင်ငံမှ ပုဂ္ဂိုလ် ဒါမှမဟုတ် သူတို့ရဲ့ ကျန်ရစ်သူ မိသားစု ကိုယ်စားလှယ် ၁၀၀ ကျော်တို့ တရုတ်ပြည်သို့ လာရောက်မှာ ဖြစ်ကြောင်း၊ သူတို့ထဲမှာ ဂျပန် ကျူးကျော်မှု ခုခံရေးစစ်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ အမေရိကန် လေတပ်မှ စစ်သားဟောင်းတွေ၊ ဆိုဗီယက် ပြည်ထောင်စု တပ်နီမှ စစ်သားဟောင်းတွေ၊ ဂျပန်နိုင်ငံသား တရုတ်စစ်သားဟောင်းတွေ၊ နန်ကင်း လူသတ်မှုကြီးမှာ တရုတ်ပြည်သူများကို အကူအညီပေးခဲ့ဖူးတဲ့ ချစ်ကြည်ရေး ပုဂ္ဂိုလ်တွေနဲ့ တရုတ်ပြည်ပြည်သူများ လေးစားကြတဲ့ ဆရာဝန် နိုးမင်း ဘရှူးနဲ့ ကော်ဒီဗာ တို့ရဲ့ မြေးမြစ်တွေလည်း ပါဝင်ကြောင်း ပြောကြားခဲ့တယ်။ ဗိုလ်ရှုခံသဘင်ပွဲ ဦးဆောင်အဖွဲ့ရုံး ဒုဥက္ကဋ္ဌ မစ္စတာ ချူရွေ့က၊ လက်ရှိအချိန် အထိ ရုရှား၊ ကျူးဘား၊ အီဂျစ်၊ မက္ကဆီကို၊ မွန်ဂိုးလီးယား၊ ပါကစ္စတန် စတဲ့ နိုင်ငံ ၁၁ နိုင်ငံတို့က ဂုဏ်ပြုတပ်ဖွဲ့တွေ စေလွှတ်ပြီး ဗိုလ်ရှုသဘင်ပွဲမှာ ပါဝင်ဆင်နွှဲမှာ ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနဲ့ လာအို စတဲ့ နိုင်ငံ ၆ နိုင်ငံတို့ဟာ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ပြီး အခမ်းအနားသို့ တက်ရောက်မှာ ဖြစ်ကြောင်း၊ နိုင်ငံတကာမိသားစုကြီးက ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကိုယ်စားလှယ်အဖွဲ့များကို စေလွှတ်ပြီး အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခြင်းဟာ ကမ္ဘာ့ရေရှည် ငြိမ်းချမ်းရေးကို လိုလားတဲ့ဆန္ဒကို ပြသ နေကြောင်း ပြောကြားခဲ့တယ်။ အစီအစဉ်အရ၊ စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းမှာ တရုတ်နိုင်ငံဟာ ပီကင်းမြို့ ထျန်အန်းမင် ရင်ပြင်ကြီးမှာ အထိမ်းအမှတ် အစည်းအဝေးနဲ့ ဗိုလ်ရှုသဘင်ပွဲကို ကျင်းပမှာ ဖြစ်ကြောင်း၊ နေ့လယ်ပိုင်းမှာ ပြည်သူ့ခန်းမဆောင်ကြီးမှာ ဧည့်ခံပွဲကို ခမ်းနား သိုက်မြိုက်စွာ ပြုလုပ်ပြီး ညနေပိုင်းမှာ အထိမ်းအမှတ် ပဒေသာကပွဲကို ပြည်သူ့ခန်းမဆောင်ကြီးမှာ ကျင်းပမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
   Webradio