• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အခုကမ္ဘာပေါ်မှာ အရေးအကြီးဆုံးဖိုရမ်တစ်ခုဖြစ်တဲ့ ပိုအော်အာရှဖိုရမ်

(GMT+08:00) 2015-03-27 17:01:02

၎-ရက်ကြာကျင်းပမယ့် ပိုအော်အာရှဖိုရမ် ၂၀၁၅-ခုနှစ်နှစ်ပတ်လည်အစည်းအဝေးကို ဒီလ၂၆-ရက်နေ့က တရုတ်ပြည်ဟိုင်နန်ပြည်နယ်ပိုအော်မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ တရုတ် နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် ဟာ အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပြီး မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ အခုအကြိမ်အစည်းအဝေးမှာ အာဆီယံအသိုက်အဝန်း ဖိုရမ်ခွဲကို ကျင်းပမှာဖြစ်ပါတယ်။ အစည်းအဝေးတက်ရောက်နေတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေက အကြီးအကဲဟောင်းများနဲ့ ပညာရှင်များက၊ ပိုအော်အာရှဖိုရမ်ဟာ အခု ကမ္ဘာပေါ်မှာ အရေးအကြီးဆုံးဖိုရမ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ နှစ်ပေါင်း များစွာအတွင်း သြဇာညောင်းမှုတိုးပွားလာခဲ့ကြောင်း ပြောကြပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟောင်း ဘာဒါဝီ က၊ မကြာခင်နှစ်တွေမှာ အာရှစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအရှိန်အဟုန်ဟာ ယေဘုယျအားဖြင့် ကောင်းမွန်ကြောင်း၊ ကမ္ဘာ့စီးပွားရေး အတွက် မောင်းနှင်အား တဖြည်းဖြည်းဖြစ်လာခဲ့ကြောင်း၊ ဒါကြောင့် အာရှတိုက်အနေနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များမှာ အခုထက်ပိုမိုပါဝင်ဖို့လိုကြောင်း၊ ပိုအော်အာရှဖိုရမ်ဟာ အဲဒီလိုမျိုးကျယ်ပြန့်တဲ့ပလက်ဖောင်းကို ထောက်ပံ့ပေးကြောင်း၊ အာရှနိုင်ငံတွေဟာ ရေရှည် ပူးပေါင်းဆောင်ရွက်ရာမှာ သဘောတူညီမှုတစ်ခု တဖြည်းဖြည်းရရှိလာခဲ့ကြောင်း၊ အဲဒီ သဘောတူညီမှုကတော့ နိုင်ငံအသီးသီးဟာ မတူညီတဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု အစဉ်အလာ ကိုယ်စီရှိကြပေမဲ့ လက်ရှိအချိန်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လိုတဲ့ တူညီတဲ့ ဆန္ဒရှိကြခြင်းဖြစ်ကြောင်း၊ ကံကြမ္မာအသိုက်အဝန်းဆိုတာ တင်ပြခြင်းဟာ အချိန်ကိုက်ပင် ဖြစ်ကြောင်း သတင်းထောက်တွေကို ပြောသွားပါတယ်။

ဆက်လက်ပြီး သူက၊ ကံကြမ္မာအသိုက်အဝန်းထူထောင်ရေးဖြစ်စဉ်မှာ အာရှနိုင်ငံ အသီးသီးတို့အနေနဲ့ ကိုယ်စီတာဝန်ရှိရုံသာမက လူတိုင်းအနေနဲ့လည်း တာဝန်ရှိကြောင်း၊ ပိုအော်အာရှဖိုရမ်ဟာ အာရှကံကြမ္မာအသိုက်အဝန်း ပိုမိုလျင်မြန်စွာ၊ ပိုမိုချောမောစွာ၊ ပိုမိုထိရောက်စွာ ထူထောင်ဖို့ ဆွေးနွေးနိုင်တဲ့နေရာတစ်ခုကို ထောက်ပံ့ပေးကြောင်း၊ အဲဒီ ဖြစ်စဉ်မှာ ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန်၊ သဘောထား၊ အသိဉာဏ်နဲ့ စွမ်းရည်တို့ဟာ အလွန် အရေးကြီးကြောင်း ပြောသွားပါတယ်။

ကမ္ဘောဒီးယားပူးပေါင်းဆောင်ရွက်ရေးနဲ့ ငြိမ်းချမ်းရေးသုတေသနဌာနဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်ဟောင်း၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း နိုရိုဒွန်-ဆီရီဗူ က၊ မိမိအနေနဲ့ ပိုအော် အာရှဖိုရမ်မှာ အာဆီယံအသိုက်အ၀န်း-တပြေးညီဖြစ်စေရေးရဲ့ အစပျိုးခန်းသစ်ဖိုရမ်ခွဲကို တက်ရောက်မှာဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ကမ္ဘာ့အဓိကနိုင်ငံကြီးတွေ အကြား၊ အထူးသဖြင့် တရုတ်ပြည်အကြား ဆက်ဆံမှုနဲ့ပတ်သက်ပြီး ဆွေးနွေးမှာဖြစ် ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ၁၀-နိုင်ငံတို့ဟာ မတူညီတဲ့နိုင်ငံရေး၊ယဉ်ကျေးမှုနဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ် ကိုယ်စီရှိကြပေမဲ့ အာဆီယံဟာ လူဦးရေသန်းပေါင်း၆၀၀-ရှိတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်သလို ပင်လယ်သမုဒ္ဒရာ၊ မြစ်၊ မော်တော်ကားလမ်းနဲ့ ဆက်သွယ်နိုင်တဲ့ အဖွဲ့တစ်ဖွဲ့လည်းဖြစ်ကြောင်း၊ တရုတ်ပြည်ကတင်ပြခဲ့တဲ့ အပြန်အလှန်ဆက်သွယ်ရေးဟာ ပထမဦးဆုံးအနေနဲ့ တရုတ်ပြည်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအပြန်အလှန် ဆက်ဆံမှုကိုတွန်းအားပေးဖို့လိုကြောင်း၊ ဒေသတွင်းအခြေခံ အဆောက်အအုံတည်ဆောက်ရေးအားသစ်လောင်းပေးမှုဟာ အရေးအကြီးဆုံးဖြစ်ကြောင်း ပြောသွားပါတယ်။

အင်ဒိုနီးရှားခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးဟောင်း၊ ဘောဂပညာရှင် ဖုန်ဟွေ့လန် က၊ အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ်ထူထောင်ရေးဆိုင်ရာ တရုတ်ပြည်ရဲ့အဆိုပြုချက်ကို တစ်ကမ္ဘာလုံးအာရုံစိုက်နေကြောင်း၊ အာရှတိုက်ရဲ့ အခြေခံ အဆောက်အအုံတည်ဆောက်ရေးမှာ မောင်းနှင်အားအသစ်ရှိတာကို ဖော်ပြနိုင်ကြောင်း၊ အာရှ-ပစိဖိတ်အပြန်အလှန်ဆက်သွယ်ရေးဟာ ဒေသတွင်းတစ်ခုလုံးပူးပေါင်းဆောင်ရွက်ပြီး တပြေးညီဖြစ်လာစေတဲ့ မရှိမဖြစ်အချက်ဖြစ်ကြောင်း ပြောသွားပါတယ်။

   Webradio