• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ ဆက်ဆံရေးရဲ့ သမိုင်းဝင် မှတ်တိုင်သစ်

(GMT+08:00) 2013-10-16 16:01:00

ဒီလ ၂-ရက်နေ့မှနေ ယမန်နေ့ ၁၅-ရက်နေ့အထိ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်-နဲ့ ဝန်ကြီးချုပ် လီခေ့ချန်-ဟာ အရှေ့တောင် အာရှ နိုင်ငံများမှာ ခရီးလှည့်လည်ပြီး သက်ဆိုင်ရာ အစည်းအဝေးများသို့ တက်ရောက်ခဲ့ပါတယ်။ အဲဒီ၂-ပတ်ကြာ ခရီးစဉ်ဟာ တရုတ်နဲ့ အာဆီယံ နိုင်ငံများရဲ့ ဆက်ဆံမှုကို အပိုင်းကဏ္ဍသစ် ရောက်ရှိဖို့ တိုးမြှင့်ပေးပြီး သမိုင်းဝင် မှတ်တိုင်လို မော်ကွန်းတင်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ၂-ပတ်အတွင်း တရုတ်နိုင်ငံတော် ခေါင်းဆောင်များဟာ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်း၊ ထိုင်းနဲ့ ဗီယက်နမ် ၅-နိုင်ငံမှာ ရှေ့ဆင့်နောက်ဆင့် ခရီးလှည့်လည်ပြီး အာရှနဲ့ ပစိဖိတ် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ ထိပ်သီး အစည်းအဝေး၊ အရှေ့အာရှ ထိပ်သီး အစည်းအဝေးနဲ့ နှစ်ဖက်၊ ဒါမှတ်မဟုတ် ဘက်ပေါင်းစုံ လှုပ်ရှားမှု ၁၀၀-ခန့်သို့ တက်ရောက်ခဲ့ ပါတယ်။ အဲဒီ ခရီးစဉ်ဟာ တရုတ်ပြည်ရဲ့ နိုင်ငံခြားရေး အတွေးအခေါ်သစ်ကို သရုပ်ထင်စေ ခဲ့ပါတယ်။ လက်ရှိအချိန်မှာ အာရှ၊ ပစိဖိတ်နဲ့ ကမ္ဘာ့ စည်းစနစ်ဟာ လေးနက်စွာ ပြောင်းလဲမှုနဲ့ ထိန်းညှိမှု ပြုလုပ်နေတဲ့ အခြေအနေမှာပါ။ အဲဒီ အခြေအနေ ရှုပ်ထွေးမှုနဲ့ ရင်ဆိုင်ဖို့ တရုတ် နိုင်ငံတော် ခေါင်းဆောင်တို့ဟာ အရှေ့တောင် အာရှ နိုင်ငံမှာ သံတမန် လှုပ်ရှားမှုတွေ ပြုလုပ်ပြီး နိုင်ငံခြားရေးနဲ့ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး တွေးဆချက်သစ်တွေကို တင်ပြကာ တရုတ်ပြည်နဲ့ အာဆီယံ နိုင်ငံများ အကြား မိတ်ဆွေဖြစ် ပူးပေါင်းဆောင်ရွက်မှုကို လာမယ့် ၁၀-နှစ်တာ စိန်ကာလသို့ ဝင်ရောက်ဖို့ ခိုင်မာတဲ့ အခြေခံ အုတ်မြစ် ချမှတ်ခဲ့ပါတယ်။

နိုင်ငံရေး ဆိုင်ရာ လုံခြုံရေး နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုကို ခြေလှမ်းမှန်မှန် တွန်းအားပေးရေးနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံတော် ခေါင်းဆောင်ဟာ အိမ်နီးချင်းကောင်း မိတ်ဆွေဖြစ် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ် ချုပ်ဆိုဖို့ တွေးဆချက်ကို တင်ပြပြီး အထွေထွေ လုံခြုံရေး၊ နှစ်ဖက် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု လုံခြုံရေး  တွေးဆချက်သစ်ကိုလည်း အဆိုပြု တင်ပြကာ အာဆီယံ နိုင်ငံများရဲ့ တန်ဖိုးထား ချီးကျူးမှုနဲ့ တက်ကြွစွာ တုံ့ပြန်မှုတို့ကို ရရှိခဲ့ပါတယ်။ ဒါ့အပြင်၊ နှစ်ဖက်တို့ဟာ တရုတ်-အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး စနစ်ကို ပြည့်စုံကောင်းမွန်စေပြီး ဘေးဒဏ် ကြိုတင် ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေး၊ အင်တာနက် လုံခြုံရေး၊ နိုင်ငံ ဖြတ်ကျော် ဥပဒေ ကျူးလွန်မှု တိုက်ဖျက်ရေး စတဲ့ သမရိုးကျ မဟုတ်တဲ့ လုံခြုံရေး နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပေးကြပါမယ်။

တောင်ပင်လယ် ပြဿနာနဲ့ပတ်သက်ပြီး နှစ်ဖက်တို့ဟာ တောင်ပင်လယ် အေးချမ်း တည်ငြိမ်ရေး၊ ပင်လယ်ပြင် လုံခြုံရေးနဲ့ ပင်လယ် ရေကြောင်းခရီး လွတ်လပ်မှုကို အတူတကွ ထိန်းသိမ်းကာကွယ်ပြီး ညှိနှိုင်းတိုင်ပင် သဘောတူညီမှုရရှိတဲ့ အခြေခံ ပေါ်မှာ တောင်ပင်လယ် စီမံခန့်ခွဲမှုမူ ချမှတ်ဖို့ ဦးတည်ချက်ကို လက်တွဲ ကြိုးပမ်းကြမယ်လို့ အလေးထား ဖေါ်ပြကြပါတယ်။ အမေရိကန် နိုင်ငံ The Wall Street Journal-က ဝေဖန်သုံးသပ်ရေး ဆောင်းပါးတစ်ပုဒ်မှာ တရုတ် နိုင်ငံတော် ခေါင်းဆောင်များရဲ့ ခရီးလှည့်လည်ခြင်းဟာ တရုတ်ပြည် အပေါ် အာဆီယံ နိုင်ငံများရဲ့ ယုံကြည်မှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိပြီး တောင်ပင်လယ် ပြဿနာနဲ့ ပတ်သက်ပြီး တရုတ်ပြည်နဲ့ အငြင်းပွါးမှု အကြိမ်ပေါင်းများစွာ ဖြစ်ပွါးတဲ့ နိုင်ငံအချို့ကို ပိုမို အထီးကျန် စေခဲ့ပါတယ်။

စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်မှာ နှစ်ဖက်တို့က တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်း လက်တွဲ တည်ဆောက်ရေး၊ တရုတ်-အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန် အဆင့်တိုးမြှင့်ရေး၊ အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေး ဘဏ် တည်ဆောက်ရေး၊ ဒေသတွင်း ဘက်စုံ စီးပွါးရေး မိတ်ဖက် ဆက်ဆံမှု ထားရှိရေး ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲ တွန်းအားပေးခြင်းနဲ့ ပတ်သက်ပြီး သဘောတူညီမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ကြပါတယ်။ ဒါ့အပြင်၊ ၂၀၂၀-ပြည့်နှစ်ရောက်ရင် နှစ်ဖက် ကုန်သွယ်မှု စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၁-ထောင် ရှိစေရေး၊ ပဲန်အာရှ မီးရထားလမ်း တည်ဆောက်ရေး လုပ်ငန်းရပ် အပါအဝင် မဟဗျူဟာ စီမံကိန်းကိုလည်း ချမှတ်ခဲ့ကြပါတယ်။

 ဥက္ကဋ္ဌ ရှီကျင့်ဖိန်နဲ့ ဝန်ကြီးချုပ် လီခေ့ချန်ရဲ့ အရှေ့တောင် အာရှ ခရီးစဉ်ဟာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အတွက် အခွင့်အလမ်းကောင်းသစ်များကို ဖန်တီးပေးပြီး ၂၁-ရာစုနှစ် ပင်လယ်ပြင် ပိုးလမ်းမကြီး အတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကိုလည်း ဖန်တီးပေးနိုင်မယ်လို့ အကဲခတ်များက ယူဆကြပါတယ်။

 

   Webradio