• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပညာရှင်များက တရုတ်-အာဆီယံ ဆက်ဆံရေးရဲ့ စိန်ကာလနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြား

(GMT+08:00) 2013-10-09 18:02:38

        ဒီနေ့ ၉-ရက်နေ့မှာ တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန်-ဟာ အရှေ့တောင် အာရှ ၃-နိုင်ငံ ခရီးကို စတင်မှာ ဖြစ်ပြီး ဘရူနိုင်း နိုင်ငံမှာ ကျင်းပမယ့် အရှေ့ အာရှ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးများသို့ တက်ရောက်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက ကျင်းပခဲ့တဲ့ တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ ဝန်ကြီးချုပ် လီခဲ့ချန်-က တရုတ်ပြည်နဲ့ အာဆီယံတို့က ပြီးခဲ့တဲ့ ၁၀-နှစ်တာ ရွှေကာလရဲ့ အခြေခံပေါ်မှာ လာမယ့် ၁၀-နှစ်ကို စိန်ကာလအဖြစ် တစ်ဆင့်တိုး ဖန်တီးပေး နိုင်စွမ်းရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ ပြောကြားချက်ဟာ တရုတ်-အာဆီယံ ဆက်ဆံရေး အပေါ် မျှော်မှန်းချက်ကို ဖေါ်ပြခြင်း ဖြစ်ပါတယ်။

၂၀၀၃-ခုနှစ်က တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုကို စတင် တည်ထောင်ခဲ့ပါတယ်။ ဒီနှစ်ဟာ ၁၀-နှစ်ပြည့်မြောက်နှစ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀-နှစ်အတွင်း နှစ်ဖက် ဆက်ဆံမှုဟာ ခြေလှမ်းမှန်မှန်နဲ့ ဖွံ့ဖြိုးတိုးတက်လာပြီး အောင်မြင်မှု များစွာ ရရှိခဲ့ပါတယ်။ တရုတ်ပြည်နဲ့ အာဆီယံတို့ရဲ့ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် လီခဲ့ချန်-က အဆိုပြုချက်များကို တင်ပြခဲ့ပါတယ်။ အဲဒီ အဆိုပြုချက်များမှာ တရုတ်-အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန် အဆင့်တိုးမြှင့်ရေး၊ အပြန်အလှန် ဆက်သွယ်မှု တွန်းအားပေးရေး၊ ငွေကြေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ အဏ္ဏဝါရေးရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရေး၊ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးတို့ ပါရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တရုတ် သိပ္ပံပညာ တံခွန်အသင်း အာရှနဲ့ ပစိဖိတ်ဌာန ဌာနမှူးဟောင်း၊ သုတေသီ ကျန်းယွင်လင်-က ဝန်ကြီးချုပ် လီခဲ့ချန်-ပြောကြားတဲ့ ၁၀-နှစ်တာ ရွှေကာလဟာ ပြီးခဲ့တဲ့ ၁၀-နှစ်အတွင်း တရုတ်ပြည်နဲ့ အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံရေး ဆိုင်ရာ အပြန်အလှန် ယုံကြည်မှု တိုးမြင့်လာတာကို ခြယ်မှုန်းဖေါ်ပြခြင်း ဖြစ်ပါတယ်။ လာမယ့် ၁၀-နှစ်တာ စိန်ကာလ ဆိုတဲ့ ဖေါ်ပြခြင်းကတော့ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးမြှင့်လာမယ့် သဘောကို ဆောင်ပါတယ်လို့ ဖေါ်ပြပါတယ်။

သူက ပြီးခဲ့တဲ့ ၁၀-နှစ်အတွင်း တရုတ်နဲ့ အာဆီယံတို့ဟာ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်ကို တည်ဆောက်ပြီး နှစ်ဖက် စီးပွါးကုန်သွယ်ရေး ဆက်ဆံမှုဟာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာပါတယ်။ တရုတ်ပြည်ဟာ အာဆီယံရဲ့ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်လာပါတယ်။ နှစ်ဖက်အကြား မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့ပါတယ်။ လာမယ့် ၁၀-နှစ်မှာ နှစ်ဖက်တို့ဟာ ဆက်ဆံမှု နက်ရှိုင်းစေဖို့ လိုအပ်ပါတယ်။ အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်ကို အဆင့်တိုးမြှင့်ပါမယ်။ ဝန်ဆောင်မှုနဲ့ ရင်းနှီးမြှုပ်နှံရေး နယ်ပယ်တွေမှာ ပိုပြီး တံခါးဖွင့်ဖို့ လိုအပ်ပါတယ်လို့ ယူဆကြောင်း ပြောကြားပါတယ်။

ပြီးခဲ့တဲ့ ၁၀-နှစ်တာ ရွှေကာလအတွင်း တရုတ်ပြည်နဲ့ အာဆီယံတို့ဟာ ပူးပေါင်းဆောင်ရွက်မှုများမှာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အဲဒီ အောင်မြင်မှုနဲ့ အတွေ့အကြုံများဟာ လာမယ့် ၁၀-နှစ်တာ စိန်ကာလအတွက် လမ်းစဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တရုတ်ပြည် နိုင်ငံတကာ ရေးရာ သုတေသန ဌာန ဌာနမှူး ချွီရှင်း-က တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု ထားရှိခြင်းနဲ့ နှစ်ဖက်အကြား အပြန်အလှန် ဖြည့်စွက်မှု များစွာရှိခြင်းဟာ နှစ်ဖက်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးခဲ့ပါတယ်လို့ ယူဆပါတယ်။

အနာဂတ် နှစ်ဖက် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ချွီရှင်း-က ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ ဒေသတွင်း စည်ပင်သာယာရေး အတွက် မရှိမဖြစ်တဲ့ လိုအပ်ချက် ဖြစ်ပါတယ်။ တောင်ပင်လယ် ပြဿနာဟာ အရေးကြီးတဲ့ အကြောင်းရပ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀-နှစ်အတွင်း နှစ်ဖက်တို့က တောင်ပင်လယ် အငြင်းပွါးမှုကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်ပါတယ်။ လာမယ့် ၁၀-နှစ်အတွင်း အဲဒီ သဘောကွဲလွဲမှုကို ထိရောက်စွာ စီမံထိန်းချုပ်ဖို့လည်း လိုအပ်ပါတယ်လို့ ယူဆကြောင်း ပြောကြားပါတယ်။

 

   Webradio