• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန်-ရဲ့ အရှေ့တောင် အာရှ ခရီး

(GMT+08:00) 2013-10-08 18:31:09

 တရုတ်နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန်-က မနက်ဖြန် ၉-ရက်နေ့မှ ၁၅-ရက်နေ့အထိ ဘရူနိုင်း-နိုင်ငံမှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးခေါင်းဆောင် အစည်းအဝေးများသို့ တက်ရောက်မှာ ဖြစ်ပြီး ဘရူနိုင်း၊ ထိုင်းနဲ့ ဗီယက်နမ် ၃-နိုင်ငံမှာ တရားဝင် ခရီးလှည့်လည်မှာ ဖြစ်ပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီအကြိမ် အရှေ့တောင် အာရှ ခရီးစဉ်မှာ ဝန်ကြီးချုပ် လီခဲ့ချန်-က အနာဂတ် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်နဲ့ ပတ်သက်ပြီး အကြံပြုချက်တွေကို တင်ပြမှာ ဖြစ်ပါတယ်လို့ ပြောကြားပါတယ်။

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်-ရဲ့ အရှေ့တောင် အာရှ ခရီးစဉ်ဟာ  ပြီးဆုံးတော့မယ့် အခါသမယမှာ ဝန်ကြီးချုပ် လီခဲ့ချန်-ဟာ အရှေ့တောင် အာရှ ၃-နိုင်ငံသို့ သွားရောက် ခရီးလှည့်လည်ပါမယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီနှစ်ဟာ တရုတ်ပြည်နဲ့ အာဆီယံ အကြား မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့တဲ့ ၁၀-နှစ် ပြည့်မြောက်နှစ် ဖြစ်ပါတယ်။ ဝန်ကြီးချုပ် လီခဲ့ချန်-ဟာ ဒီအကြိမ် အရှေ့တောင် အာရှ ခရီးစဉ်မှာ တရုတ်-အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးမှာ ပြီးခဲ့တဲ့ ၁၀-နှစ်တာ ရွှေကာလအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုနဲ့ အတွေ့အကြုံတွေကို ပေါင်းရုံးသုံးသပ်မှာ ဖြစ်ပြီး အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးကို စီမံကိန်း ချမှတ်မှာ ဖြစ်ပါတယ်လို့ ထုတ်ဖေါ်ပြောကြားပါတယ်။

ဒါနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး လျူကျင့်မင်-က ဝန်ကြီးချုပ် လီခဲ့ချန်-ဟာ အာဆီယံနဲ့ ဆက်ဆံမှု တိုးမြှင့်ဖို့ တရုတ် အစိုးရသစ်ရဲ့ နိုင်ငံခြားရေး မူဝါဒကို ရှင်းလင်းပြောကြားမှာ ဖြစ်ပြီး အနာဂတ် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး မူဘောင် နဲ့ပတ်သက်ပြီး အမြင်သဘောနဲ့ အကြံပြုချက်တွေကို တင်ပြမှာ ဖြစ်ကာ နှစ်ဖက်အကြား နိုင်ငံရေး ဆိုင်ရာ လုံခြုံရေး၊ စီးပွါးကုန်သွယ်ရေး၊ အပြန်အလှန် ဆက်သွယ်ရေး၊ အဏ္ဏဝါ ရေးရာ ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုယဉ်ကျေးမှု စတဲ့ နယ်ပယ်တွေမှ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနဲ့ ပတ်သက်ပြီး ရပ်တည်ချက်နဲ့ အမြင်သဘောကို တစ်ဆင့်တိုး ရှင်းလင်းပြောကြားမှာလည်း ဖြစ်ပါတယ်လို့ ပြောကြားပါတယ်။

တရုတ်-အာဆီယံနိုင်ငံများ အိမ်နီးချင်းကောင်း မိတ်ဆွေဖြစ် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ် ချုပ်ဆိုခြင်း၊ တရုတ်-အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန် အဆင့်တိုးမြှင့်ရေး၊ အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးဘဏ် တည်ဆောက်ရေး၊ အဏ္ဏဝါ ရေးရာ ပူးပေါင်းဆောင်ရွက်မှုသစ်များ ရှာကြံရေးစတာတွေဟာ ဝန်ကြီးချုပ် လီခဲ့ချန်-ရဲ့ အကြံပြုချက်တွေထဲမှာ အဓိက အချက်တွေ ဖြစ်ပါတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖေါ်ပြောကြားပါတယ်။

အခု တရုတ်ပြည်ဟာ ၄-နှစ်ဆက်ပြီး အာဆီယံရဲ့ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်လာသလို အာဆီယံဟာ တရုတ်ပြည်ရဲ့ တတိယ အကြီးဆုံး ကုန်သွယ်ဖက်လည်း ဖြစ်နေပါတယ်။ လာမယ့် ၇-နှစ်အတွင်း နှစ်ဖက် ကုန်သွယ်မှု ပမာဏကို အမေရိကန် ဒေါ်လာ ဘီလီယံ ၁-ထောင် အထိ တိုးပွါးစေဖို့ နှစ်ဖက်တို့က စီမံကိန်း ချမှတ်ကြပါတယ်။ တရုတ် ကုန်သွယ်ရေး ဒုဝန်ကြီး ကောယန့်-က တရုတ်-အာဆီယံအကြား စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရာမှာ ထူးခြားတဲ့ သာလွန်ချက် ရှိကြောင်း ပြောကြားပါတယ်။

သူက တရုတ်ပြည်နဲ့ အာဆီယံ နိုင်ငံများရဲ့ စုစုပေါင်း လူဦးရေဟာ ကမ္ဘာ့ လူဦးရေ စုစုပေါင်းရဲ့ ရာခိုင်နှုန်း ၃၀-ခန့်ဖြစ်ပါတယ်။ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူတို့ရဲ့ နေထိုင်မှု တစ်နေ့တစ်ခြား အဆင့်အတန်း တိုးမြင့်လာတာနဲ့အမျှ တရုတ်ပြည်နဲ့ အာဆီယံတို့ဟာ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံး ဈေးကွက်ကြီး ဖြစ်လာတဲ့အတွက် အခွင့်အရေး များစွာရှိနေပါတယ်လို့ ပြောကြားပါတယ်။

   Webradio