• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံခြားမီဒီယာများက တရုတ်ပြည်သူ့ကွန်ဂရက်နှင့် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်အစည်းအဝေးကို အာရုံစိုက်နေ

(GMT+08:00) 2013-03-06 12:33:52

၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အစည်းအဝေးနဲ့ ၁၂ ကြိမ်မြောက် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အစည်းအဝေးကို အခု ပီကင်းမြို့မှာ ကျင်းပနေပါတယ်။ နိုင်ငံခြားမီဒီယာများက ဒီအကြိမ်အစည်းအဝေးမှာ နိုင်ငံတော်အစိုးရ ခေါင်းဆောင်သစ်များ ရွေးချယ်ရေးကိစ္စကို အာရုံစိုက်နေကြတယ်။ တစ်ချိန်တည်းမှာ၊ ကမ္ဘာ့ စီးပွါးရေး အကျပ်အတည်း ဖြစ်ပွါးနေတဲ့ အခြေအနေမျိုးမှာ ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးပွါးရေးအုပ်စု ဖြစ်တဲ့ တရုတ်နိုင်ငံဟာ ဘယ်လိုဟာမျိုး စီးပွါးရေး တိုးတက်မှု ရည်မှန်းချက်ကို ချမှတ်မလဲ၊ ဘယ်လိုဟာမျိုး စီးပွါးရေး တိုးတက်ရေးဆိုင်ရာ မဟာဗျူဟာကို ကျင့်သုံးဆောင်ရွက်မလဲ ဆိုတာလည်း လူတွေက အလေးထား ဂရုပြုနေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

အခု အစည်းအဝေးမှာ သတင်းယူနေကြတဲ့ ပြည်တွင်းပြည်ပ သတင်းထောက်ဦးရေဟာ တစ်ထောင်နီးပါး ရှိပါတယ်။ ကင်မရွန် အသံလွှင့်နဲ့ ရုပ်မြင်သကြားဌာနက သတင်းထောက် အာစင်က၊ ကျွန်တော်တို့ဟာ နိုင်ငံရေး၊ သံတမန်ရေးနဲ့ စီးပွါးရေးဆိုင်ရာ ကိစ္စရပ်များကို အာရုံစိုက်နေကြတယ်။ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်မှာ တရုတ်နိုင်ငံဟာ ထင်ရှားတဲ့ အခန်းကဏ္ဍမှာ ပါဝင် ဆောင်ရွက်နေလို့ အဲဒီနယ်ပယ်မှာ အတွေ့အကြုံကောင်းများကို လေ့လာ သင်ယူသင့်တယ်လို့ ပြောကြားပါတယ်။

တောင်ကိုးရီးယားနိုင်ငံ အာရှစီးပွါးရေးသတင်းစာမှ သတင်းထောက် မစ္စတာ ချို့ယွန်စွန်က၊ ကျွန်တော်တို့ တောင်ကိုးရီးယားသားတို့က ဒီနှစ် တရုတ်ပြည် စီးပွါးရေး တိုးတက်နှုန်းနဲ့ စီးပွါးရေးလည်ပတ်မှုဆိုင်ရာ ထူးခြားချက်တွေကို ဂရုပြုနေကြတယ်။ အခု တရုတ်နိုင်ငံရဲ့ စီးပွါးရေးဟာ တောင်ကိုးရီးယားရဲ့ စီးပွါးရေးအပေါ် ဂယက်ရိုက်ခတ်မှု ကြီးမားတယ်။ တောင်ကိုးရီးယားလုပ်ငန်းဌာန တော်တော်များများက တရုတ်နိုင်ငံမှာ ငွေရင်းမြှုပ်နှံမှု ပြုလုပ်နေတယ်။ တကယ်လို့ တရုတ်ပြည် စီးပွါးရေး တိုးတက်မှု ကျဆင်း လာရင် တောင်ကိုးရီးယား လုပ်ငန်းဌာနတို့ကို တိုက်ရိုက် ထိခိုက်နိုင်မယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်ပြည်သူ့ဘဏ်ဥက္ကဋ္ဌသစ်တို့ ခန့်အပ်ရေး ကိစ္စကိုလည်း အာရုံစူးစိုက်နေတယ်လို့ ဖေါ်ပြပါတယ်။

ဗြိတိန်နိုင်ငံသား ဂျွန်းစ်ဟာ ဒေါ့ဂျွန်းစ် ငွေရေးကြေးရေးသတင်းဌာနက သတင်းထောက် တစ်ဦး ဖြစ်ပါတယ်။ သူက၊ အစည်းအဝေး ကျင်းပစဉ်အတွင်း မူဝါဒသစ်တွေ ထုတ်ပြန်ခြင်း ရှိမရှိနဲ့ လက်ရှိမူဝါဒတွေကို ပြင်ဆင်ခြင်း ရှိမရှိကို ကျွန်တော်တို့ အာရုံစိုက်နေတယ်။ တရုတ်ပြည်ရဲ့ ငွေကြေးမူဝါဒနဲ့ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒတွေကိုလည်း ဂရုပြုနေတယ်လို့ ပြောကြားပါတယ်။

ရိုက်တာသတင်းဌာနရဲ့ တရုတ်ရေးရာဆိုင်ရာ အယ်ဒီတာချုပ် ဂျွန်း စင်ကလားရ် ဖော်လီက၊ တရုတ်ပြည်ရဲ့ မြို့ပြတည်ဆောက်ရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စကို လွန်စွာ အလေးထားနေတယ်။ သူက၊  တရုတ်နိုင်ငံဟာ လက်ရှိ မြို့နေသူဦးရေ ၇၁၁ သန်းကို သန်း ၁၁၀၀ အထိ ဘယ်လို တိုးမြှင့်မလဲ ဆိုတာကို ကျွန်တော်တို့ အာရုံစိုက်နေတယ်။ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံပေးနိုင်ဖို့အတွက် တရုတ်နိုင်ငံက အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းကို ဘယ်လို ဆောင်ရွက်မလဲ ဆိုတာကိုလည်း သိချင်ပါတယ်။ စီးပွါးရေး ဖွံ့ဖြိုးတက်ရာမှာ လူတွေက ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စကို လျစ်လျူရှုတတ်တယ်။ တရုတ်နိုင်ငံက စွမ်းအင်ချွေတာရေးလုပ်ငန်းကို တွန်းအားပေးသင့်တယ်။ အခု တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရေနံတင်သွင်းမှု အများဆုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်နေပြီ။ တရုတ်နိုင်ငံက ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့နည်းလာအောင်ပြုလုပ်မယ့် ဆောင်ရွက်မှုတွေကိုလည်း သိချင်တယ်လို့ ပြောတယ်။

   Webradio