• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၂-ခုနှစ် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု

(GMT+08:00) 2012-11-23 11:47:41

        ၂၀၁၂-ခုနှစ် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု

 

   

                     

                                

 

တရုတ်လိုဖတ်ချင်လျှင်

အင်္ဂလိပ်လိုဖတ်ချင်လျှင်

 

၂၀၁၂-ခုနှစ်သည် တရုတ်-အာဆီယံ ဘက်စုံ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည့် နှစ် ၁၀-ပြည့်နှစ်နှင့် တရုတ်-အာဆီယံ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနှစ် ဖြစ်ပါသည်။ နှစ်ဖက်တို့ လက်တွဲကြိုးပမ်းမှုဖြင့် လွန်ခဲ့သည့်နှစ်တွင် နှစ်ဖက် ခေါင်းဆောင်တို့က တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ထောင်ခဲ့သည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးတွင် ထုတ်ပြန်ကြေညာခဲ့သော အဆိုပြုချက်များကို အကောင်အထည်ဖေါ်နေပြီး၊ သိပ္ပံနည်းပညာ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု၊ ပညာရေး စသည့်လုပ်ငန်းနယ်ပယ်များတွင် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာနေပါသည်။

၁။နိုင်ငံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး

နိုင်ငံရေး

    ၂၀၁၂-ခုနှစ်တွင် တရုတ်နှင့် အာဆီယံနိုင်ငံများ အဆင့်မြင့် ကူးလူးဆက်ဆံမှု ကောင်းမွန်ပါသည်။ နှစ်ဖက်အကြား ဒုဝန်ကြီးချုပ်နှင့်အထက် အဆင့် အပြန်အလှန် ခရီးလှည့်လည်ခြင်းများ အကြိမ်ပေါင်း ၅၀-ကျော် ရှိပြီး နှစ်ဖက်အကြား မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုနှင့် ကူးလူးဖလှယ်မှုကို တွန်းအားပေးပါသည်။

    နိုင်ငံခြားရေးဝန်ကြီး ယန်ကျယ်ချီသည် ဇူလိုင်လက ဖနွမ်းပင်မြို့၌ ကျင်းပသော အာဆီယံဒေသဖိုရမ် ဆက်စပ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ပြီး တရုတ်ပြည်၏ အာဆီယံနှင့် အိမ်နီးချင်းကောင်းချစ်ကြည်ရေးဆက်ဆံမှုနှင့် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေးဆိုင်ရာ မူဝါဒများကို ထပ်လောင်း ရှင်းလင်းဖေါ်ပြပါသည်။

    တရုတ်-အာဆီယံ ဆက်ဆံမှု တစ်ဆင့်တိုး ဖွံ့ဖြိုးစေရန်အတွက် တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ အာဆီယံဆိုင်ရာ သံတမန်အဖွဲ့ကို ထားရှိပြီး မဒမ် ယမ်ရှုဖိန်ကိုလည်း အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ စက်တင်ဘာလ ၂၇-ရက်နေ့တွင် အာဆီယံဆိုင်ရာ တရုတ်သံတမန်အဖွဲ့ရုံး ဖွင့်လှစ်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။

    နှစ်ဖက်တို့သည် ကုလသမဂ္ဂ၊ ဂျီ ၂၀၊ အေပက်အဖွဲ့၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေး အပါအဝင် နိုင်ငံတကာနှင့်ဒေသဆိုင်ရာ အဖွဲ့အစည်းများတွင် အရေးကြီး နိုင်ငံတကာနှင့် ဒေသရေးရာတို့နှင့် ပတ်သက်၍ ရင်းနှီးစွာ ညှိနှိုင်း ကူးလူးဖလှယ်ကာ တရားမျှတပြီး စနစ်တကျရှိသော နိုင်ငံတကာ နိုင်ငံရေးနှင့် စီးပွါးရေးစည်းစနစ်ကို လက်တွဲ တွန်းအား ပေးကြပါသည်။

 

တောင်ပင်လယ်ရေးရာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု

    ၂၀၁၂-ခုနှစ်သည် တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ လုပ်ဆောင်ချက် ကြေညာစာတမ်းကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည့် ၁၀နှစ် ပြည့် ဖြစ်ပြီး ကြေညာစာတမ်းကို အကောင်အထည်ဖေါ် ဆောင်ရွက်ရေးဖြစ်စဉ် ကောင်းမွန်ပါသည်။ ဇန်နဝါရီလက တရုတ်နှင့် အာဆီယံ နိုင်ငံများသည် ကြေညာစာတမ်း အကောင်အထည် ဖေါ်ဆောင်ရေးဆိုင်ရာ စတုတ္ထအကြိမ် အဆင့်မြင့်အရာရှိများအစည်းအဝေးနှင့် သတ္တမ အကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ပီကင်း၌ ကျင်းပခဲ့ပါသည်။ ဇွန်လက ကြေညာစာတမ်း ဆိုင်ရာ ပဉ္စမအကြိမ် အဆင့်မြင့်အရာရှိများ အစည်းအဝေးကို ဟနွိုင်းမြို့မှာ ကျင်းပခဲ့ရာ ကြေညာစာတမ်း အကောင်အထည်ဖေါ်ဆောင်ရေးဖြစ်စဉ်ကို တွန်းအားပေးရေးနှင့် တောင်ပင်လယ်ဆိုင်ရာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေးနှင့် ပတ်သက်၍ သဘောတူညီမှုများကို ရရှိခဲ့ပါသည်။

    စတုတ္ထအကြိမ် အဆင့်မြင့်အရာရှိများအစည်းအဝေးမှ ထုတ်ပြန်သည့် ၂၀၁၂-ခုနှစ် လုပ်ငန်းအစီအစဉ်အရ၊ တရုတ်နိုင်ငံသည် တောင်ပင်လယ် ပင်လယ်ဘေးအန္တရာယ် လျှော့ချရေး နှီးနှောဖလှယ်ပွဲနှင့် တောင်ပင်လယ် ပင်လယ်ဂေဟစနစ်နှင့် တိုင်းတာကြပ်မတ်ရေးနည်းပညာ နှီးနှောဖလှယ်ပွဲကို လက်ခံကျင်းပခဲ့ပါသည်။

    တရုတ်နှင့် အာဆီယံနိုင်ငံများသည် တောင်ပင်လယ်ဆိုင်ရာ လုပ်ဆောင်ချက်မူကို လေ့လာ ချမှတ်ရေးနှင့် ပတ်သက်၍ အကြိမ်ကြိမ် ကူးလူးဖလှယ်နေပါသည်။ နိုင်ငံအသီးသီးမှ အဆင့်မြင့်အရာရှိများသည် ဇွန်လ ၈-ရက်နေ့နှင့် စက်တင်ဘာလ ၁၃-ရက်နေ့တွင် ဖနွမ်းပင်မြို့၌ တောင်ပင်လယ်ဆိုင်ရာ လုပ်ဆောင်ချက်မူနှင့် စပ်လျဉ်း၍ အလွတ်သဘော တိုင်ပင်ဆွေးနွေးပွဲကို ပြုလုပ်ပြီး တောင်ပင်လယ် ငြိမ်းချမ်း တည်ငြိမ်ရေးကို လက်တွဲ ထိန်းသိမ်းရန် ဆန္ဒကို ဖေါ်ပြကြပါသည်။

 

ကာကွယ်ရေးနှင့် လုံခြုံရေး

    မေလ ၂၉-ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လျန်ကွမ်းလျယ့်သည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပသော ပထမ အကြိမ် တရုတ်-အာဆီယံ ကာကွယ်ရေးဝန်ကြီးများ တိုင်ပင်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ နှစ်ဖက်တို့သည် ဒေသတွင်း လုံခြုံမှုအခြေအနေနှင့် အပြန်အလှန်ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

    မေလက၊ တရုတ်ရဲဘက်သည် ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် အပါအဝင် အာဆီယံ ၇ နိုင်ငံမှ ရဲတပ်ဖွဲ့များနှင့် လက်တွဲပြီး၊ နိုဝင်ဘာ ၂၉ ရက်နေ့ တယ်လီဖုန်း၊ မိုဘိုင်းဖုန်းတို့ဖြင့် လိမ်လည်လှည့်ဖြားမှုကြီး ဂိုဏ်းအုပ်စုကို အောင်မြင်စွာ ဖြိုခွင်းနိုင်ခဲ့ပြီး မသင်္ကာသူ ၄၈၂ ယောက်ကို ဖမ်းဆီးရမိခဲ့ပါသည်။

    နှစ်ဖက် ပြည်သူ့လုံခြုံရေးဌာနများသည် အမျိုးမျိုးသော နှီးနှောဖလှယ်ပွဲနှင့် မွမ်းမံ သင်တန်းများကို ပြုလုပ်ပြီး ရင်းနှီးစွာ ကူးလူးဆက်ဆံနေကြပါသည်။ မေလတွင် တရုတ် အစိုးရသည် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ပြီး မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပသော  ၃၂ ကြိမ်မြောက် အာဆီယံ ရဲချုပ်များအစည်းအဝေးသို့ တက်ရောက်ကြပါသည်။ ဇွန်လတွင် တရုတ်-အာဆီယံ ရဲအရာရှိများ မွမ်းမံသင်တန်းကို တရုတ်ပြည် ကျယ့်ကျန်းပြည်နယ်၌ ပြုလုပ်ခဲ့ပါသည်။ ဇွန်လမှ သြဂုတ်လအထိ၊ နဝမ အကြိမ်မြောက် တရုတ်-အာဆီယံ ထောက်လှမ်းရေးနည်းပညာ မွမ်းမံသင်တန်းကို ပီကင်း၌ ပြုလုပ်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း အဆင့်မြင့် ဥပဒေ ကျင့်သုံးရေး အရာရှိများ မွမ်းမံသင်တန်းကို ပြုလုပ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဥပဒေ ကျင့်သုံးရေး အရာရှိများ ယင်းသင်တန်း တက်ရောက်ဖို့ ဖိတ်ကြားရန်လည်း စီစဉ်ထားပါသည်။

၂။စီးပွားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး

၂၀၁၁-ခုနှစ်က တရုတ်နှင့် အာဆီယံ နှစ်ဖက် ကုန်သွယ်ရေး စုစုပေါင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၆၂့ ၈၅-ဘီလီယံရှိပြီး ၂၀၁၀-ပြည့်နှစ် အလားတူ အချိန်ကထက် ၂၃့၉-ရာခိုင်နှုန်း တိုးလာပါသည်။ အာဆီယံသည် တရုတ်ပြည်၏ တတိယ အကြီးဆုံး ကုန်သွယ်ဖက်၊ စတုတ္ထအကြီးဆုံး ပို့ကုန်ဈေးကွက်နှင့် ဒုတိယ အကြီးဆုံး သွင်းကုန် အရင်းအမြစ် ဒေသလည်း ဖြစ်လာပါသည်။ တရုတ်ပြည်သည် ၃-နှစ်ဆက်ပြီး အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ဖက်လည်းဖြစ်ပါသည်။ ၂၀၁၂-ခုနှစ် စက်တင်ဘာလ လကုန်အထိ နှစ်ဖက် ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၂၈၈့၈၉-ဘီလီယံရှိပြီဖြစ်ပါသည်။

တရုတ်နှင့် အာဆီယံ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုသည် အဆက်မပြတ် တိုးပွားလာပါသည်။ ၂၀၁၂-ခုနှစ် စက်တင်ဘာလ လကုန်အထိ နှစ်ဖက် အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၉၄-ဘီလီယံရှိပါသည်။ ၂၀၀၆-ခုနှစ်နောက်ပိုင်းတွင် ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား နိုင်ငံတို့၌ တရုတ် လုပ်ငန်းများသည် နိုင်ငံခြား စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်နယ် ၅-ခုတို့ကို တည်ဆောက်ပြီး စီမံကိန်း ရေးဆွဲထားသည့် ဧရိယာ အကျယ်အဝန်းမှာ ၃၁-စတုရန်း ကီလိုမီတာ ရှိပါသည်။ ၂၀၁၂-ခုနှစ် ဇူလိုင်လ လကုန်အထိ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏ အမေရိကန် ဒေါ်လာ ၉၃၄-သန်းကို ပြုလုပ်ခဲ့ပြီဖြစ်ပါသည်။ ၄င်းဇုန်နယ်တွင် လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်း ၉၁-ခုရှိပြီး ကုန်ထုတ်လုပ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၁့၄၅-ဘီလီယံရှိကာ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်နေရာ ၈-ထောင်ခန့်ကို ဖန်တီးပေးထားပါသည်။

၂၀၁၂-ခုနှစ် ဇူလိုင်လ လကုန်အထိ အာဆီယံ အဖွဲ့ဝင် နိုင်ငံများတွင်  တရုတ်လုပ်ငန်းများ ချုပ်ဆိုသော ကန်ထရိုက်စာချုပ်များ၏ စုစုပေါင်း တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၃၄့၉-ဘီလီယံရှိပြီး အရောင်းအဝယ် စုစုပေါင်း တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၈၇-ဘီလီယံရှိပါသည်။

 

နဝမအကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ

၂၀၁၂-ခုနှစ် စက်တင်ဘာလ ၂၁-ရက်နေ့မှ ၂၅-ရက်နေ့အထိ နဝမအကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တရုတ်ပြည် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ နန်နင်-မြို့တွင် ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံတော် ဒုဥက္ကဋ္ဌ ရှီကျင့်ဖိန်၊ ယခုအကြိမ် ကုန်စည်ပြပွဲ၏ ဂုဏ်ထူးဆောင် ဦးဆောင်ရေး နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် သုံဆင်၊ ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် ငုယင်တန်ဒွန်၊ မလေးရှားနိုင်ငံ ဒုဝန်ကြီးချုပ် မူဟီဒင်၊ ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် ကီတယ်တီရတ်၊ ဖိလစ်ပိုင် သမ္မတ၏ အထူးတမန် ရိုဟာစ်၊ အာဆီယံ အတွင်းရေးမှူးရုံး ဒုအတွင်းရေးမှူးချုပ် လင်ဟုန်ဟင်၊ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် အတွင်းရေးမှူးချုပ် ဆူပါချိုင် စသည့်ခေါင်းဆောင်များသည် တက်ရောက်ခဲ့ကြပါသည်။

တစ်ချိန်တည်းတွင်ပင် နဝမအကြိမ်မြောက် တရုတ်-အာဆီယံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးနှင့် လွတ်လပ်သော ကုန်သွယ်ရေးဇုန် ဖိုရမ်တို့ကို နန်နင်မြို့တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ယခုအကြိမ် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး၏ ဆောင်ပုဒ်မှာ အပြန်အလှန် ဆက်သွယ်ရေးနှင့် အတူတကွ လက်တွဲပြီး အောင်မြင်မှုရရှိရေး ဖြစ်ပါသည်။ တရုတ်နိုင်ငံတော် ဒုဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပူးပေါင်းဆောင်ရွက်မှု ဇောက်ချပြုလုပ်ရေးကို လက်တွဲပြီး တွန်းအားပေးကာ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ အကောင်အထည်ဖေါ်ကြပါစို့ ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။

၃။ငွေကြေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး

တရုတ်နိုင်ငံတော်ဖွံ့ဖြိုးရေးဘဏ်သည် တရုတ်-အာဆီယံဘဏ်များအဖွဲ့ အမှုဆောင် ကောင်စီ ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၁၂-ခုနှစ်မေလ၁၇-ရက်နေ့က ပီကင်းမြို့တွင် ကြီးမှူးကျင်းပခဲ့ပါသည်။ ဘဏ်များအဖွဲ့ဝင်တို့သည် တရုတ်-အာဆီယံဘဏ်များအဖွဲ့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် ဖြည့်စွက်စာတမ်းကို လက်မှတ်ရေးထိုးခဲ့ကြ ပါသည်။ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အားသစ်လောင်းပေးရေးနှင့်ပတ်သက်၍ နက်ရှိုင်း စွာကူးလူးဖလှယ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် အခြေခံအဆောက်အအုံ၊ လျှပ်စစ်ဓာတ်အား၊ လယ်ယာစိုက်ပျိုးရေး၊ အလတ်စားနှင့်အသေးစားလုပ်ငန်းများ၊ စွမ်းအင်အရင်းအမြစ်စသည့်နယ်ပယ်များမှ အရေးကြီးလုပ်ငန်းများအား ငွေပေးချေမှု ထောက်ပံ့ပေးရေးနှင့် ငွေစာရင်းရှင်းပေးရေးနှင့်အရင်းငွေအရောင်းအဝယ်ပြုရေးစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုပြုနိုင်ဖွယ်ရာများကို ဆွေးနွေးသဖြင့် နောင်တွင် တစ်ဆင့်တက်နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန်အတွက် အုတ်မြစ်ချခဲ့ပါသည်။

၎။ သိပ္ပံနည်းပညာ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပညာမူပိုင်ခွင့်

သိပ္ပံနည်းပညာ

၂၀၁၂-ခုနှစ်သည် တရုတ်-အာဆီယံ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနှစ်ဖြစ်၍ နှစ်ဖက်တို့သည် သိပ္ပံနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ လှုပ်ရှားမှုများကို ပြုလုပ်ကြပါသည်။

မေလ ၁၈-ရက်နေ့က သတ္တမအကြိမ်မြောက် တရုတ်-အာဆီယံ သိပ္ပံနည်းပညာ ပူးတွဲကော်မတီ အစည်းအဝေးကို မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ စက်တင်ဘာလ ၂၂-ရက်နေ့က ပထမဆုံးအကြိမ် တရုတ်-အာဆီယံ သိပ္ပံနည်းပညာ ဝန်ကြီးများ အစည်းအဝေးကို တရုတ်ပြည် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်မြို့တွင် ကျင်းပခဲ့ပါသည်။ တရုတ်ပြည် သိပ္ပံနည်းပညာ ဝန်ကြီးဌာန ဝန်ကြီး ဝမ်ကန်း၊ အာဆီယံ ၁၀-နိုင်ငံမှ သိပ္ပံနည်းပညာ ဝန်ကြီးဌာနမှ ဝန်ကြီးများ၊ အာဆီယံအဖွဲ့ အတွင်းရေးမှူးရုံးမှ အဆင့်မြင့်အရာရှိများသည် ၄င်းအစည်းအဝေးသို့ တက်ရောက်ခဲ့ ကြပါသည်။ ထိုနေ့တွင်ပင် တရုတ်-အာဆီယံ သိပ္ပံနည်းပညာ မိတ်ဖက် စီမံကိန်းကို နန်နင်မြို့တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ၄င်းစီမံကိန်း ဘောင်အတွင်းရှိ ပထမဆုံး လုပ်ငန်းရပ်ဖြစ်သည့် အရင်းအမြစ်ဆိုင်ရာ ဂြိုဟ်တုကိန်းဂဏန်းများ အတူမျှဝေခံစားရေး ပလက်ဖောင်း တည်ထောင်ရေး လုပ်ငန်းကိုလည်း စတင်ဆောင်ရွက်ခဲ့ပါသည်။ အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် အာဆီယံ နိုင်ငံများအတွက် ဖွင့်ပေးထားသည့် သိပ္ပံနည်းပညာဆိုင်ရာ မူဝါဒနှင့် စီမံခန့်ခွဲရေး သုတေသန သင်တန်းနှင့် တရုတ်-အာဆီယံ ဖိုရမ်ကို တရုတ်ပြည်၌ ရှေ့ဆင့်နောက်ဆင့် ကျင်းပခဲ့ပါသည်။

 

ပတ်ဝန်းကျင် ထိန်းသိမ်းရေး

၂၀၁၂-ခုနှစ်က တရုတ်နှင့် အာဆီယံတို့သည် တရုတ်-အာဆီယံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာကို တက်ကြွစွာ လက်တွေ့ဖေါ်ဆောင်ပြီး တရုတ်-အာဆီယံ ပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ လုပ်ဆောင်မှု စီမံကိန်းကို ချမှတ်ကာ မူဝါဒဆိုင်ရာ ဆွေးနွေးခြင်း၊ စွမ်းအင်ထူထောင်မှုနှင့် ဒေသတွင်း ပတ်ဝန်းကျင် ပြဿနာများ သုတေသနပြုမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစသည့် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြပါသည်။

---တရုတ်-အာဆီယံ မြစိမ်းရောင် သံတမန် စီမံကိန်းကို လက်တွေ့ဖေါ်ဆောင်ရေး

၎င်းစီမံကိန်း၏ရည်ရွယ်ချက်မှာ နှီးနှောဖလှယ်ပွဲ ကျင်းပခြင်းနှင့် ကူးလူးဖလှယ်မှုစသည့် နည်းလမ်းများဖြင့် အစိုးရမှ စီမံခန့်ခွဲသူနှင့် မူဝါဒချမှတ်သူ၏ ပတ်ဝန်းကျင် စီမံခန့်ခွဲနိုင်စွမ်းကိုရော၊ အများပြည်သူတို့၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိအမြင်ကိုပါ တိုးမြှင့်ရန်၊ နှစ်ဖက် လူငယ်များအကြား ပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်ပယ်တွင် ကူးလူးဖလှယ်မှုကိုရော၊ ပတ်ဝန်းကျင်အတွက် ကောင်းမွန်သည့် သိပ္ပံနည်းပညာ တီထွင်ဆန်းသစ်မှုကိုပါ တွန်းအားပေးရန်လည်း ဖြစ်ပါသည်။

၂၀၁၂-ခုနှစ် မေလ ၂၂-ရက်နေ့မှ ၂၄-ရက်နေ့အထိ တရုတ်-အာဆီယံ မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး လူငယ် နှီးနှောဖလှယ်ပွဲကို ပီကင်းမြို့တွင် ကျင်းပခဲ့ပါသည်။ ဇူလိုင်လ ၁၅-ရက်နေ့မှ ၂၁-ရက်နေ့အထိ တရုတ်-အာဆီယံ မြစိမ်းရောင် စီးပွားရေးနှင့် ပတ်ဝန်းကျင် စီမံခန့်ခွဲရေး နှီးနှောဖလှယ်ပွဲကိုလည်း ပီကင်းမြို့တွင် ကျင်းပခဲ့ပါသည်။

---တရုတ်-အာဆီယံဇီဝသတ္တဝါ မျိုးစုံရှိခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း

၂၀၁၂-ခုနှစ် စက်တင်ဘာလ ၁၈-ရက်နေ့က တရုတ်-အာဆီယံ ဇီဝသတ္တဝါမျိုးစုံရှိခြင်း ထိန်းသိမ်းမှု လက်တွေ့ဖေါ်ဆောင်ရေး နှီးနှော ဖလှယ်ပွဲကို ပီကင်းတွင် ကျင်းပခဲ့ရာ ဇီဝသတ္တဝါမျိုးစုံရှိခြင်း ထိန်းသိမ်းရေး၌ အောင်မြင်မှုများနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ပြီး အတွေ့အကြုံများကိုလည်း မျှဝေခံစားခဲ့ကြပါသည်။

 

ပညာမူပိုင်ခွင့်

၂၀၁၂-ခုနှစ်တွင် တရုတ်-အာဆီယံတို့သည် ပညာမူပိုင်ခွင့် နယ်ပယ်များတွင် ကျယ်ပြန့်နက်ရှိုင်းသော ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်များကို ပြုလုပ်ခဲ့ကြပါသည်။

တရုတ်နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံတကာ၊ ဒေသတွင်းနှင့် နိုင်ငံချင်း ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးခြင်းကို တွန်းအားပေးရန်အတွက်ရော၊ (တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရနှင့် အရှေ့တောင်အာရှ နိုင်ငံများ မဟာမိတ်အဖွဲ့ဝင် နိုင်ငံများအစိုးရတို့ ပညာမူပိုင်ခွင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ)ပါ နှစ်ဖက်တို့၏ သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ဖေါ်ဆောင်ရန်အတွက်ပါ တရုတ်ပြည်သည် စက်တင်ဘာလ ၁၀-ရက်နေ့မှ ၁၂-ရက်နေ့အထိ ပီကင်းမြို့တွင် ၂၀၁၂ တရုတ်-အာဆီယံ ပညာမူပိုင်ခွင့်၊ ရိုးရာဗဟုသုတနှင့် အမွေအနှစ်ဆိုင်ရာ အရင်းအမြစ် ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ပါသည်။ တရုတ်ပြည်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ပညာမူပိုင်ခွင့် စီမံခန့်ခွဲရေး ဌာနမှ အရာရှိ၊ ပညာမူပိုင်ခွင့်လုပ်ငန်းမှ ပညာရှင်တို့သည် ရိုးရာဗဟုသုတနှင့် အမွေအနှစ်ဆိုင်ရာ အရင်းအမြစ် ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် နည်းလမ်းရှာကြံခဲ့ကြပါသည်။

 

၅။သတင်းဆက်သွယ်ရေးနှင့်လေကြောင်းသယ်ယူပို့ဆောင်ရေး

သတင်းဆက်သွယ်ရေး

ယခုနှစ်တွင် တရုတ်နှင့်အာဆီယံအဖွဲ့တို့သည် သတင်းဆက်သွယ်ရေးနယ်ပယ်တွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်လာပါသည်။

တရုတ်ဘက်သည် ယခုနှစ်မတ်လက ကျင်းပခဲ့သည့် တရုတ်-အာဆီယံသတင်း ဆက်သွယ်ရေးအဆင့်မြင့်အရာရှိများလုပ်ငန်းအဖွဲ့ဆိုင်ရာအစည်းအဝေးနှင့် ယခုနှစ်ဇူလိုင် လက ကျင်းပခဲ့သည့် တရုတ်-အာဆီယံကြေးနန်းဆက်သွယ်မှုကြပ်မတ်ရေးအမှုဆောင် ကောင်စီစားပွဲဝိုင်းအစည်းအဝေးတို့ကို တက်ရောက်ပြီး တရုတ်-အာဆီယံသတင်း ဆက်သွယ်ရေးဖွံ့ဖြိုးမှုအခြေအနေ၊ ကြပ်မတ်ရေးမူဝါဒနှင့် သတင်းဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဖလှယ်ခဲ့ကြပါသည်။

တရုတ်-အာဆီယံ broadband ဆက်သွယ်ရေးနည်းပညာနှင့် အသုံးပြုရေးသင်တန်းကို ယခုနှစ်ဇန်နဝါရီလက စိန်ကျင့်မြို့တွင် ကျင်းပခဲ့ပါသည်။ တရုတ်-အာဆီယံ အလတ်စားနှင့် အသေးစားလုပ်ငန်းများ ဆက်သွယ်ရေးနည်းပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယခုနှစ် ဇွန်လက လျန်ယွင်ကန်မြို့တွင် ကျင်းပခဲ့ပါသည်။ တရုတ်-အာဆီယံ တာဝေးပညာ သင်ကြားပို့ချရေးဆိုင်ရာနှီးနှောဖလှယ်ပွဲနှင့် တရုတ်-အာဆီယံ Wireless broadband mobile ဆက်သွယ်ရေးနည်းပညာနှင့် အသုံးပြုရေးသင်တန်းတို့ကို ယခုနှစ်စက်တင်ဘာလက နန်းနင်မြို့နှင့် ပီကင်းမြို့တို့တွင် အသီးသီးကျင်းပခဲ့ကြပါသည်။

တရုတ်ဘက်သည် တရုတ်-အာဆီယံ cloud computing နည်းပညာနှင့် အသုံးပြုရေး သင်တန်း၊ တရုတ်-အာဆီယံအင်တာနက်လုံခြုံရေးနှီးနှောဖလှယ်ပွဲတို့ကို ယခုနှစ်တွင် ကျင်းပမည်ဖြစ်ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများ သတင်းဆက်သွယ်ရေးနှင့် ကြေးနန်း ဆက်သွယ်ရေးဌာနများနှင့် အာဆီယံအတွင်းဝန်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ရန် ဖိတ်ကြားမည်ဖြစ်ပါသည်။ အထက်ပါလှုပ်ရှားမှုများမှာ နှစ်ဖက်တို့မှ ဆက်သွယ်မှုဖွံ့ဖြိုးရေး၊ အင်တာနက်လုံခြုံရေးစသည့်ဘက်များတွင် အတွေ့အကြုံကူးလူးဖလှယ်ရေးနှင့် စွမ်းရည် မြှင့်တင်ရေးတို့ကို အားသစ်လောင်ပေးပါသည်။

လေကြောင်းသယ်ယူပို့ဆောင်ရေး

တရုတ်-အာဆီယံနှစ်ဖက်တို့သည် ဆဋ္ဌမအကြိမ်မြောက် တရုတ်-အာဆီယံဒေသတွင်း လေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးကို ယခုနှစ်တွင် ကျင်းပပြီး တရုတ်-အာဆီယံဒေသတွင်း လေကြောင်းသယ်ယူပို့ဆောင်ရေးအစီအစဉ်များ တိုးချဲ့ ဆောင်ရွက်ရေးကို ဆက်လက်ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

တရုတ်မြို့ပြလေကြောင်းကုမ္ပဏီနှင့် အာဆီယံဒေသတွင်း လေကြောင်းသယ်ယူ ပို့ဆောင်ရေးအစီအစဉ်ဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၁၂- ခုနှစ်စက်တင်ဘာလ၁၀-ရက်နေ့မှ ၁၄-ရက်နေ့အထိ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် တရုတ်နှင့်အာဆီယံအကြား၊ တရုတ်-အာဆီယံနှင့် အခြားနိုင်ငံများအကြား တရုတ်-အာဆီယံလေကြောင်းသယ်ယူပို့ဆောင်ရေး သဘောတူ စာချုပ် ဒုတိယပရိုတိုကိုစာချုပ်နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

တရုတ်ဘက်သည် တရုတ်-အာဆီယံမြို့ပြလေကြောင်းပျံသန်းရေးလုံခြုံမှု စီမံအုပ်ချုပ် ရေးသင်တန်းကို ယခုနှစ်နိုဝင်ဘာလတွင် ယူနန်ပြည်နယ်၌ ကျင်းပပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွက် မြို့ပြလေကြောင်းလုံခြုံမှုစီမံအုပ်ချုပ်ရေးဆိုင်ရာအမှုထမ်း အယောက်၂၀- အားပညာသင်ကြားပို့ချပေးမည်ဖြစ်ပါသည်။တရုတ်-အာဆီယံလေဆိပ်များပို့ဆောင်နိုင်စွမ်း အကဲခတ်ရေးသင်တန်းကို ယခုနှစ်တွင် ထျန်ကျင်မြို့၌ ကျင်းပပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွက် လေကြောင်းဆက်သွယ်မှုစီမံအုပ်ချုပ်ရေးဆိုင်ရာအမှုထမ်း အယောက် ၂၀-အား ပညာသင်ကြားပို့ချပေးမည်ဖြစ်ပါသည်။

၁၁-ကြိမ်မြောက် တရုတ်-အာဆီယံလမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး အဆင့်မြင့်အရာရှိနှင့်ဝန်ကြီးများအစည်းအဝေးကို ၂၀၁၂-ခုနှစ်နိုဝင်ဘာလတွင် အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပမည်ဖြစ်ပါသည်။ တရုတ်မြို့ပြလေကြောင်းကုမ္ပဏီသည် ကိုယ်စားလှယ်များ စေလွှတ်ပြီး တရုတ်-အာဆီယံမြို့ပြလေကြောင်းနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု အခြေအနေနှင့် တိုးတက်မှုများကို အစည်းအဝေးထံသို့ အစီရင်ခံမှာဖြစ်ပါသည်။

၆။ယဉ်ကျေးမှု၊ပညာရေးနှင့်ခရီးသွား

ယဉ်ကျေးမှု

၂၀၁၂-ခုနှစ် မေလ ၂၅-ရက်နေ့က၊ ပထမအကြိမ်တရုတ်-အာဆီယံယဉ်ကျေးမှု ဝန်ကြီးများအစည်းအဝေးကို စင်ကာပူနိုင်ငံတွင်ကျင်းပခဲ့ပါသည်။ အစည်းအဝေးတက် ရောက်သူများသည်၊ တရုတ်-အာဆီယံယဉ်ကျေးမှုဝန်ကြီးများအစည်းအဝေးစနစ်ကို တည်ထောင်ရန် အတည်ပြုခဲ့ကြပြီး၊ ၄င်းစနစ်၏ လည်ပတ်မှုနှင့် နောက်ဆက်တွဲ နှစ်ဖက်ယဉ်ကျေးမှု နယ်ပယ်မှ ပူေးပါင်းဆောင်ရွက်ရေးနှင့် (တရုတ်-အာဆီယံ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ လုပ်ဆောင်မှုစီမံကိန်း) စသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ နက်နဲစွာ ဆွေးနွေးဖလှယ် ခဲ့ကြပါသည်။

၂၀၀၆-ခုနှစ်မှစ၍၊ နှစ်ဖက်တို့သည်၊ တရုတ်-အာဆီယံ ယဉ်ကျေးမှု လုပ်ငန်းဖိုရမ်ကို ၆-ကြိမ်တိုင်တိုင်ကျင်းပခဲ့ပြီး၊ ဒေသတွင်း ယဉ်ကျေးမှု ဖလှယ်ရေးဆိုင်ရာ အရင်းအမြစ် အတူမျှဝေခံစားရေးနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေးအတွက်ရော၊ တရုတ်နှင့်အာဆီယံဆက်ဆံမှုနက်ရှိုင်းစေရေးအတွက်ပါ  တက်ကြွစွာစွမ်းဆောင် မှုပြုနိုင်ခဲ့ပါသည်။ ၂၀၁၂-ခုနှစ် ၄င်းဖိုရမ်ကို တရုတ်-အာဆီယံယဉ်ကျေးမှုဖိုရမ်အဖြစ်သို့ အမည်ပြောင်းလဲပြီး၊ စက်တင်ဘာလ ၁၀-ရက်နေ့မှ ၁၄-ရက်နေ့အထိ ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ နန်နင်းမြို့တွင်ကျင်းပခဲ့ပါသည်။

 

ပညာရေး

-----တရုတ်-အာဆီယံ ပညာရေးဆိုင်ရာ နှီးနှောဖလှယ်မှု ရက်သတ္တပတ်

ပဉ္စမအကြိမ်မြောက် တရုတ်-အာဆီယံ ပညာရေးဆိုင်ရာ နှီးနှောဖလှယ်မှု ရက်သတ္တပတ်လှုပ်ရှားမှုကို စက်တင်ဘာလ ၁၇-ရက်နေ့က ၂၀-ရက်နေ့အထိ၊ ကွေ့ကျိုးပြည်နယ်တွင် ကျင်းပခဲ့ ပါသည်။ ယခုအကြိမ် နှီးနှောဖလှယ်မှု ရက်သတ္တပတ်တွင်၊ တရုတ်၊ အာဆီယံတက္ကသိုလ် ကျောင်းအုပ်ကြီးများဖိုရမ်၊ တရုတ်-အာဆီယံ စားကောင်းသောက်ဖွယ် ယဉ်ကျေးမှုပွဲတော်၊ တရုတ်- အာဆီယံ ယဉ်ကျေးမှု လုပ်ငန်း ဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲနှင့် တရုတ်-အာဆီယံ ဆေးဝါးကုသမှု ပညာရေး ဖိုရမ် အပါအဝင်ဖြစ်သည့် လှုပ်ရှားမှုများကိုလည်း ကျင်းပခဲ့ပြီး၊ အာဆီယံနိုင်ငံများမှ ပညာရေး စီမံအုပ်ချုပ်ရေးဌာန၊ သက်ဆိုင်ရာ တက္ကသိုလ်၊ တရုတ်နိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံရုံး၊ တရုတ်-အာဆီယံ ဗဟိုဌာန၊ အာဆီယံအတွင်းဝန်ရုံးနှင့် အာဆီယံ တက္ကသိုလ် သမဂ္ဂ၊ တရုတ်တက္ကသိုလ်ကျောင်းများ အပါအဝင် ဌာနများမှ ကိုယ်စားလှယ် စုစုပေါင်း ၆၀၀-ကျော်ပါဝင်ခဲ့ကြပါသည်။

-----တရုတ်-အာဆီယံ အလုပ်အကိုင်ဆိုင်ရာ ပညာပေးရေးစင်တာ ၁၀-ခု

၂၀၁၁-ခုနှစ် ၁၄-ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီးများအစည်းအဝေးတွင်၊ ဝန်ကြီးချုပ် ဝင်ကျားပေါင်သည်၊ (အာဆီယံသို့ရှေ့ရှုထားသည့် အလုပ်အကိုင်ဆိုင်ရာ ပညာပေးရေး စင်တာ ၁၀-ခုကို တည်ထောင်ခြင်းဖြင့်၊ အာဆီယံ နိုင်ငံများတွင် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်ကို ထောက်ပံ့ပေးကြ)ဟူ၍ ကမ်းလှမ်းချက်ကို တင်သွင်းခဲ့ပါသည်။ ယခုအထိ ဆိုလျှင်၊ ၄င်းစင်တာ ဆယ်-ခုတို့ကို ပြီးမြောက်အောင် တည်ဆောက်ခဲ့ပြီဖြစ်ပြီး၊ ကွမ်ရှီး၊ စိချွမ်း၊ ယူနန်၊ ကွေ့ကျိုး။ ဖူကျန့်နှင့် ဟေလုံကျန်းစသည့် ပြည်နယ်နှင့်ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများသို့ ပျံ့နှံ့တည်ရှိကာ၊ စီးပွားကုန်သွယ်ရေးပြပွဲ၊ ယဉ်ကျေးမှု၊ အနုပညာ၊ တရုတ်စကား သင်ကြားပို့ချရေး၊ ငွေရေးကြေးရေး၊ ဘဏ္ဍာရေး၊ တရုတ်တိုင်းရင်း ဆေးပညာနှင့် စွမ်းအင်သစ် စသည့်ဘက်များနှင့်စပ်လျဉ်း၍ ပညာပေးခြင်းများဖြစ်ပါသည်။

------ကျောင်းသားများကူးလူးဖလှယ်ရေးစီမံကိန်း

၂၀၁၁-ခုနှစ်နှစ်ကုန်အထိ၊ တရုတ်ပြည်တွင် အာဆီယံဆယ်နိုင်ငံမှ ပညာတော်သင် ဦးရေမှာ ၅၄၇၉၀ ရှိပြီး၊ အာဆီယံနိုင်ငံများတွင် ရှိသော တရုတ်ပညာတော်သင်ဦးရေမှာ လည်း၊ ၁၀၁၀၃၉-ဦး ရှိလာခဲ့ပါသည်။ ၂၀၁၂-ခုနှစ် တရုတ်ပြည်သည်၊ (တရုတ်ပြည်တွင် ပညာသင်ယူရေး စီမံကိန်း)ကို လက်တွေ့ဆောင်ရွက်ခြင်းဖြင့်၊ ပိုမိုများပြားသော အာဆီယံ ပညာတော်သင်များအား ဆွဲဆောင်နိုင်ရန် တွန်းအားပေးနေလျက်ရှိပါသည်။

-----တရုတ်ဘာသာစကား သင်ကြားပို့ချရေးနှင့် အာဆီယံ သုတေသနပြုရေး

တရုတ်ပြည်အနေနှင့်၊ အာဆီယံနိုင်ငံများ၌ တရုတ်ဘာသာစကားသင်ကြားပို့ချမှုကို အလွန်အရေးထားပြီး၊ ယခုအထိ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများတွင်၊ ကွန်ဖြူးရှပ်စာသင်ကျောင်း ၂၆-ကျောင်းနှင့် ကွန်ဖြူးရှပ် သင်တန်း ၁၄-ခုတို့ကို ဖွင့်လှစ်ခဲ့ပါသည်။

ဤသည်နှင့်အမျှ၊ တရုတ်ပြည်သည်၊ အာဆီယံအပါအဝင်ဖြစ်သည့် ဒေသဆိုင်ရာနှင့် နိုင်ငံတကာ သုတေသနပြုမှုတို့ကို အားဖြည့်ပြုလုပ်ပြီး၊ ပီကင်းတက္ကသိုလ်၊ ပီကင်းနိုင်ငံခြား ဘာသာသင်တက္ကသိုလ်၊ ရှာ့မင်တက္ကသိုလ်၊ ကွေ့ကျိုးတက္ကသိုလ်နှင့် ယူနန်တက္ကသိုလ် စသည့် တက္ကသိုလ်ကျောင်းများတွင်၊ အာဆီယံနိုင်ငံနှင့် ဒေသများ သုတေသန ဗဟိုဌာနများကို ထားရှိခဲ့ပါသည်။ တရုတ်တက္ကသိုလ်ကျောင်း ၃-၄ဆယ်တို့သည် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် သုံးသည့် ဘာသာစကားများကို သင်ကြားပို့ချနေပါသည်။

ခရီသွား

လွန်ခဲ့သည့်နှစ်များအတွင်း၊ တရုတ်နိုင်ငံတော်ခရီးသွားဝန်ကြီးဌာနသည်၊ တရုတ် နိုင်ငံတကာ ခရီးသွားလာရေးကုန်စည်ပြပွဲတွင် ပါဝင်ရန်အတွက်၊ အာဆီယံနိုင်ငံများနှင့် အာဆီယံ အတွင်းဝန်ရုံးကို ဦးစားပေးခဲ့ပါသည်။ ၂၀၁၂-ခုနှစ် တရုတ်ခရီးသွားဝန်ကြီးဌာနသည်၊ အာဆီယံနိုင်ငံတိုင်းနှင့် အာဆီယံအတွင်းဝန်ရုံးတို့ အတွက်၊ ခင်းကျင်းပြသရေးနေရာ ၂-ခုကို အခမဲ့ပေးခဲ့ပြီး၊ အာဆီယံနိုင်ငံများ၏  ခင်းကျင်းပြသရေးနှင့် ကြော်ငြာရေးတို့ကို တက်ကြွစွာထောက်ပံ့ကူညီပေးခဲ့ပါသည်။

ဖေဖေါ်ဝါရီလက၊ တရုတ်နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၊ တရုတ်-အာဆီယံစင်တာနှင့် ခရီးသွားဝန်ကြီးဌာနတို့သည်၊ ပီကင်းမြို့တွင် ပထမဆုံးအကြိမ် တရုတ်- အာဆီယံမြစိမ်းရောင်ခရီးသွားလာရေးဖိုရမ်ကို ပူးတွဲကျင်းပခဲ့ကြပါသည်။

ကျန်းမာရေး၊ အကောက်ခွန်ဌာနနှင့် ကုန်စည် အရည်အသွေး စစ်ဆေးရေး

 

ကျန်းမာရေး

၂၀၁၂-ခုနှစ် မတ်လ ၂၉-ရက်နေ့က ဒုတိယအကြိမ် တရုတ်-အာဆီယံ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ စေဘူမြို့၌ ကျင်းပခဲ့ပါသည်။ ဇူလိုင်လ ၆-ရက်နေ့က စတုတ္ထအကြိမ် တရုတ်-အာဆီယံ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံ ဖူကက်မြို့၌ ကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေးတွင် နှစ်ဦးနှစ်ဖက်တို့သည် အဓိကထားပြီး ပူးပေါင်းဆောင်ရွက်ရမည့် ကျန်းမာရေး နယ်ပယ်ကို သတ်မှတ်ပြီး နိုင်ငံအသီးသီးမှ ဆေးလိပ် ထိန်းချုပ်မှုဆိုင်ရာ အတွေ့အကြုံများကို ဖလှယ်ခဲ့သည့်အပြင် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ အစိုးရနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံ အစိုးရများ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို ချုပ်ဆိုခဲ့ကြပါသည်။

ဧပြီလက တိုင်းရင်းဆေးကုသမှုကို နိုင်ငံတော်ဆေးကုသမှုနှင့် ကျန်းမာရေးစနစ်သို့ ထည်သွင်းခြင်းကို အဓိကအကြောင်းအရာအဖြစ် ဆွေးနွေးပြီး တရုတ်-အာဆီယံ တိုင်းရင်းဆေးကုသမှု နှီးနှောဖလှယ်ပွဲကို ပီကင်းမြို့၌ ကျင်းပခဲ့ပါသည်။

သြဂုတ်လက တရုတ်နိုင်ငံသည် ဆေးကုသမှု စနစ် ပြုပြင်ပြောင်းလဲရေး စသည့်နယ်ပယ်တွင် အတွေ့အကြုံများ ဖလှယ်ရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ဖိတ်ခေါ်ပြီး ပီကင်းမြို့၌ တရုတ်ကျန်းမာရေးဖိုရမ်ကိုကျင်းပခဲ့ပါသည်။

၂၀၁၂-ခုနှစ်အတွင်း နှစ်ဦးနှစ်ဖက်တို့သည် တရုတ်-မြန်မာ၊ တရုတ်-ဗီယက်နမ်၊ တရုတ်-လာအို နယ်စပ်ဒေသ အေအိုင်ဒီအက်စ် ရောဂါကုသရေး လုပ်ငန်းရပ်၊ မဲခေါင်မြစ်ဝှမ်းဒေသငယ် တရုတ် ယူနန်ပြည်နယ် နယ်စပ်ဒေသ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါ ပူးတွဲ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု  လုပ်ငန်းရပ်နှင့် မဲခေါင်မြစ်ဝှမ်းဒေသငယ် နယ်စပ်ဒေသ သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းရပ်တို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

 

အကောက်ခွန်ဌာန

၂၀၁၂-ခုနှစ် ဇွန်လ ၅-ရက်နေ့မှ ၉-ရက်နေ့အထိ ဒသမအကြိမ်မြောက် တရုတ်-အာဆီယံ အကောက်ခွန်ဌာနမှူးများ နှီးနှောဖလှယ်ပွဲကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပခဲ့ရာ စွမ်းရည်တိုးမြှင့်ရေး၊ နိုင်ငံတကာထောက်ပံ့မှု ပိုမိုလုံခြုံလွယ်ကူစေရေး တွန်းအားပေးရေး၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့နှင့်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရေးရာစသည့် ကိစ္စများနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ပါသည်။

ဇွန်လတွင် တရုတ်-အာဆီယံ အကောက်ခွန်ဌာန (AEO) နှီးနှောဆွေးနွေးပွဲ သင်တန်းကို ကွမ်ရှီးပြည်နယ် ကွေ့လင်မြို့၌ ပြုလုပ်ခဲ့ပါသည်။

စက်တင်ဘာလတွင် အကောက်ခွန်ဌာန နောက်ဆက်တွဲ စစ်ဆေးရေး သင်တန်းကို ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ရာ လေးနိုင်ငံမှာ အဆင်မြင့်အရာရှိ စုစုပေါင်း အယောက် ၂၀တို့သည် ယင်းသင်တန်းကို တက်ရောက်ကြပါသည်။

 

ကုန်ပစ္စည်း အရည်အသွေးစစ်ဆေး

၂၀၁၂-ခုနှစ် စက်တင်ဘာလ ၁၉-ရက်နေ့မှ ၂၁-ရက်နေ့အထိ တတိယအကြိမ် တရုတ်-အာဆီယံ ကုန်ပစ္စည်း အရည်အသွေးစစ်ဆေးရေး ဝန်ကြီးများအစည်းအဝေး (SPS ပူးပေါင်းဆောင်ရွက်မှု) ကို ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့တော်၌ ကျင်းပခဲ့ပါသည်။ ယင်းအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်မှာ ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ပြီး တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန်ကို ဝန်ဆောင်မှုပေးရေး ဖြစ်ပါသည်။ ယင်းအစည်းအဝေးတွင် တရုတ်-အာဆီယံ SPS ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ ၂၀၁၃-၂၀၁၄ခုနှစ် ဆောင်ရွက်မှု စီမံကိန်းကို အတည်ပြုပြီး လာမည့်၂-နှစ်အတွင်း တရုတ် အာဆီယံ နှစ်ဦးနှစ်ဖက်တို့သည် SPS နယ်ပယ်တွင် အဓိက ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းရပ်များကို သတ်မှတ်ထားသည့်အပြင် တတိယအကြိမ် တရုတ်-အာဆီယံ ကုန်ပစ္စည်း အရည်အသွေးစစ်ဆေးရေး ဝန်ကြီးများအစည်းအဝေး (SPS ပူးပေါင်းဆောင်ရွက်မှု) ပူးတွဲသတင်းကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

စက်တင်ဘာလ ၂၀-ရက်နေ့က တရုတ် အာဆီယံ ပူးပေါင်းဆောင်ရွက်ပြီး ပြုလုပ်တဲ့ တရုတ်-အာဆီယံ SPS ပူးတွဲဝက်ဘ်ဆိုဒ်ကို စတင် အသုံးပြုလာခဲ့ပါသည်။ ယင်းဝက်ဘ်ဆိုဒ်တွင် သတင်းစင်တာ၊ ဝန်ကြီးများအစည်းအဝေး၊ SPS ညှိနှိုင်းရေးစနစ်၊ SPSဆိုင်ရာ ဗဟုသုတ၊ SPS စည်းကမ်းဥပဒေများ၊ အန္တရာယ်ရှိသောဇီဝသတ္တဝါများ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှု၊ SPSသက်ဆိုင်ရာ သဘောတူစာချုပ်များစသည့် အခန်းများ ပါရှိခဲ့ပါသည်။

ဂ ။မဟာမဲခေါင်မြစ်ဝှမ်းဒေသငယ်၏ဖွံ့ဖြိုးရေး

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု

    တရုတ်နိုင်ငံသည် GMSစီးပွါးရေးစင်္ကြံတည်ဆောက်ရေးလုပ်ငန်းကို  တက်ကြွစွာပါဝင်ပြီး တွန်းအားပေးနေပါသည်။၂၀၁၂ခုနှစ်ဇွန်လ၂၈ရက်နေ့က မြန်မာနိုင်ငံမန္တလေးမြို့၌ ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက်စီးပွါးရေးစင်္ကြံဖိုရမ်၌ တရုတ်ဘက်သည် စီးပွါးရေးစင်္ကြံတည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ တိုက်တွန်းချက်များကို တင်ပြခဲ့ပါသည်။ယင်းတို့မှာ လမ်းပန်းဆက်သွယ်ရေးစင်္ကြံကိုတွန်းအားပေးခြင်း၊ အာရှမီးရထားလမ်းကြောင်း၊ စက်မှုလုပ်ငန်းဇုန်၊ နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ရေးဇုန်၊ ကုန်သွယ်ရေးလွယ်ကူစေခြင်း နှင့် သတင်းအချက်အလက်များမြန်မြန်မှန်မှန် အသိပေးသည့် လမ်းကြောင်းတည်ဆောက်ခြင်း၊ အပြန်အလှန်ဆက်သွယ်ရေးဘက်စုံဖော်ဆောင်ခြင်းနှင့် စီးပွါးရေးစင်္ကြံတည်ဆောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတည်ဆောက်ရေးကို အားသစ်လောင်းပေးခြင်း စတည်တို့ပါဝင်ပါသည်။ တရုတ်ဘက်သည် ယခုနှစ်ပထမနှစ်ဝက်ပိုင်းက မဟာမဲခေါင်မြစ်ဝှမ်းဒေသငယ်နိုင်ငံများကုန်သွယ်ရေး လွယ်ကူစေရန်အရာရှိသင်တန်းဖွင့်လှစ်ခဲ့ပြီး လာမည့် ၃နှစ်အချိန်ကာလအတွင်း မဟာမဲခေါင်မြစ်ဝှမ်းဒေသငယ်နိုင်ငံများအတွက် သက်ဆိုင်ရာကျွမ်းကျင်သူ ဦးရေ ၁၅၀၀ ကို ပြုစုပျိုးထောင်သွားရန်စီစဉ်နေပါသည်။

ပတ်ဝန်းကျင်

    တရုတ်နိုင်ငံသည် မဟာမဲခေါင်မြစ်ဝှမ်းဒေသငယ်နိုင်ငံများနှင့် ပတ်ဝန်းကျင်နယ်ပယ်တွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဖလှယ်မှုကို အလွန်အလေးထားပါသည်။အမြုတေပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းဇီဝသတ္တဝါမျိုးစုံးရှိခြင်းစကြံစီမံကိန်း၊ CEP-BCI(၂၀၀၆-၂၀၁၁)ခုနှစ်ဒုတိယအချိန်ကာလ မူဘောင်စာတမ်းနှင့် လုပ်ဆောင်ချက်အစီအစဉ်(၂၀၁၂-၂၀၁၆) ရေးဆွဲချမှတ်ရေးကို တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပါသည်။ ယခုနှစ်မေလက တရုတ်ပြည်ယူနန်ပြည်နယ်၊ကျင်ဟုန်းမြို့၌ ကျင်းပသော မဟာမဲခေါင်မြစ်ဝှမ်းဒေသငယ်ပတ်ဝန်းကျင်လုပ်ငန်းအဖွဲ့ ၁၈ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၌ အမြုတေသတ္တဝါလုပ်ငန်း(၂၀၁၂-၂၀၁၆) အထွေထွေအစီအစဉ်ကို အတည်ပြုလိုက်ပါသည်။ လက်ရှိအချိန်တွင် ယင်းလုပ်ငန်းကို စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။

လမ်းပန်းဆက်သွယ်ရေး

    တောင်-မြောက်စီးပွါးရေးစင်္ကြံ အနောက်ပိုင်းလမ်းကြောင်း (ကူမင်း-လာအို-ဘန်ကောက်လမ်းမကြီး)မှ အစိတ်အပိုင်းဖြစ်သည့် လာအို-ထိုင်းမဟာမဲခေါင်မြစ်တတိယတံတားကြီးသည် တရုတ်-ထိုင်းနှစ်နိုင်ငံအစိုးရမှ ရင်းနှီးငွေတစ်ဝက်စီဖြင့် အတူ ပူးတွဲတည်ဆောက်နေပါသည်။ ယင်းတံတားတည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၀ပြည့်နှစ်ဖေဖော်ဝါရီလက စတင်တည်ဆောက်ပြီး ခန့်မှန်းချက်အရ ၂၀၁၃ခုနှစ်ဇွန်လတွင်လမ်းပေါက်သည်အထိ ပြီးစီးအောင် ဆောင်ရွက်လုပ်ဆောင်သွားမှာဖြစ်ပါသည်။ တောင်-မြောက်စီးပွါးရေးစင်္ကြံအလယ်ပိုင်း(ကူမင်း-ဟနွိုင်-ဟိုင်းဖန်)၏ တရုတ်ပြည်တွင်း ၄၀၇ ကီလိုမီတာရှိသော အစိတ်အပိုင်းကို မြန်နှုန်းမြင့်လမ်းမကြီးအဖြစ် ပြောင်းလဲတည်ဆောက်ပြီးစီးပြီ ဖြစ်ပါသည်။ တောင်-မြောက်စီးပွါးရေးစင်္ကြံ၏အရှေ့ပိုင်း(ကူမင်း-နန်နင်း-ဟနွိုင်)လမ်းမကြီးသည် စုစုပေါင်း ၁၂၀၈ ကီလိုမီတာ ရှည်လျားပြီး တရုတ်ပြည်တွင်းမှ ၁၇၉ ကီလိုမီတာ ကို မြန်နှုန်းမြင့်အဖြစ် ပြင်ဆင်တည်ဆောက်ပြီးပါပြီ။

    တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ရင်းနှီးစွာပူးပေါင်းဆောင်ရွက်နေပါသည်။တရုတ်-ဗီယက်နမ်နှစ်နိုင်ငံတို့သည် ဆိပ်ကမ်း၌ မော်တော်ကားပို့ဆောင်ရေးလုပ်ငန်းကို ဆောင်ရွက်ရန်အတွက် ၂၀၁၂ခုနှစ်မေလက နှစ်နိုင်ငံတို့သည် ပီကင်းမြို့၌  ကားသွားလာခွင့်လက်မှတ်စနစ် တည်ထောင်ရေးဆိုင်ရာစာချုပ်ကို ချုပ်ဆိုကြပါသည်။ ယင်းစာချုပ်အရ နှစ်နိုင်ငံတို့သည် တရုတ်-ဗီယက်နန်ဆိပ်ကမ်းရှိ ခရီးသွား အဝေးပြေး ကားလမ်းကြောင်း လေးကြောင်းနှင့် ကုန်တင်ကားလမ်းကြောင်း တစ် ကြောင်းတို့ကို ဆောက်လုပ်ပြီး၊ ယခုနှစ်သြဂုတ်လတွင် ကားလမ်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။

၉။ဆင်းရဲမွဲတေမှုပပျောက်စေရေးနှင့် လူနေမှုဖွံ့ဖြိုးတိုးတက်ရေး

ဆဋ္ဌမအကြိမ်မြောက် တရုတ်-အာဆီယံ လူနေမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု ပပျောက်စေရေးဖိုရမ်ကို ၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၆-ရက်နေ့မှ ၂၇-ရက်နေ့အထိ တရုတ်ပြည် ကွမ်ရှီးပြည်နယ်တွင် ကျင်းပခဲ့ရာ ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်မှာ တရုတ်နှင့် အာဆီယံ နှစ်ဖက်စလုံး သက်ညှာထောက်ထားစွာဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲမွဲတေမှု ပပျောက်စေရေး ဖြစ်ပါသည်။

စက်တင်ဘာလ ၁၃-ရက်နေ့မှ ၁၅-ရက်နေ့အထိ သတ္တမအကြိမ်မြောက် တရုတ်- အာဆီယံ လူမှုသက်သာချောင်ချိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေးကို ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် သက်ဆိုင်ရာတို့က အားနည်းသူများအတွက် ဝန်ဆောင်မှုများနှင့် ကာကွယ်စောင့်ရှောက်မှု များ အားသစ်လောင်းပေးခြင်းကို အဓိကထားပြီး ဆွေးနွေးခဲ့ကြပါသည်။

ယခုနှစ်အတွင်းတွင် တရုတ်ပြည်သည် တရုတ်-အာဆီယံ ဘေးအန္တရာယ်လျော့ပေါ့စေ ရေးလုပ်ငန်းနယ်ပယ်မှ သတင်းအချက်အလက်များ မျှဝေခံစားရေး နှီးနှောဖလှယ်ပွဲကို ကျင်းပမည်ဖြစ်ပြီး၊ တရုတ်-အာဆီယံ လူမှု အာမခံပေးရေး ဝန်ဆောင်မှု လုပ်ငန်း အစီအစဉ်များ ဆိုင်ရာ  အဆင့်မြင့် နှီးနှောဖလှယ်ပွဲကိုလည်း အာဆီယံအဖွဲ့ အတွင်းရေးမှူး ရုံးနှင့် အတူတကွ ဦးစီးကျင်းပမည်ဖြစ်ပါသည်။

 

၁၀။လူငယ်တွေအကြား ကူးလူးဆက်ဆံရေး

၂၀၁၂-ခုနှစ်တွင် ကျင်းပသည့် တရုတ်-အာဆီယံလူငယ်ဝန်ထမ်းများ မွမ်းမံ သင်တန်း ၄-ကြိမ် အနက် ၃-ကြိမ် ကျင်းပပြီးဖြစ်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် လူငယ်ဝန်ထမ်း စုစုပေါင်း ၂၀၀-ကျော်ကို ပြုစုပျိုးထောင်သွားမည်ဖြစ်ပါသည်။

ယခုနှစ် မေလတွင် ဆဋ္ဌမအကြိမ်မြောက် လန်ချမ်းဖြစ်-မဲခေါင်မြစ်ဒေသ လူငယ်များ ချစ်ကြည်ရေးကူးလူးဆက်ဆံရေး လှုပ်ရှားမှုကို တရုတ်၊ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့ရာ မဟာမဲခေါင်မြစ်ဒေသငယ်နိုင်ငံ-၆နိုင်ငံမှ လူငယ်ကိုယ်စားလှယ် ၆၈-ဦး ပါဝင်ခဲ့ ကြပါသည်။ ယခုအချိန်အထိ ၄င်းချစ်ကြည်ရေးလှုပ်ရှားမှုကို ၈-ကြိမ် ကျင်းပခဲ့ပြီဖြစ်ပြီး အထက်ပါ ၆-နိုင်ငံမှ လူငယ်ကျွမ်းကျင်သူပညာရှင် စုစုပေါင်း-၅၁၉ဦး ပါဝင်တက်ရောက်ခဲ့ ကြပါသည်။

နိုဝင်ဘာလတွင် တရုတ်ဘက်သည် သတ္တမအကြိမ်မြောက် တရုတ်-အာဆီယံ လူငယ်များ အခြေစိုက်စခန်း ဖွင့်ထားရန်စီစဉ်ထားပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံမှ လူတော်လူ ကောင်း အယောက်-၁၀၀ကို တရုတ်ပြည်သို့ အလည်အပတ်ခရီးလာရောက်ရန် ဖိတ်ခေါ် မည်ဖြစ်ပါသည်။

တရုတ်နှင့်အာဆီယံနှစ်ဖက်တို့သည် တရုတ်-အာဆီယံမှ ကျောင်းသူကျောင်းသားများ နွေရာသီ/ဆောင်းရာသီအခြေစိုက်စခန်း၊ တရုတ်စကားပြောပြိုင်ပွဲ စသည့်လှုပ်ရှားမှုများကို  အကြိမ်ပေါင်းများစွာပြုလုပ်ကျင်းပခဲ့ပါသည်။ နှစ်စဉ်နှစ်တိုင်း တရုတ်ပြည်သို့ လာရောက်သည့် အာဆီယံ လူငယ်ကျွမ်းကျင်သူဦးရေမှာ တစ်ထောင်နီးပါးရှိပြီး ၄င်းလှုပ်ရှားမှုများဖြင့် တရုတ်နှင့်အာဆီယံ လူငယ်များအကြား အပြန်အလှန် သိရှိနားလည်မှုနှင့် ချစ်ခင်ရင်းနှီးမှုကို များစွာတိုးလာစေပါသည်။

 

 

   Webradio