• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၈-ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ညီလာခံကို ရုပ်သိမ်းပြီ

(GMT+08:00) 2012-11-14 18:51:26

၁၈-ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ညီလာခံကို ဒီနေ့ ၁၄-ရက်နေ့က ရုပ်သိမ်းလိုက်ပါတယ်။ ညီလာခံကို တက်ရောက်ကြတဲ့ ကိုယ်စားလှယ် ၂-ထောင်ကျော်တို့ဟာ အထွေထွေ အတွင်းရေးမှူး ဟူကျင်ထောင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး လေးလေးနက်နက် စိတ်အားထက်သန်စွာ ဆွေးနွေးခဲ့ ကြပါတယ်။

ကိုယ်စားလှယ်များက တရုတ်ဝိသေသ ထူးခြားချက်ပါတဲ့ ဆိုရှယ်လစ် အလံတော်ကို လွှင့်ထူမှသာ ပြည်သူတစ်ရပ်လုံးကို စည်းလုံးညီညွတ်စေပြီး အခက်အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်ကြောင်း၊ သိပ္ပံနည်းကျကျ ဖွံ့ဖြိုးတိုးတက်ရေး အမြင်သဘောကို လက်တွေ့ကျကျ ဖေါ်ဆောင်မှသာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုလည်း ကျော်လွှားပြီး စီးပွားရေးနဲ့ လူမှုရေး လိုက်ဖက်ညီညီ ဘက်စုံ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးနိုင်မှာဖြစ်ကြောင်း၊ ကွန်မြူနစ်ပါတီရဲ့ သိပ္ပံနည်းကျစွာ တည်ဆောက်ရေး အရည်အချင်းနဲ့ တိုင်းပြည်အုပ်ချုပ် နိုင်စွမ်း၊ ခေတ်မီရေးနဲ့ သန့်စင်မှု တည်ဆောက်ရေးကို တိုးမြှင့်ပေးမှသာ တရုတ်ဝိဒေသ ထူးခြားချက်ပါတဲ့ ဆိုရှယ်လစ် အရေးတော်ပုံ ဆောင်ရွက်ရာမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်ရေးဆိုင်ရာ အမြုတေ အဆင့်နေရာကို ထိန်းသိမ်းနိုင်ကြောင်း ယူဆကြပါတယ်။

ကိုယ်စားလှယ်များက ပြီးခဲ့တဲ့ ၁၀-နှစ်အတွင်းမှာ အဖိုးတန်လှတဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများစွာရရှိခဲ့ကြောင်း၊ သမိုင်းအချိန်ကာလသစ်မှာ တရုတ်ဝိသေသ ထူးခြားချက် ပါတဲ့ ဆိုရှယ်လစ် လမ်းကြောင်းမှာ ဦးလည်မသုန် ဆက်လက် တက်လှမ်းမှ အခက်အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်ပြီး အတော်အတန် ချမ်းသာတဲ့ လူ့ဘောင် အဖွဲ့အစည်း ဘက်စုံ တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်ရာမှာ အောင်မြင်မှုသစ် ရရှိနိုင်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဟာ ပြည်သူတို့ရဲ့ ယုံကြည်မှုကို ရရှိပြီး တရုတ်ဝိဒေသ ထူးခြားချက်ပါတဲ့ ဆိုရှယ်လစ် အရေးတော်ပုံရဲ့ ဦးဆောင်ရေး အမြုတေ ဖြစ်လာပါတယ်။ ခေတ်ကာလ ရေစီးကြောင်းနဲ့ လိုက်လျောညီထွေစေရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အခက်အခဲတွေကို အဆက်မပြတ် ကျော်လွှားခြင်း၊ လူမှုရေး ပြဿနာတွေကို အဆက်မပြတ် ဖြေရှင်းပေးခြင်းနဲ့ ပြည်သူတို့ရဲ့ အကျိုးစီးပွားကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်ရေးဟာ တရုတ်ကွန်မြူနစ်ပါတီအပေါ် ပြည်သူတို့ ထောက်ခံကြတဲ့ အရင်းခံအကြောင်းရင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးတိုးတက်ပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းပေးမလဲဆိုတာဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ တိုင်းပြည်အုပ်ချုပ်နိုင်စွမ်းကို စမ်းသပ်ပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်ရေး အရည်အချင်းကိုလည်း စစ်ဆေးစမ်းသပ်မှာဖြစ်ပါတယ်။

အစီရင်ခံစာမှာ ပြည်သူတို့ကို ပဓာနထားရပြီး ပြည်သူတို့ရဲ့ အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ကာ ပြည်သူတို့ဟာ နိုင်ငံရဲ့ အရှင်သခင်ဖြစ်လာစေရေး၊ တိုင်းရေးပြည်ရာတွေမှာ ပါဝင်ဆောင်ရွက်စေရေးတို့ကို အာမခံပေးရမှာဖြစ်ကြောင်း၊ လူမှုရေး တရားမျှတမှုကို ထိန်းသိမ်းကာကွယ်ပြီး အခွင့်အရေးဆိုင်ရာ တရားမျှတရေး၊ အခါအခွင့်ဆိုင်ရာ တရားမျှတရေးနဲ့ စည်းကမ်းဥပဒေဆိုင်ရာ တရားမျှတရေးတို့ကို အဓိက အချက်အလက်တွေအဖြစ် ထားရှိတဲ့ လူမှုရေးဆိုင်ရာ တရားမျှတရေး အာမခံစနစ်ကို တဖြည်းဖြည်း တည်ဆောက်ရမှာဖြစ်ကြောင်း၊ အတူတကွ ချမ်းသာရေး လမ်းကြောင်းပေါ်မှာ တက်လှမ်းရမှာဖြစ်ကြောင်း၊ ဝင်ငွေခွဲဝေပေးရေးဆိုင်ရာ ကွာဟမှု များစွာရှိခြင်း ပြဿနာကို အင်တိုက်အားတိုက် ဖြေရှင်းပေးရမှာဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အောင်သီးအောင်နှံတွေကို ပြည်သူတို့ အားလုံးအပေါ် ပိုမိုများပြားစွာနဲ့ တရားမျှတစွာ အကျိုးရရှိစေရမှာဖြစ်ကြောင်း၊ လူမှုရေး သင့်မြတ်သာယာရေးကို တွန်းအားပေးပြီး ပြည်သူတို့ရဲ့ စားဝတ်နေရေးကို ပိုမို အရေးကြီးတဲ့ အဆင့်နေရာမှာ ထားရှိရမှာဖြစ်ကြောင်း ရေးသားဖေါ်ပြပါတယ်။

ပြည်သူ ၁့၃-ဘီလီယံကို သွေးစည်းဦးဆောင်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံရဲ့ အရည်အချင်းပိုမြင့်ပြီး အတော်အတန် ချမ်းသာတဲ့ လူ့ဘောင် အဖွဲ့အစည်းကို ဘက်စုံတည်ဆောက်ရေးဟာ ရှေးခေတ်က သူများစွမ်းဆောင်နိုင်ခြင်းမရှိတဲ့ အရေးတော်ပုံဖြစ်ကြောင်း၊ ဒီအကြိမ်ညီလာခံဟာ ကြီးမားလေးနက်တဲ့ သမိုင်းဝင် အဓိပ္ပါယ်ရှိလို့ မော်ကွန်းတင်တိုက်ကြောင်း အကဲခတ်များက ယူဆကြပါတယ်။

   Webradio