• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံက ပူးပေါင်းဆောင်ရွက်ရေးနဲ့ အပြန်အလှန်အကျိုးရှိစေရေး ဖြစ်တဲ့ နိုင်ငံခြားရေး မူဝါဒကို စွဲကိုင်မယ်

(GMT+08:00) 2012-11-13 09:53:46

    တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာညီလာခံကို ပီကင်းမှာ ကျင်းပ နေပါတယ်။ ညီလာခံမှာ စိစစ်ဖို့ တင်ပြထားတဲ့ အစီရင်ခံစာမှာ၊ ရေရှည် တည်ငြိမ်ပြီး ပုံမှန် တိုးတက်တဲ့ အမျိုးအစားသစ် နိုင်ငံကြီးအကြား ဆက်ဆံမှု ထူထောင်ရေးကို တွန်းအားပေးမှာ ဖြစ်ကြောင်း၊ အနီးပတ်ဝန်းကျင်နိုင်ငံများက တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွါးများကို ပိုမို ကောင်းမွန်စွာ ခံစားစေဖို့ ကြိုးပမ်းမှာ ဖြစ်ကြောင်း ရေးသားဖေါ်ပြ ထားပါတယ်။

    တရုတ် နိုင်ငံတကာ မဟာဗျူဟာ သုတေသနဌာနမှ သုတေသီ မစ္စတာ ကောကျူကွေ့က၊ တရုတ်ပြည် စီးပွါးရေးနဲ့ လူမှုရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာတာနဲ့အမျှ အိမ်နီးချင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတို့က တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေးမှ အကျိုးစီးပွါးများကို ခံစားနေပါကြောင်း၊ အနာဂတ်မှာ တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေး အသွင်ပုံစံ ပြုပြင်ပြောင်းလဲပြီးနောက် တရုတ်ပြည်ရဲ့ သွင်းကုန် ပမာဏ များစွာ တိုးတက်သွားမယ့်အပြင် နိုင်ငံခြားမှာ ငွေရင်းမြှုပ်နှံမှုပမာဏကလည်း များစွာ တိုးတက်သွားမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။

    ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီညီလာခံ အစီရင်ခံစာမှာ တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အပြန်အလှန် အကျိုးရှိစေရေး အလံကို ဆက်လက် ကိုင်ဆောင်ထားမှာ ဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာ ဖေါ်ပြ လိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တရုတ် သံတမန်ရေးပညာ ကောလိပ်ကျောင်းမှ ဒုကျောင်းအုပ်ကြီး မစ္စတာ ချင်ယာ့ချင်းက၊ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဖြစ်စဉ်ကို ပူးပေါင်းဆောင်ရွက်ရေးနဲ့ အပြန်အလှန် အကျိုးရှိစေရေး နည်းလမ်းတွေနဲ့ အကောင်အထည်ဖေါ် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ အပြန်အလှန် အကျိုးရှိစေရေးကတော့ နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်မှုကနေ အကျိုးစီးပွါး ခံစားရမှာ ဖြစ်ပြီး နှစ်ဖက်စလုံးကလည်း ပူးပေါင်းဆောင်ရွက်ရေးဆန္ဒ ရှိရတယ် ဆိုတာ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ရေးအင်အားနဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွါးကို အတင်းအဓ္ဓမ ရယူအောင် လုပ်ဆောင်မယ် ဆိုတဲ့ အမြင်ဟာ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှုနဲ့ မဟာဗျူဟာအပေါ် မှားယွင်းတဲ့ အမြင်တစ်ရပ်ပဲ ဖြစ်ကြောင်း ပြောကြားပါတယ်။

    ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီညီလာခံ အစီရင်ခံစာမှာ ရေရှည် တည်ငြိမ်ပြီး ပုံမှန် တိုးတက်တဲ့ အမျိုးအစားသစ် နိုင်ငံကြီးအကြား ဆက်ဆံမှု ထူထောင်ရေးကို တွန်းအားပေးမှာ ဖြစ်ကြောင်း ရေးသားဖေါ်ပြပါတယ်။ တရုတ်-အမေရိကန် ဆက်ဆံမှုကိုပဲ ပြောမယ် ဆိုရင်၊ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း တရုတ်-အမေရိကန် နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်တို့ဟာ တွေ့ဆုံဆွေးနွေးပွဲ ၂၆-ကြိမ် ပြုလုပ်ပြီး တရုတ်-အမေရိကန် မဟာဗျူဟာနဲ့ စီးပွါးရေး ဆွေးနွေးပွဲ အပါအဝင် အစိုးရချင်း ဆွေးနွေးရေးစနစ် အရပ် ၉၀-ကျော်ကို တည်ထောင်ခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီညီလာခံ ကိုယ်စားလှယ် ဖြစ်သူ တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျယ်ချီက စီအာအိုင်သတင်းထောက်ရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာမှာ၊ နှစ်ဖက်တို့ဟာ အချိန်ကာလသစ်မှာ နှစ်နိုင်ငံ ပြည်သူများရဲ့ အရင်းခံအကျိုးစီးပွါးနဲ့ နိုင်ငံတကာပြည်သူများရဲ့ အကျိုးစီးပွါးကို ရှေးရှုပြီး နှစ်နိုင်ငံဆက်ဆံမှုကို အဆက်မပြတ် တွန်းအားပေးသင့်ကြောင်း ပြောကြားပါတယ်။

    အမျိုးအစားသစ် နိုင်ငံကြီးအကြား ဆက်ဆံမှုနဲ့ ပတ်သက်ပြီး မစ္စတာ ချင်ယာ့ချင်းက၊  အမျိုးအစားသစ် နိုင်ငံကြီးအကြား ဆက်ဆံမှုဆိုတာကတော့ ထွန်းသစ်စ နိုင်ငံကြီးများအပါအဝင် နိုင်ငံကြီးအားလုံး အနေနဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဆွေးနွေးရေး နည်းလမ်းတို့နဲ့ ပြဿနာတွေကို ဖြေရှင်းသင့်တယ် ဆိုတာ ဖြစ်ကြောင်း၊ နိုင်ငံကြီးများ အနေနဲ့ လူသားအတွက် ပိုမို များပြားတဲ့ ကိစ္စရပ်တွေ လုပ်ဆောင်ရမယ့်အပြင် အငြင်းပွါးမှုတွေကိုလည်း မှန်ကန်တဲ့နည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ကြောင်း ရှင်းလင်းဖေါ်ပြပါတယ်။

   Webradio