• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံဘက်စုံပူးပေါင်းဆောင်ရွက်ရေးအသွင်ပုံစံသစ်တီထွင်

(GMT+08:00) 2011-10-20 17:47:51

    ၂၀၀၄-ခုနှစ်ကစပြီး တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၇-ကြိမ်တိုင်တိုင် အောင်မြင်စွာ ကျင်းပခဲ့ခြင်းဟာ တရုတ်နဲ့အာဆီယံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အသွင်ပုံစံသစ်ကို တီထွင်လိုက်ကြောင်း ဆင်ဟွာသတင်းဌာနမှ ဆောင်းပါးတစ်ပုဒ်ထဲမှာ ရေးသားဖေါ်ပြပါတယ်။

    တရုတ်-အာဆီယံကုန်စည်ပြပွဲကို တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၊ အာဆီယံ ၁၀-နိုင်ငံမှ အစိုးရစီးပွါးကုန်သွယ်ရေးဌာနများနဲ့ အာဆီယံအတွင်းဝန်ဌာနတို့ ပူးတွဲ ပြုလုပ်ခြင်း ဖြစ်ပါတယ်။ တရုတ်-အာဆီယံကုန်စည်ပြပွဲဟာ နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွါးကုန်သွယ်ရေး၊ လူမှုရေးနဲ့ယဉ်ကျေးမှုအကြောင်းရပ်ပေါင်းများစွာ ပါဝင်ထားတဲ့ နိုင်ငံတကာ ပြပွဲကြီး ဖြစ်ပြီး တရုတ်-အာဆီယံ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အသွင်ပုံစံသစ်ကို တီထွင်လိုက်ပါတယ်။

    တရုတ်-အာဆီယံအတွင်းဝန်ဌာနအတွင်းရေးမှူးချုပ် (ကျင့်ကျွင်းကျဲန့်)က၊ လွန်ခဲ့တဲ့ ၇-နှစ်အတွင်း တရုတ်နဲ့အာဆီယံနိုင်ငံတော်ခေါင်းဆောင် ၃၈-ဦးနဲ့ ၀န်ကြီးအဆင့် ဧည့်သည်တော် ၁၃၀၀-ကျော်တို့ တရုတ်-အာဆီယံကုန်စည်ပြပွဲကို တက်ရောက်ခဲ့ကြတဲ့ အပြင် နှစ်ဖက်အကြား ထိပ်သီးခေါင်းဆောင်များ၊ ၀န်ကြီးများနဲ့ ဒေသခံအစိုးရဌာန တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးပွဲများကိုလည်း အကြိမ်ပေါင်းများစွာ ကျင်းပခဲ့ကြောင်း၊ ဒါဟာ တရုတ်-အာဆီယံ ချစ်ကြည်ရေးကူးလူးဖလှယ်မှုအတွက် အခြေအနေကောင်း ဖန်တီးပေးနေကြောင်း ပြောကြားပါတယ်။

    တရုတ်-အာဆီယံအတွင်းဝန်ဌာနမှစာရင်းအရ၊ လွန်ခဲ့တဲ့၇-နှစ်အတွင်း ကုန်သည် လုပ်ငန်းရှင် စုစုပေါင်း ၂-သိန်း ၆-သောင်း ၅၄၀၀-ကျော်တို့ဟာ ကုန်စည်ပြပွဲမှာ ကုန်စည်များ ခင်းကျင်းပြသပြီး ကုန်သွယ်မှု စုစုပေါင်းပမာဏဟာ အမေရိကန်ဒေါ်လာ ၉့ ၈၃၈ ဘီလျံ ရှိခဲ့ကြောင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များဆိုင်ရာ ငွေရင်းမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၁့ ၇၅၂ ဘီလျံရှိပြီး တရုတ်ပြည်တွင်း ပူးပေါင်း လုပ်ကိုင်တဲ့လုပ်ငန်းစဉ်ဆိုင်ရာ ငွေရင်းမြှုပ်နှံမှုပမာဏ တရုတ်ယွမ်ငွေ ၄၀၂့ ၇၉၂ ဘီလျံ ရှိခဲ့ကြောင်း သိရပါတယ်။

    ၂၀၀၄-ခုနှစ်က ပထမအကြိမ် တရုတ်ကုန်စည်ပြပွဲကို ကျင်းပတဲ့အခါ တရုတ်နဲ့ အာဆီယံအကြား ကုန်သွယ်မှုပမာဏဟာ လျာထားတာထက် တစ်နှစ်စောပြီး အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ဖြစ်တဲ့ရည်မှန်းချက်ကို ဖေါ်ဆောင်နိုင်ခဲ့ပါတယ်။ ၂၀၀၇-ခုနှစ်ကလည်း နှစ်ဖက်အကြားကုန်သွယ်မှုပမာဏဟာ လျာထားတာထက် သုံးနှစ် စောပြီး ဒေါ်လာ ဘီလျံ ၂၀၀ ဖြစ်တဲ့ရည်မှန်းချက်ကို ဖေါ်ဆောင်နိုင်ခဲ့ပါတယ်။ နိုင်ငံတကာ ငွေကြေးအကျပ်အတည်း ဖြစ်ပွါးခဲ့တဲ့ကာလအတွင်း အာဆီယံက ဥရောပသမဂ္ဂ၊ အမေရိကန်နဲ့ဂျပန်သို့ တင်ပို့ရောင်းချမှုပမာဏဟာ လျော့နည်းလာပေမယ့် တရုတ်ပြည်သို့ တင်ပို့ရောင်းချမှုပမာဏကတော့ ဆက်လက်တိုးများလာခဲ့ပါတယ်။ ဒါဟာ ကုန်စည်ပြပွဲရဲ့ အကျိုးဖြစ်ထွန်းမှုနဲ့ ခွဲမရဘူးလို့ သိရပါတယ်ရှင်။

    ဒီနှစ်ဟာ တရုတ်-အာဆီယံ ဆွေးနွေးရေးဆက်ဆံမှုထားရှိခဲ့တဲ့နှစ် ၂၀-ပြည့် ဖြစ်တဲ့ အပြင် တရုတ်-အာဆီယံ ချစ်ကြည်ရေးကူးလူးဖလှယ်ရေးနှစ်၊ တရုတ်-အာဆီယံ လွတ်လပ်တဲ့ကုန်သွယ်ရေးဇုန်နယ် တည်ထောင်ခဲ့တဲ့ တစ်နှစ်ပြည့်လည်း ဖြစ်ပါတယ်။ (တရုတ်-အာဆီယံ လွတ်လပ်တဲ့ကုန်သွယ်ရေးဇုန်ထူထောင်ရေးကို တွန်းအားပေးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများ အတူခွဲဝေအသုံးပြုရေး)ကို ရည်ရွယ်ချက်အဖြစ်ထားတဲ့ အဌမအကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ဒီနှစ် ၂၁-ရက်နေ့မှ ၂၆-ရက်နေ့အထိ တရုတ်ပြည်ကွမ်ရှီးပြည်နယ် နန်နင်မြို့မှာ ကျင်းပမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

   Webradio