• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် စီးပွါးရေး အင်ဂျင် အဆင့်မြှင့်တင်၊ ရှေ့အလားအလာ ကောင်းမွန်

(GMT+08:00) 2019-03-16 09:14:27

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို ဒီလ ၁၅ ရက်နေ့က ကျင်းပပြီးစီးခဲ့ပါတယ်။ ကမ္ဘာ့ နာမည်ကြီး အဖွဲ့အစည်းတို့က ဒီနှစ် စီးပွါးရေး တိုးတက်မှုဆိုင်ရာ ခန့်မှန်းချက်ကို ရှေ့ဆင့်နောက်ဆင့် လျှော့ချ လိုက်တဲ့ ခုလို အချိန်အခါမှာ၊ တရုတ် ပြည်သူ့ကွန်ဂရက်နဲ့ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးများမှာ အကောင်းဘက်မှု ရှုမြင်လိုတဲ့ အဆိုပြုချက်များကို တင်သွင်း ထားတဲ့ အကြောင်းဟာ နိုင်ငံတကာ မီဒီယာများရဲ့ အာရုံစူးစိုက်ရာ ဖြစ်လာပါတယ်။ ၁၅ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် ဝန်ကြီးချုပ် လီခေ့ချန်က၊ တရုတ်ပြည် စီးပွါးရေး လည်ပတ်မှုဟာ တရားနည်းလမ်းကျတဲ့ ဘောင်ထဲမှာ ထိန်းသိမ်းမှာ ဖြစ်ပြီး စီးပွါးရေး အရည်အသွေး မြင့်မားစွာ တိုးတက်ရေးကို တွန်းအားပေးမှာ ဖြစ်ကြောင်း၊ ဆန်းသစ်တီထွင်ရေးကို လမ်းညွှန်ချက် အဖြစ်ထားတဲ့ တိုးတက်စွမ်းအားဟာ တရုတ်ပြည် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အင်ဂျင်ကို အဆင့်မြှင့်တင်နေပြီး၊ တရုတ် ပြည်သူပြည်သားများရဲ့ နေထိုင်မှုဘဝ ဆက်လက် တိုးတက် ကောင်းမွန်မှာ ဖြစ်ရုံသာ မကပဲ ကမ္ဘာကြီးအတွက်လည်း ပြည့်စုံတဲ့ အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးမှာ ဖြစ်ကြောင်း ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒီအကြိမ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးမှာ ပြည်သူပြည်သားများနဲ့ လုပ်ငန်းကုမ္ပဏီများအား အကျိုးပြုရေးဆိုင်ရာ သတင်းကောင်း များစွာ ထုတ်ပြန်ပြီး တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေး ပတ်ဝန်းကျင် ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ၁၅ ရက်နေ့က အစည်းအဝေးမှာ နိုင်ငံခြားကုန်သည်များ ရင်းနှီးမြှုပ်နှံရေး ဥပဒေကို အတည်ပြုခဲ့တယ်။ အဲဒါဟာ နိုင်ငံခြား ကုန်သည်များရဲ့ ရင်းနှီးမြှုပ်နှံရေး ဆိုင်ရာ တရားဝင် အခွင့်အရေးနဲ့ အကျိုးစီးပွါးကို ထိန်းသိမ်းကာကွယ်မှာ ဖြစ်ပြီး ဥပဒေ စိုးမိုးရေး၊ နိုင်ငံတကာနဲ့ တပြေးညီ ဖြစ်ရေး၊ အဆင်ပြေ လွယ်ကူစေရေး အပါအဝင် ပြည့်စုံ ကောင်းမွန်တဲ့ စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင်ကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဟာ အတိုင်းအတာ ပိုမို ကျယ်ပြန့်တဲ့ အခွန် လျှော့ချရေး မူဝါဒများကို ကျင့်သုံးမှာ ဖြစ်ပြီး၊ တစ်နှစ် အတွင်း လုပ်ငန်း ကုမ္ပဏီများရဲ့ အခွန်နဲ့ လူမှုရေး အာမခံဆိုင်ရာ ပေးဆောင် စရိတ် ယွမ် ဘီလီယံ ၂၀၀၀ ကျော်ကို လျှော့ချမှာ ဖြစ်ပါတယ်။ အစိုးရလုပ်ငန်း အစီရင်ခံစာမှာလည်း ပထမဆုံး အကြိမ် အဖြစ်နဲ့ အလုပ်အကိုင် နေရာချထားမှု ဦးစားပေး မူဝါဒကို မက္ကရိုမူဝါဒထဲမှာ ထည့်သွင်းထားပါတယ်။ အဲဒီ အပြုသဘောဆောင်တဲ့ သတင်းတွေဟာ ဈေးကွက် ရှင်သန်မှုကို ဘက်စုံ ဖေါ်ထုတ်သွားနိုင်မှာ ဖြစ်ပါတယ်။

   Webradio