|
||||||||
|
|||||||||||||
တိုင်းပြည်တစ်ခု၊လူမျိုးတစ်မျိုး၊လူမျိုးစုတစ်စုစီမှာ ၄င်းတို့နှင့်သက်ဆိုင်တဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေရှိကြပါတယ်။ ဒီလိုပဲ ရိုးရာပွဲတော်တွေလည်းရှိတတ်ကြပ တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲကြည့်ပါ။ ဘာသာရေးဆိုင်ရာပွဲတော်တွေ၊ သင်္ကြန်ပွဲ တော် လိုရိုးရာအမွေအနှစ်ဆိုင်ရာပွဲတော်တွေ၊ နောက်တစ်ခါ ကောက်သစ်စားပွဲ၊ မနောပွဲ၊ လက်ချည်ပွဲစသဖြင့် တိုင်းရင်းသားလူမျိုးစုတွေနှင့် သက်ဆိုင်တဲ့ပွဲတော်တွေရှိနေပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံ မြန်မာလူမျိုးတွေရဲ့ ရိုးရာအမွေအနှစ်ပွဲတော်တွေပဲ ဖြစ်ပါတယ်။
ဒီလိုပါပဲ။ လက်ရှိကျွန်တော်အလုပ်လုပ်ကိုင်ရာနိုင်ငံ။ တရုတ်နိုင်ငံမှာလည်း ပွဲတော်တွေများ စွာရှိပါတယ်။ တရုတ်နိုင်ငံရဲ့ ပွဲတော်အများစုဟာ တရုတ်လူမျိုးတွေရဲ့ လူမှု ဘ၀ရှင်သန်ရာ သမိုင်းတွေကို ပြသနေသလိုပါပဲ။ အခုဆိုရင်လည်း တရုတ်ပြက္ခဒိန်အရ (၅)လပိုင်း (၅)ရက်နေ့ဟာ တရုတ်လူမျိုးတွေရဲ့ ကောက်ညင်းထုပ်ပွဲတော်(သို့)သွမ်းဝူ (Duan Wu)ပွဲတော်ဖြစ်ပါတယ်။ အဲဒီနေ့ မှာဆို တရုတ်လူမျိုးတွေဟာ ရိုးရာယဉ်ကျေးမှုအရ ကောက်ညင်းထုပ်လုပ်စားခြင်း၊ အဆိပ်(၅)မျိုးပါ မုန့်လုပ်စားခြင်း၊ အဆိပ်(၅)မျိုးပါ ဟင်း လျာချက်စားခြင်း၊ အကျီင်္တွေပေါ်တွင် ဘေးအန္တရာယ်ကင်းရှင်းစေ တဲ့အလှပစ္စည်းတွေချိတ် ဆွဲခြင်း၊ နဂါးလှေပြိုင်ပွဲကျင်းပခြင်းတွေ ပြုလုပ်ကြလေ့ရှိကြတယ်လို့သိရပါတယ်။
ဒီနေရာမှာ အလျဉ်းသင့်လို့ ဒီပွဲတော်ဖြစ်လာတဲ့ သမိုင်းကြောင်းကို အကျဉ်းမျှ မျှဝေပေးပါရစေ။ ရှိခဲ့ဖူးတဲ့ဒဏ္ဍာရီအဖြစ်အပျက်တစ်ခုပါ။ ရှေးခေတ်က ချူယွမ် (Qu Yuan) ဆိုတဲ့ အရာရှိတစ်ဦးရှိခဲ့ပါတယ်တဲ့။ သူက ချူ(Chu)နိုင်ငံခေတ်က အရာရှိတစ်ဦးဖြစ်ပြီး ကဗျာဆရာ၊ တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ အဲဒီအချိန်က သူနှင့်အပြိုင်အရာ ရှိတစ်ဦးက သူ့အပေါ်မနာလိုဝန်တိုစိတ်တွေကြောင့် ချူယွမ် (Qu Yuan)ရဲ့ ပျက်စီးရာပျက် စီးကြောင်း ကြံစည်တွေးတောနေတတ်သလို အခွင့်ရခိုက်မှာလည်း မဟုတ်မမှန်လုပ်ကြံ စကားတွေနှင့် ဘုရင့်ထံ တင်ပြလေ့ရှိပါတယ်တဲ့။ ဒီတော့ ဒီလို ချူယွမ်(Qu Yuan)ရဲ့ အကြောင်းတွေကို မကောင်းလုပ်ကြံ တင်ပြဖန်များလာတော့ ဘုရင်လည်း နားယောင်လာ ကာ ချူယွမ် (Qu Yuan)ကို လူသူမနီး ဝေးလံတဲ့ဒေသကို ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ ချူယွမ်(Qu Yuan) ပြည်နှင်ဒဏ်ပေးခံရတဲ့ဒေသဟာ လက်ရှိ တရုတ်နိုင်ငံရဲ့ ဟူပေ(Hu Bei) ပြည်နယ်ထဲမှာလို့ သိရပါတယ်။ ဒီလို ချူယွမ် (Qu Yuan) ပြည်နှင်ဒဏ်ခံရပြီး နောက်ပိုင်း မကြာခင်မှာပဲ ချူ(Chu)နိုင်ငံဟာလည်း တိုင်းတစ်ပါးနိုင်ငံရဲ့ သိမ်းပိုက်မှုကိုခံခဲ့ရပါတယ်။ ဒီသတင်းကို ချူယွမ် (Qu Yuan)ကြားတဲ့အချိန်မှာ စိတ်နှလုံးမသာမယာဖြစ်ပြီး မြစ်အတွင်း သို့ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ်အဆုံး စီရင်ခဲ့ပါတယ်။ အဲဒီအခါ ဒေသကလူတွေဟာ ချူယွမ် (Qu Yuan)ကို လွမ်းဆွတ်တမ်းတသောအားဖြင့် ဘုံကျောင်းဆောက်ကာ ပူဇော်ခဲ့ကြပါ တယ်တဲ့။
ဒါ့အပြင် ဒေသခံတွေက ချူယွမ် (Qu Yuan) ရေထဲခုန်ချအဆုံးစီရင်တာကို မြင် လိုက်ကြတဲ့ အတွက် ၀မ်းနည်းပူဆွေးမှုဖြစ်ကြပြီး ၀ါးလုံးထဲကောက်ညင်းထည့် ရေနှင့်ပြုတ် ပြီး ချူယွမ်(Qu Yuan)ကို ပူဇော်လေ့ရှိပါတယ်တဲ့။ တစ်ခါမှာတော့ ချူယွမ် (Qu Yuan)က အရာရှိ တစ်ဦးကို အိမ်မက်ပေးပြီး ကောက်ညင်းကျည်တောက်နှင့် ပူဇော်တာကျေးဇူး တင်ပေမယ့် ရေထဲက နဂါးတွေက ခိုးစားကြတဲ့အတွက် သူမစားရကြောင်း၊ ဒီအတွက် သူ့ကို ကောက်ညင်းနှင့် ပူဇော်ချင်ရင် ကောက်ညင်းကို ၀ါးရွက်နှင့်ထုပ် ရောင်စုံကြိုးတွေနှင့်ချည် နှောင်ပြီး ပူဇော်ပါလို့ ပြောပါတယ်တဲ့။ ဘာလို့ ကောက်ညင်းကို ၀ါးရွက်နှင့်ထုပ် ရောင်စုံကြိုး တွေနှင့် ချည်ခိုင်းရသလဲဆိုရင် နဂါးတွေဟာ ၀ါးရွက်နှင့်ရောင်စုံကြိုးတွေကို ကြောက်ရွံ့ကြ လို့ဖြစ်ပါတယ်တဲ့။ ဒီလို ချူယွမ် (Qu Yuan)က အိမ်မက်ပေးပြီးနောက်ပိုင်း ဒေသခံတွေ ဟာ ကောက်ညင်းကို ၀ါးရွက်နှင့်ထုပ် ရောင်စုံကြိုးတွေချည်ကာ ချူယွမ် (Qu Yuan)ကို ပူဇော်ခဲ့ကြပါတယ်တဲ့။ အဲဒီအချိန် ကစပြီးတော့ ကောက်ညင်းကို ၀ါးရွက်နှင့်ထုပ်ပြီး ရောင် စုံကြိုးတွေချည်ကာ စားသောက်ကြတဲ့ဓလေ့ဖြစ်လာတာ အခုချိန်ထိပါပဲ။ ကောက်ညင်း ထုပ်မှာ ၀က်သားကောက်ညင်းထုပ်၊ ပဲကောက်ညင်းထုပ်နှင့် ဆီးသီးကောက် ညင်းထုပ်ပြီး ဆိုပြီး အမျိုးအမည်စုံစွာ ပြုလုပ်စားသောက်လာကြပါတယ်။ ပွဲတော်နေ့မှာ ကောက်ညင်း ထုပ်စားတာဟာ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်လက်ခံထားကြပါတယ်။
နောက်တစ်ခုက ပွဲတော်နေ့ ဖြစ်တည်လာတာပါ။ ရှေးခေတ်က တရုတ်လူမျိုး တွေဟာ ကာလ၀မ်းရောဂါဖြစ်ပွားခြင်းကို များစွာကြောက်ရွံ့ကြတဲ့အတွက် ကာလ၀မ်း ရောဂါမဖြစ်ပွားအောင် ယုံကြည်မှုအရ ပြုလုပ်ကြခြင်းက ဒီပွဲတော်နေ့ ဖြစ်တည်လာတာလို့ သိရတယ်။ တရုတ်ပြက္ခဒိန်အရ (၅)ပိုင်း(၅)ရက်နေ့ဟ နွေအကူးရာသီဖြစ်ပြီး မကောင်း ဆိုးဝါးပယောဂတွေ ထကြွသောင်းကျန်းတဲ့ နေ့ဖြစ်တယ်လို့ ယုံကြည်ထားကြပြီး အဲဒီနေ့မှာ ဒီမကောင်းဆိုးဝါးပယောဂတွေကို မောင်းထုတ်ကာကွယ်နိုင်ဖို့အတွက် ပြုလုပ်ကြခြင်းက ဒီပွဲတော်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ရှေးခေတ်တရုတ်တွေဟာ အဲဒီနေ့မှာ ဒေါနပင်ဖြင့် တံတားထိုးခြင်း၊ ဒေါနသားဖြင့် လူရုပ်၊ ကျားရုပ်ထုလုပ်ပြီး အိမ်တံခါးတွင်ထားခြင်းတွေကို ပြုလုပ်လေ့ရှိပါတယ်။ ဒေါနပင်ဟာ ဘေးအန္တရာယ်တွေကနေ ကင်းဝေးစေတယ်လို့ ယုံကြည်ထားကြပါတယ်။ အဲဒီအတွက်ကြောင့် ဒေါနသားတွေနှင့် လူရုပ်၊ ကျားရုပ်၊ အလံပုံ ထုလုပ်ကြခြင်းဖြစ်တယ်လို့သိရပါတယ်။ လူရုပ်ဆိုတာက ကျန်းထျဲန်းရှီး (Zhang Tian Shi) လို့ခေါ်တဲ့နတ်ရုပ်ဖြစ်ပြီး မကောင်းဆိုးဝါးတွေကို မောင်းထုတ်ပေးနိုင်တယ်လို့ ယုံကြည် ထားကြပါတယ်။ တကယ်တော့ ကျန်းထျဲန်းရှီး (Zhang Tian Shi)ဆိုတာ နတ်မဟုတ်ပါဘူး။ တာအို(Tao)ဘာသာကိုစတင်တီထွင်ခဲ့တဲ့ အသိပညာရှင်ဆရာတော်တစ်ပါးသာဖြစ်တယ် လို့သိရပါတယ်။ နတ်အဖြစ် ကိုးကွယ်ခဲ့ကြလို့သာ အခုအချိန်အထိ နတ်ရုပ်အဖြစ် ယုံကြည် နေကြတာဖြစ်ပါတယ်။
နောက်ပြီး ပွဲတော်နေ့မှာ အဆိပ်(၅)မျိုးပါတဲ့ မုန့်တွေကိုလည်း ချက်စားကြပါ တယ်။ တရုတ် လို ဒါကို "၀ူသိုး"(Wu Du)လို့ ခေါ်ပါတယ်။ အဆိပ်(၅)မျိုးပါတဲ့ မုန့်ဆိုပေမယ့် အမှန်တကယ်အဆိပ်ပါတဲ့ မုန့်မဟုတ်ဘဲ အဆိပ်ပါတဲ့ အကောင်(၅)မျိုးရဲ့ အရုပ်ကို မုန့်တွေ ပေါ်တွင် ရေးဆွဲပုံဖော်စားသောက်ကြတာဖြစ်ပါတယ်။ အဲဒီအဆိပ်ရှိတဲ့ အကောင်(၅)မျိုးက ကင်းမြီးကောက်၊ ကင်းခြေများ၊ မြွေ၊ အိမ်မြောင်နှင့်ဖားရုပ်တို့ဖြစ်ပါတယ်။ ဒီနေရာမှာ ကင်းမြီးကောက်၊ ကင်းခြေများနှင့်မြွေတို့က အဆိပ်ရှိတဲ့ တိရစ္ဆာန်အကောင်လေးတွေဖြစ် ပေမယ့် ဖား(အနည်းငယ်ရှိတယ်)နှင့် အိမ်မြောင်တို့ကတော့ အဆိပ်ရှိတဲ့အကောင်တွေ မဟုတ်ကြပါ။ ရှေးခေတ်တရုတ်လူမျိုးတွေရဲ့ ယုံကြည်မှုအရသာ ဒီအဆိပ်ပါမုန့်(၅)မျိုးကို လုပ်စားကြတာဖြစ်ပါတယ်။ ဒီ အဆိပ်ပါတဲ့ အကောင်(၅)မျိုးရဲ့ အရုပ်တွေကို အင်္ကျီတွေနှင့် ဦးထုပ်တွေမှာလည်း ရေးဆွဲပြီးဝတ်ဆင်ကြတယ်လို့သိရပါတယ်။ အထူးသဖြင့် ကလေး ငယ်တွေကို ပိုမိုဝတ်ဆင်ပေးကြလေ့ရှိပါတယ်။ ကလေးငယ်ဆိုတာက မကောင်းဆိုးဝါး ရောဂါပူးကပ်ဖြစ်ပွားမှု ပိုမိုဖြစ်နိုင်တာကြောင့်လို့ ယုံကြည်လက်ခံထားတဲ့အတွက်ကြောင့်ပါ။
အခုလို အဆိပ်(၅)မျိုးပါတဲ့ မုန့်ကိုလုပ်စားကြတဲ့အပြင် အဆိပ်(၅)မျိုးပါဟင်း လျာကိုလည်း ချက်စားကြလေ့ရှိပြန်ပါတယ်။ ဒါကတော့ အဆိပ်(၅)မျိုးပါမုန့်အစား ဒါကို ချက်စားကြတာဖြစ်တယ်လို့လည်းသိရပါတယ်။ ဒီအဆိပ်(၅)မျိုးပါဟင်းလျာကတော့ ငါးရွှေ ကလေး၊ ပုစွန်ခြောက်၊ ပိတ်စွယ်၊ ကြွက်နားရွက်မှိုနှင့် ကြက်သွန်မြိတ်တို့ဖြစ်ပါတယ်။ ဒါတွေ ကိုလုပ်စားရင် ကာလ၀မ်းရောဂါမဖြစ်တော့တဲ့အပြင် မကောင်းဆိုးဝါးတွေကိုလည်း ကာကွယ်ပြီးဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါက ရှေးခေတ်တရုတ်တွေ တရုတ်ပြက္ခဒိန် အရ (၅)လပိုင်း(၅)ရက်နေ့မှာ ပြုလုပ်ခဲ့ကြတဲ့ ရိုးရာဓလေ့တွေဖြစ်ပါတယ်။ ဒီဓလေ့တွေဟာ လက်ရှိအချိန်အထိ ပြုလုပ်ကြဆဲဖြစ်ပါတယ်။
ကောက်ညင်းထုပ်ပွဲတော်နေ့မှာ ဆေးတံနီအရက်သောက်ခြင်း၊ နဂါးလှေပြိုင်ပွဲ ကျင်းပခြင်းစတာတွေကိုလည်း ပြုလုပ်လေ့ရှိပါတယ်။ ဒါတွေမှာလည်း ဒဏ္ဍာရီအဖြစ် အပျက်တွေရှိပါတယ်။ (စာရှည်မယ်စိုးလို့ ရေးမပြတော့ပါဘူး။) ဒါတွေပြုလုပ်တဲ့အပြင် ပွဲတော်နေ့မှာ ရောင်စုံပိုးကြိုးတွေကို လက်တွေမှာ ချည်နှောင်ထားကြလေ့ရှိပါသေးတယ်။ ဒီရောင်စုံကြိုးစည်းနှောင်ထားခြင်းဖြင့် မကောင်းဆိုးဝါးတွေမကပ်ရောက်နိုင်သလို တုတ်ဓား လက်နက်တို့ အန္တရာယ်ကလည်း ကင်းဝေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ နောက်ပြီး အမွှေးအကြိုင်ပါတဲ့ ဆေးတစ်မျိုးကိုလည်း အိတ်နှင့်ထည့်ကာ ဆောင်ထားလေ့ရှိပြီး ဒီဆေး ကလည်း ဘေးအန္တရာယ်တွေက ကင်းဝေးစေလို့ ယုံကြည်ကြသလို ဒီနေ့ခေတ် အထိလည်း အသုံးပြုနေကြဆဲဖြစ်ပါတယ်။ ဒါတွေကတော့ ကောက်ညင်းထုပ်ပွဲတော်(သို့)သွမ်းဝူ (Duan Wu)ပွဲတော်မှာ ပြုလုပ်လေ့ရှိကြတဲ့ ဓလေ့တွေပဲဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော် သတိထားမိတာတစ်ခုက နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်င၊ လူမျိုး တစ်မျိုးနဲ့တစ်မျိုးဟာ ရိုးရာအစဉ်အလာယဉ်ကျေးမှုတွေက မတူကြဘူးဆိုပေမယ့် တရုတ် နိုင်ငံနှင့် မြန်မာနိုင်ငံတို့ကတော့ နယ်နမိတ်ချင်းထိစပ်မှုအရရော ဆင်းသက်လာတဲ့ လူမျိုး ဆက်တွေအရကြောင့်လားတော့မသိဘူး။ တစ်ချို့ဓလေ့တွေက တူညီနေတာတွေ့ရပါတယ် ။ ဥပမာ ဒီပွဲတော်နေ့မှာ ဘေးအန္တရာယ်ကင်းဝေးစေဖို့ ဒေါနသားနှင့် တံတားဆောက်ခြင်း ဟာ မြန်မာနိုင်ငံက ကျန်းမာသက်ရှည်စေဖို့ ညောင်ထောက်တာနှင့်သွားတူနေတာကိုတွေ့ ရပါတယ်။ မြန်မာနိုင်ငံလည်း ညောင်ထောက်ရင် အနာရောဂါကင်းပြီး ဘေးအန္တရာယ်တွေ ကနေ ဝေးစေတယ်လို့ ယုံကြည်ထားကြတယ် မဟုတ်လား။
နောက်တစ်ခါ လက်တွေမှာ ရောင်စုံပိုးကြိုးတွေနှင့် စည်းနှောင်ခြင်းပါ။ ဒီဓလေ့ ကလည်း မြန်မာနိုင်ငံက ကရင်လူမျိုးတွေရဲ့ လက်ချည်ပွဲတော်နှင့်တူနေပါတယ်။ ကရင် လူမျိုးတွေမှာလည်း ဘေးအန္တရာယ်အပေါင်းမှကင်းဝေးစေဖို့ လက်ချည်ပွဲတော်နေ့မှာ ရောင်စုံပိုးကြိုးတွေနှင့် လက်တွေမှာချည်နှောင်လေ့ရှိတာတွေ့ရပါတယ်။ အသွင်သဏ္ဍာန် နှင့် အနက်သာရပါ သွားတူနေတာတွေ့ရမှာပါ။ ကျွန်တော်လေ့လာသိရသလောက်က တော့ တရုတ်လူမျိုးတွေဟာ မိမိတို့ရဲ့ ရိုးရာအမွေ အနှစ်တွေကို တမြတ်တနိုးနဲ့ ထိန်းသိမ်း တတ်ကြသလို ပွဲတော်နေ့တွေကိုလည်း တခမ်းတနားနဲ့ ကျင်းပကာပျော်ရွှင်ကြည်နှုးတတ် ကြတာပါ။ ဒါဟာ အပြောမဟုတ်တဲ့ လက်တွေ့အရ နိုင်ငံကို ချစ်ပြ ကြတယ်လို့ ထင်မြင်မိ ပါတယ်။
ခေတ်စနစ်တိုးတက်မှုအရ ဆန်းသစ်မှုက ရှေ့ရောက်တယ်ဆိုပေမယ့် လူမျိုး တစ်မျိုး နိုင်ငံတစ်နိုင်ငံရဲ့ ရိုးရာဓလေ့စရိုက်တွေကို နောက်ချန်ထားခဲ့လို့မဖြစ်ပါဘူး။ ဒီလို သာ ချန်ထားခဲ့ရင်တော့ နိုင်ငံသမိုင်း လူမျိုးသမိုင်းဆိုတာ ပြန်ရှာတွေ့စရာမရှိတော့ပါဘူး။ လူမျိုး ယဉ်ကျေးမှုဆိုတာလည်း ရှိလာနိုင်စရာမမြင်ပါဘူး။ ဒီတော့ ခေတ်စနစ်တွေ ဘယ်လို ပင်တိုးတက်ပါစေ။ ကိုယ့်လူမျိုးကိုယ့်စရိုက်လက္ခာ၊ကိုယ့်ရိုးရာအစဉ်အလာတွေကို မပျောက် ပျက်အောင် ထိန်းသိမ်းဖို့ဟာ လူမျိုးတိုင်း၊ လူသားတိုင်းရဲ့ တာဝန်သာဖြစ်တယ်လို့ဆိုပါရ စေ။ ဒီအတွက် ဒီနေရာမှာ တရုတ်နိုင်ငံက တရုတ်လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့တွေ အပေါ် အလေးထားမြတ်နိုးတတ်မှုတွေကို လေးစားအတုယူရမှာပါ။ အခုပြီးစီးသွားတဲ့ ကောက်ညင်းထုပ်ပွဲတော် (သို့) သွမ်းဝူ(Duan Wu)ပွဲတော်ဟာလည်း နှစ်စဉ်နှစ်တိုင်း ဒီရက်ကိုရောက်တိုင်း တရုတ်လူမျိုးတွေအနေနဲ့ စဉ်လာမပျက် လက်ဆင့်ကမ်းကာ ပြုလုပ် နေကြဦးမှာ အသေအချာပါပဲ---။
အောင်မာန် (ဆော)
၁၉-၆-၂၀၁၈
|