• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရင်ဝယ်ဆွေးတမြေ့မြေ့

(GMT+08:00) 2013-04-26 16:18:26

အမေ နှစ်ထောင့်တစ်ဆယ် အောက်တိုဘာလ ၇ ရက်နေ့မှာ အမေ့ခြေဖျားကို ဦးခိုက်ပြီး သမီး ဝေးတစ်နေရာကို ထွက်ခဲ့ရတယ်နော်….

အမေ့ကို တင်းတင်းဖက်ပြီး နှုတ်ဆက်ချင်ပေမယ့် အမေ့ခံစားနေရပါမယ် ဆိုပြီး ကိုယ့်ဆန္ဒ ကိုမြိုသိပ်ခဲ့ရတယ် အမေရယ်…

အမေ့ဆန္ဒ၊ အမေ့ခွင့်ပြုချက်နဲ့ ကြိုးစားမယ်လို့ အားတင်းရင်း အမေ့ကို ဆက်ပြုစုချင် သေးပေမယ့် အခြေအနေအရ ခွဲခဲ့ရတယ်နော်….

ဝေးတစ်နေရာကနေ အမေ့အတွက်ရယ်ဆိုပြီး အလုပ်ကိုကြိုးစား ရသမျှကို ကျစ်ကျစ်လစ် လစ်စု…အမေ့အတွက်ရယ်ဆိုပြီးလေ…

တယ်လီဖုန်းထဲက အမေ နေကောင်းတယ် ဆိုတဲ့ အသံလေးကို အားဆေးအဖြစ် မှီဝဲပြီး ဝေးတစ်နေရာမှာ အားတင်းနေခဲ့ရတယ်လေ…

သမီးမျှော်လင့်နေတာက တစ်နေ့အမေနဲ့ ပြန်တွေ့မယ်၊ အမေ့ကို ၀ပ်တွားခယ အနီးကပ် ပြုစုခွင့်ရဖို့ ရင်တထိတ်ထိတ်နဲ့ ကြိတ်ပြီးဆုတောင်းနေပေမဲ့ .. ဆုတောင်းမပြည့်ခဲ့ပါဘူး အမေရယ်…

တစ်နေ့ဒီလိုဖြစ်လာမယ်ဆိုတာကို နှလုံးသွင်းထားပေမယ့်လည်း တကယ်တမ်းဖြစ်လာတဲ့ တစ်နေ့မှာ ဘယ်လိုမှထိန်းလို့မရတော့ဘူး… အမေရယ်…

သမီးရဲ့စိတ်တွေ ဇောက်ထိုးမှောက်ခုံဖြစ်ကုန်ပါပြီ… ကျွန်မ အမေ မရှိတော့ဘူးရယ် ဆိုပြီး ရင်ဘတ်ကြီးတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာကွဲကြေခဲ့ရပါတယ်… အမေရယ်…

တစ်နေ့ အမေနဲ့ ပျော်ပျော်ရွှင်ရွှင်ပြန်ဆုံချင်တဲ့ ကြိတ်ပြီးဆုတောင်း၊မျှော်လင့်ခဲ့ရတာတွေ လည်းအခုတော့ လုံးဝ မဖြစ်နိုင်တော့ဘူး အမေရယ်…

အေးစက်တောင့်တင်းနေတဲ့ အမေ့ကိုပဲ သမီးမြင်ခွင့်ရခဲ့တော့တယ်နော်…

အမေရေ အခုဆိုရင် လက်တွေ့ဘ၀မှာ သမီးတို့ ခွဲခွာခဲ့ရတာ နှစ် နှစ်တင်းတင်းပြည့်ပြီနော်

သမီးရဲ့စိတ်ထဲမှာ၊ သမီးရဲ့ဘ၀ထဲမှာ အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ အမေ အမြဲတမ်း ရှိနေ တယ်…

မေမေ မြင့်မြတ်တဲ့ဘုံဘ၀မှာ ရောက်နေတယ်ဆိုတာ သမီးယုံတယ် အမေ…

အမေ မွေးထုတ်ပေးခဲ့တဲ သမီးတို့မောင်နှမတွေ မိဘနှစ်ပါးရဲ့မျက်ကွယ်မှာလည်း သမီးတို့ ဟိုးအရင်တုန်းကအတိုင်းပဲ နေသွားကြမယ်ဆိုတာ အမေစိတ်ချလက်ချနဲ့ မြင့်မြတ်တဲ့ ဘုံဘ၀ကနေ သိနိုင်ပါစေ မေမေ…

 

   Webradio