• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေများနေ့အမှတ်တရ လွမ်းချင်း

(GMT+08:00) 2013-01-24 11:10:48

လူတိုင်းလူတိုင်းမှာ အမေဆိုတာရှိပါတယ်၊အမေ့ရဲ့ ၀မ်းထဲမှာ ကိုးလလွယ်၊ဆယ်လဖွား တဲ့အထိ အမေက ဆင်းရဲ၊ဒုက္ခပေါင်းများစွာကိုခံစားနေရပေမယ့်လည်း အပြုံးမပျက်၊ မေတ္တာသက်လျက် သား၊သမီးတွေကို မွေးပေးခဲ့တယ်၊ အမေ့ရဲ့ ၀မ်းထဲကကျွတ်ပြီးတော့မှ လောကကြီး ထဲကို ၀င်ခွင့်ရခဲ့တာပါ၊ ကလေးတွေကလည်း မိခင်နဲ့ပဲအနေနီးရတယ်၊ သား၊သမီးတွေရဲ့ မျက်နှာလေးကိုကြည့်ပြီး မေတ္တာတွေတဖိတ်ဖိတ်ယိုစီးလာတယ်၊ အမေတွေရဲ့ သွေးသားနဲ့ ဖြစ်တည်လာတဲ့ ဖြူစင်အေးမြသန့်စင်လှတဲ့ နို့ရည်ကြည်ကို သောက်သုံးပြီး လူဖြစ်ဖို့ အစတည်ခဲ့ရတယ်၊

အမေဟာ သား၊သမီးတွေအတွက် လူတစ်လုံး၊သူတစ်လုံးဖြစ်စေချင်တဲ့ ဆန္ဒမျှော်လင့်ချက် တွေရှိတယ်၊

အမေဟာ သား၊သမီးတွေအတွက် ဘာမဆိုလုပ်ပေးဖို့ အဆင်သင့်ရှိနေသူဖြစ်တယ်၊

အမေဟာ သား၊သမီးနဲ့ ခင်ပွန်းအကြား ဗျာများခဲ့ရဖူးတယ်၊

အမေဟာ သား၊သမီးတွေအတွက်ဆို သူ့အသက်ကို ပဓာနမထားဘဲ သတ္တိရှိသူ တစ်ဦးဖြစ် တယ်၊

အမေဟာ သားတို့ရုပ်ရည်ကို ကြည့်ပြီး အမြဲပြုံးရွှင်နေသူတစ်ဦးဖြစ်တယ်၊

အမေဟာ သားကောင်း၊သမီးကောင်းတွေအတွက် ဂုဏ်တက်ခဲ့ရတယ်၊

အမေဟာ သားဆိုး၊သမီးဆိုးတွေ အတွက် မျက်နှာငယ်ခဲ့ရပေမဲ့ အမြဲခွင့်လွှတ်တတ်သူဖြစ် တယ်၊

အမေဟာ ဘယ်လိုစကားလုံးနဲ့မှ နှိုင်းယှဉ်ပြီး ပြောလို့မရတဲ့ ဂုဏ်ကျေးဇူးကြီးမားသူ တစ်ဦးဖြစ်တယ်၊

အမေဟာ ဘယ်တော့မှ ပြန်ရပါစေဆိုတဲ့ စိတ်ထားမျိုးတစိုးတစိမှ မရှိသူဖြစ်တယ်၊

အမေဟာ လောကကြီးက ထွက်သွားခဲ့ရတဲ့တိုင်း အမေမေတ္တာဟာ သား၊သမီးတွေအပေါ် လွှမ်းခြုံနိုင်စွမ်းရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။

( ကွယ်လွန်သွားပြီးဖြစ်သော မိခင်ကြီးအတွက် အမေများနေ့ အမှတ်တရ လွမ်းချင်း

မေအားမာန်ကိုယ်တိုင်ခံစားရေးသားသည်။ )                                     

                                                   

 

   Webradio