|
||||||||
|
|||||||||||||
ခေါက်ဆွဲကြော်ဆိုတာက တရုတ်အစားအစာတစ်မျိုးဖြစ်ပါတယ် ဆိုတာကိုလူတိုင်းသိပြီးသားပါ။ ဒါကို ဘာများရေးကြီးခွင်ကျယ်လုပ်ပြီး ရေးမလို့လည်းလို့ အတွေးမမှားလိုက်ပါနဲ့ဦးနော်။ ဘာလို့ဆို တော့ကျွန်မတွေ့မြင်ခံစား၊တွေ့ကြုံခဲ့တာလေးတွေကို ရေးသားလိုခြင်းပဲ ဖြစ်ပါတယ်။
ကျွန်မတရုတ်ပြည်၊ပီကင်းမြို့ကို ရောက်တာ နှစ်နှစ်တာ ကာလထဲကိုချဉ်းနင်းဝင်ရောက်တော့မှာဖြစ် ပါတယ်။ ဒါပေမဲ့ ကျွန်မအလွန်ကြိုက်တဲ့ ခေါက်ဆွဲကြော်ကို သေသေချာချာမစားဖြစ်ခဲ့သေးပါဘူး။ အဲလိုဆိုရင် မေးစရာတွေဖြစ်လာပါမယ်။ တရုတ်ပြည်မှာ ခေါက်ဆွဲကြော်က လုံးဝမရှိလို့လား၊ ဘာ လား၊ညာလားစတာတွေပေါ့။ ရှိပါတယ်။ဒါပေမဲ့ ကြော်ပုံခြင်းမတူတာရယ်၊ အရသာမတူတာတွေရယ် ပြီးတော့ နေရာတိုင်းမှာ မရနိုင်တာရယ်တွေကြောင့်ပါ။
ကျွန်မက ကျွန်မရဲ့အလုပ်ထဲက အစ်မတစ်ယောက်ကိုမေးဖူးပါတယ်။ ကျွန်မနားလည်ထားတာက ခေါက်ဆွဲကြော်ဆိုတာက တရုတ်အစားအစာပါ၊ ဒါပေမဲ့ အခုကျွန်မတွေ့သလောက်၊မြင်သလောက်၊ သိသလောက်ဆိုရင် ခေါက်ဆွဲကြော်ဆိုတာကို သိပ်မမြင်၊မတွေ့သလိုပဲနော်လို့ မေးတဲ့အခါ အဲအစ်မ ကဒီလိုပြန်ဖြေခဲ့ဖူးပါတယ်။ ခေါက်ဆွဲကြော်ဆိုတာက သိပ်အရေးကြီးတဲ့အစားအစာထဲမှာ မပါဘူး ရယ်တဲ့လေ။ ပြီးတော့ ကျွန်မက ၀က်သားမစားတာလည်းဖြစ်နိုင်တယ်တဲ့၊ ဟုတ်ပါတယ်။ ဒါကို ကျွန်မလက်ခံပါတယ်။ ဒါပေမဲ့ ကျွန်မတွေ့သလောက်ပေါ့ ခေါက်ဆွဲကြော်ကိုတော့ ဒီရောက်မှ မစား ဖြစ်ခဲ့တာကြာပါပြီ။
ဒါကြောင့် တစ်နေ့မှာ ပီကင်းမှာရှိတဲ့ မြန်မာညီမလေးတွေနဲ့ ဆုံဖြစ်တော့ အမှတ်မထင် လွှတ်ကနဲ ခေါက်ဆွဲကြော်စားချင်တယ်လို့ ပြောမိလိုက်တာကို ညီမလေးတွေထဲက ညီမလေးတစ်ယောက် ဖြစ်တဲ့ သီမာက သူအဆောင်မှာ ကြော်ကျွေးပါမယ်လို့ဆိုလာပါတယ်။ အဲတော့ ကျွန်မလည်းထုံးစံ အတိုင်း လွှတ်ကိုပျော်သွားမိတာပေါ့။
အဲလိုနဲ့ သတိမေ့တေ့တေ့ ဖြစ်နေချိန်လောက်မှာမှ ညီမလေး သီမာက ဒီတစ်ပတ်ပိတ်ရက်မှာ သူ ကျွန်မကိုခေါက်ဆွဲကြော်ကြော်ကျွေးမယ်လို့ ဖိတ်လာပါတယ်။ ကျွန်မလည်း အတော်လေးပျော်သွား တာပေါ့။ တရုတ်အစားအစာဖြစ်ပေမဲ့ တရုတ်ပြည်ရောက်မှ မစားဖြစ်တာကြာပြီဖြစ်သလို၊ ကိုယ် လည်းသိပ်ကြိုက်ပြီး စားချင်တဲ့ အာသီသကြီးနေမိတာမို့ပေါ့။
သူ့အဆောင်ကိုလည်း တစ်ခါမှမရောက်ဖူးခဲ့ပါဘူး။ သူကတော့ ခေါ်ရှာပါတယ်။ ဒါပေမဲ့ တရုတ်ပြည် ဆိုတာကလည်း သိတဲ့အတိုင်းတစ်နေရာနဲ့တစ်နေရာကို သွားဖို့ဆိုတာက သိပ်လွယ်တဲ့ ကိစ္စမဟုတ် ဘူးလေ။ ပြီးတော့ သူ့အခန်းလေးကကျဉ်းတယ်၊ဘာညာ ဆိုတာကိုလည်း ကြားဖူးထားပါတယ်။ ဒါပေမဲ့ သူ့အခန်းကိုလည်း ရောက်လိုက်ရော အမလေး ကျွန်မဖြင့် အတော့်ကို သဘောတော်တွေကျ သွားတာများရှင်။မပြောနေပါနဲ့တော့။ မပြောနေပါနဲ့တော့ဆိုလို့ မပြောဘဲ နေမှာမဟုတ်ဘူးနော်။ ပြောချင်လွန်းအားကြီးလို့ ပြောကိုပြောဦးမှာလေ။
သူ့အခန်းလေးက မကျယ်ပါဘူး။ တစ်ယောက်အိပ်ကုတင်လေးတစ်လုံးရယ်၊ နံရံကပ်ဘီဒိုတစ်လုံး ရယ်၊ အ၀င်ပေါက်ရဲ့ညာဘက်မှာ ပစ္စည်းဘာညာတင်ဖို့ ဆယ့်နှစ်လက်မဗျက်လောက်ရှိတဲ့ စင်လေး တစ်စဉ်ရယ်၊ အဲအောက်မှာ တိုလီမိုလီလေးတွေတင်ဖို့ အဆင့်သုံးဆင့်ပါ နောက်ထပ်စင်သေးလေး တစ်စင်ရယ်၊ ပြီတော့ နံရံကပ်ဘီဒိုနဲ့ ကုတင်ကြား နှစ်ပေ နီးပါးလောက် လွတ်နေတဲ့နေရာလေးမှာ စားပွဲပုလေးတစ်လုံးရယ်ပဲရှိတယ်။ အော ပြောဖို့ရှိသေးတဲ့ နောက်တစ်ခုက ကုတင်ရဲ့ အပေါ်ဘက် ထိပ်မှာ တီဗွီတစ်လုံးကို သံဖရိန်းနဲ့ လုပ်ထားတဲ့ စင်လတ်လေးတစ်စင်ရှိသေးတယ်။ အဲမှာ တွီဗွီတစ် လုံးရယ် ပြီးတော ဗုဒ္ဓဘာသာလူမျိုးပီပီ ဘုရားစင်လေးကို မရအရ လုပ်ထားတာလေးကိုက အတော့် ကို သပ္ပါယ်စရာကောင်းနေပါတယ်။
အခန်းကျဉ်းလေးပေမဲ့ အလင်းရောင်လေးလည်းရလို့နေပျော်သလို၊ သေသပ်သပ်ရပ်မှုလည်းရှိနေ တာမို့ ကျွန်မဖြင့်သဘောတွေကျလွန်းလို့ လေး၊ငါးခါထက်မနည်း ကောင်းလိုက်တာ၊တန်လိုက်တာ လို့ ပြောဖြစ်နေပါတယ်။ တန်လိုက်တာလို့ ပြောရတာတဲ့အကြောင်းကလည်း အခန်းခက အရမ်း အရမ်းကို ဈေးတန်နေတာမို့ပါ။ ညီမလေးကံကောင်းတယ်လို့ဆိုရမယ်။ ဘာလို့ဒီအခန်းလေးကို ထည့်ပြောရလဲ ဆိုတော့ ပီကင်းလိုနေရာမျိုးမှာ ဒီလိုသန့်ရှင်းသပ်ရပ်ပြီး ဈေးနှုန်းချိုသာတာက ရှားလွန်းလို့ပါ။ တကယ်တော့ ကျွန်မစားချင်လွန်းတဲ့ ခေါက်ဆွဲကြော်ကို ညီမငယ်က သေသေချာချာ ကြော်ကျွေးလို့ ပီကင်းမှာ ဖြတ်သန်းနေရတဲ့ ကာလတစ်လျှောက် တင်းတင်းတိမ်တိမ်စားခဲ့ရတဲ့ တစ်နေ့စာ ထမင်းရှင်( အဲလေ ယောင်လို့ ခေါက်ဆွဲရှင် ) ဖြစ်ခဲ့တဲ့ ညီမလေးသီမာကို ဒီဘလော့ခ် လေးကနေ ကျေးဇူးတင်တယ်လို့ ထပ်ပြီးပြောလိုက်ချင်ပါတော့တယ်………
|