|
||||||||
|
|||||||||||||
မထင်မှတ်တဲ့နေ့လေးတစ်နေ့မှာပဲ ညီမလေးဗိုလ်က ဂျီတော့ခ်ကနေ အစ်မရေ ဒီအပတ်စနေနေ့ မဟာတံတိုင်း သွားကြမယ် လိုက်ဦးမလားလို့ မေးလာလေတော့......
ပီကင်းမရောက်ခင် မဟာတံတိုင်းအကြောင်းစာသင်ခဲ့ဖူးတည်းက ရူးသွပ်ခဲ့ရတာဆိုတော့ နောက်တစ်ကြိမ်သွားဖို့ ကိုလည်း ပြင်းပြတဲ့ဆန္ဒဖြစ်နေမိပြန်ရော၊ ဒါပေမဲ့ ကိုယ်ကစနေနေ့ဆို အလုပ်ဆင်းရမယ်ဆိုတော့ ညီမလေးရယ် အစ်မကလေ ဒီစနေရုံးတက် ရမယ်လေ..လို့ပြောလိုက်မိတော့၊ ချစ်ဖို့အင်မတန်ကောင်းလှတဲ့ ညီမလေးတွေကလည်း ကိုယ်အစ်မလိုက်လို့ရအောင် အချိန်ကိုပြန်ညှိပေးကြတာမို့၊ မေအားမာန်အတွက် တနင်္ဂနွေနေ့မှာ တောတောင် တွေကြားထဲမှာ နဂါးငွေ့တန်းများရှိရာ မဟာတံတိုင်းဆီသို့ ဒုတိယအခေါက် သွားဖြစ်ဖို့အကြောင်းဖန်လာပါတယ်။
မနက်ရှစ်နာရီ အမှတ်(၄)လေးမြေအောက်ရထားလမ်းရဲ့ ထွက်ပေါက်အေမှာ ဆုံကြမယ်လို့ ချိန်းထားကြတယ်။ ပြီးတော့ ညီမလေးငုဝါက ကြိုတင်မှာထားတဲ့အမှာ စကားလေးကလည်း ဒီလိုရှိနေ လေတော့ " အစ်မရေ မဟာတံတိုင်းမှာ ဘာပဲဖြစ်ဖြစ် ဈေးတွေတအားကြီး တာနော်..အဲဒါ ကိုယ့်တစ်ယောက်စာစားဖို့သောက်ဖို့လေးတော့ သယ်ခဲ့ရ မယ်ဆိုထား လေတော့ " မသယ်မဖြစ် အင်း… သယ်ရဦးတော့မှာပေါ့လေ ဆိုပြီး စိတ်ထဲ တွေးထား လိုက်တယ်။ စနေနေ့ ရုံးဆင်းတော့ မုန့်ဆိုင်ကိုသွား ပေါင်မုန့်စတဲ့ အဆာခံမယ် မုန့်လေး သုံးလေးမျိုးလောက်ဝယ် ပြီး၊ အချိုရည်ဗူး သုံး၊လေးဗူးလောက်ဝယ် ခဲ့လိုက်တယ်။ တနင်္ဂနွေမနက်ကျတော့ ငါးခွဲလောက် ထမယ်လို့ စိတ်ကိုသံပတ်ပေးထား ခဲ့ပေမယ့်လည်း ရုတ်တရက်နိုးလာတဲ့အချိန်မှာ အိပ်ချင်မူးတူးနဲ့ နာရီကိုကြည့်လိုက်တော့ ဟင် မနက်ဆယ် နားရီတောင် ထိုးပါပေါ့လား…ဟယ် သွားပါပြီ ခဲလေသမျှတော့ သဲရေကျ ပါပကောလား။ အင်း ဒါဆိုပြန်အိပ်တာပဲကောင်းပါတယ်လို့ စိတ်ကူးလိုက်ပြီး ပြန်နှပ် မယ်လို့အလုပ် ဟယ် ဟုတ်သေးပါဘူး..ဆိုပြီး နာရီကို သေချာပြန်ကြည့်တော့မှ ခြောက်နာရီဆယ်မိ နစ်ဆိုတော့ အင်း.. မြန်မြန်လုပ်ရင်တော့ မီလောက်ပါတယ်ဆိုပြီး၊ ကတိုက်ကရိုက်လုပ်ပြီး ချိန်းထားတဲ့နေရာကို ကွက်တိရောက်အောင်သွားခဲ့ပါတယ်။ ဒါပေမဲ့ကိုယ်က အစောဆုံးဖြစ် နေတာမို့ လူစုံဖို့ ခဏတာစောင့်ခဲ့ရပါသေးတယ်။
လူစုံတော့ ပထမအစီအစဉ်ကမီးရထားနဲ့သွားဖို့ပါပဲ၊ ဒါပေမဲ့ မီးရထားလက်မှတ်က ကိုယ်သွားချင်တဲ့ အချိန်နဲ့အဆင်မပြေတာမို့ အဲကွန်းဘတ်စ်နဲ့ပဲ သွားလိုက်ရပါတယ်။ အားမာန်အတွက်တော့ ပိုကောင်းတယ်လို့ ပြောနိုင်ပါတယ်။ ဘာလို့ဆိုတော့ ပထမတစ်ခေါက်တုန်းက မီးရထားနဲ့သွားခဲ့ဖူးပြီး ဆိုတော့လေ။ ကားပေါ်ရောက် တော့ ညီမလေးငုဝါရဲ့ ဘော်ဒါနှစ်ယောက်ကလည်း ဓာတ်ပုံရိုက်ပေးဖို့ သက်သက်လိုက်ခဲ့ ပေးမယ်ဆိုပြီး၊ လုပ်ခဲ့ပေ မဲ့အခြေအနေတွေမပေးခဲ့တာကြောင့် နောက်ဆုံးသူတို့ လည်းအောင်ဖျာလိပ်ပြီးပြန်ခဲ့ရပါတယ်။ အားမာန်တို့ ခြောက်ယောက်သားပဲ ပြောရင်း၊ငေးရင်း၊ ငိုက်ရင်းနဲ့ကားကို တစ်နာရီ ခွဲလောက်စီးလိုက်ရတယ်။
တောင်ခြေရောက်တော့မိုးတွေကရွာတော့မလို့ညိုနေပြီး၊လေတိုက်ရှိန်လေးကလည်းပြင်းနေတာမို့ စိတ်ထဲပူသလိုလို ဖြစ်သွားပါတယ်။ ဒါပေမမဲ့ အဆင့်သင့်ပါပဲ၊ ကားပေါ်ကအဆင်းမှာ မိုးကာအကျီင်္ပါး ပါးလေးကို တစ်ထည် ငါးယွမ်နဲ့ရောင်းနေတဲ့ ရာသီခါမီဈေသည်တွေ တစ်ပုံကြီးပါပဲ။ ဘာပဲဖြစ်ဖြစ် လတ်တလောကိစ္စကိုဒီလိုပဲ အားလုံး ဖြေရှင်းလိုက်ကြရတာပေါ့လေ။ ပြင်းလွန်းတဲ့လေကြောင့် လူတောင်လွင့်မတတ်ဖြစ်ရသလို၊ အေးလည်းအေးလွန်း လှပါတယ်။ ဒါပေမဲ့ အေးတာကို ဂရုစိုက်ချိန်တောင်မရပါဘူး၊ ဒီလောက်မြင့်တဲ့ နဂါးငွေ့ တောင်တန်းကြီးဖြစ်တဲ့ မဟာတံတိုင်းကြီးပေါ်ကို ပြောရင်း၊ဆိုရင်း၊နောက်ရင်း၊ ပြောင်ရင်း တက်လိုက်ကျတာ၊ ပျော်စရာတော့ အကောင်းသား၊ ပြီးတော့ ရိုက်လိုက်ကြတဲ့ ဓာတ်ပုံ တွေကလည်း ပို့စ်အမျိုးမျိုးနဲ့….
စိတ်ရှည်လက်ရှည်ဓာတ်ပုံရိုက်ပေးတဲ့ ကိုညီကိုလည်းကျေးဇူးတင်ရပါတယ်၊ ပြီးတော့ တစ်လမ်းလုံး နားကြပ်ကြီးတပ်ပြီး သီချင်းဟစ်နေတဲ့ ကိုဇော်ကြီးကလည်း ပေါ့ပါးသွက် လက်နေပါတယ်။ ညီမလေးငုဝါ၊ဗိုလ်၊စုမွန်နဲ့အားမာန်တို့ကလည်း ပြင်းလွန်းတဲ့ရာသီဒဏ် ကိုတောင် အန်တုပြီး ရူးသွပ်ခဲ့ရတဲ့ မဟာတံတိုင်းဆီပေါ်ကို အရောက်တက်ခဲ့ကြပါတယ်။ နေကတဖြည်းဖြည်းပွင့်လာမို့ အားလုံးအဆင်ပြေခဲ့ပါတယ်။ အပြန်ခရီးမှာတော့ အားလုံးပန်း နေကြပေမဲ့ ကိုဇော်ကြီးက ညနေစာကို သူ့ကျောင်းမှာကျွေးဦးမယ်လို့ ပြောလာတာကြောင့် အားလုံး ပိုပျော်သွားပါတယ်၊ မထင်မှတ်တဲ့ အမှတ်တရနေ့လေးတစ်နေ့ဖြစ်လာခဲ့တာမို့ အားလုံးအတွက်သတိတရဖြစ်စေဖို့ မျှော် လင့်ရင်း………..
|