|
||||||||
|
|||||||||||||
မြန်မာစာကိုဆက်လက်သင်ယူလေ့လာဖို့အတွက် ကျွန်တော်ဟာ ယခု နှစ်ဇန္န၀ါရီလ ၇-ရက်နေ့က မြန်မာနိုင်ငံ၊ရန်ကုန်မြို့တော်ကို စတင်ရောက်ပြီး ပညာတော်သင်အဖြစ်နဲ့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် မြန်မာဘာသာဌာနရဲ့ အဆင့်မြင့်သင်တန်းမှာ. ပညာသင်ကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို မသွားခင် ကျွန်တော်ဟာ မြန်မာနိုင်ငံရဲ့ ရာသီဥတု၊ အစား အသောက်နဲ့ နေထိုင်မှုစတာတွေကို အကျင့်မှရပါ့မလားလို့ စိတ်ပူနေခဲ့မိပေမဲ့၊ မြန်မာနိုင်ငံကိုရောက်ရှိ တဲ့အခါမှာတော့ တက္ကသိုလ်ကျောင်းက အစစအရာရာ သေချာကောင်းမွန်စွာစီစဉ်ပေးလို့ ကျွန်တော်ခပ်မြန်မြန်ပဲ ကျင့်သားရလာခဲ့ပါ တယ်။
အခု မြန်မာနိုင်ငံမှာ ဆောင်းရာသီမို့လို့ ရာသီဥတု အရမ်းကောင်းပါတယ်။ နေ့တိုင်း လိုလိုမိုးမရွာဘဲ နေသာပါတယ်။နေ့တိုင်းရဲ့ပျမ်းမျှအပူချိန်ဟာ ၂၅-စင်တီဂရီဝန်းကျင် လောက်ရှိပြီး အေးလဲမအေး၊ပူလဲမပူဘူးလို့ ခံစားမိပါတယ်။ ပီကင်းမြို့နဲ့ယှဉ်ကြည်ရင်၊ ရန်ကုန်မြို့မှာ သစ်ပင်များနဲ့စိမ်းလန်းစိုပြေနေပြီး ဖုံထူထပ်မှုလည်း သိပ်နည်းပါတယ်။ ဒါကြောင့်မို့ မြို့ပြရဲ့သဘာဝ ပတ်ဝန်းကျင်အလွန်လှပပါတယ်။
ကျွန်တော်တို့ နေရတဲ့နိုင်ငံခြားကျောင်းသားများ အဆောင်ဟာ အင်မတန်လှပ သာယာပြီး နာမည်ကြီးလွန်းတဲ့အင်းယားလမ်းနားမှာရှိပါတယ်။ ကျောင်းတက်ရတဲ့မနက် တိုင်းမှာ ကျွန်တော်က ကျောင်းကိုလမ်းလျှောက်ပြီး သွားပါတယ်။ မိနစ် ၂၀ လောက်ဆို ကျောင်းကို ရောက်နိုင်ပါတယ်။နေ့တိုင်း သင်တန်းများကို နံနက်၉-နာရီတိတိမှာ စတင်ပြီး ညနေ၂-နာရီခွဲအထိ ဖြစ်ပါတယ်။ တစ်နေ့ကို သင်တန်းချိန်၅-ချိန် ရှိပါတယ်။ မြန်မာ ကျောင်းသူကျောင်းသားများနဲ့အတူ တစ်ကျောင်းတည်း ပညာသင်ကြားခွင့်ရရှိနိုင်တဲ့ အတွက် ကျွန်တော်အရမ်းဝမ်းသာပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းသားဘ၀ ကို တစ်ခါပြန်လည်ရောက်ရှိလာသလို အသက်လည်း ပိုငယ်လာပြီး၊ ပိုနုပျိုလန်းဆန်း တက်ကြွလာတယ်လို့ ခံစားမိပါတယ်ခင်ဗျာ။
|