ပြန်လည်တမ်းတမိတာလေးတစ်ခုကို စာပေါ်ရေးချပြလိုက်ချင်တာကတော့…ကျွန်မတို့ငယ်ငယ်တုန်း က သီတင်းကျွတ်လရောက်ပြီဆို အရမ်းကိုပျော်ခဲ့ရပုံလေးတွေကိုပါ၊သီတင်းကျွတ်လ ရောက်ခါနီးပြီး လားလို့ မေမေ့ကိုမေးရတာကလည်း အမောပါပဲ၊ ငယ်တုန်းက မေးရတဲ့အကြောင်းရင်းက ဒီလိုလေ-- သီတင်းကျွတ်လဆို လူကြီးတွေကိုသွားကန်တော့ရတယ်၊ပြီးတော့ကန်တော့ရင် လူကြီးတွေပေးတဲ့ ဆုတွေ တသီတတန်းကြီးအပြင် မုန့်ဖိုးရတာကို သိပ်ပျော်ခဲ့မိသလို၊ အကျီင်္လှလှလေးတစ်စုံကိုလည်းကျွန်မတို့ မောင်နှမတွေ တစ်စုံစီရတယ်။ အားလုံး အ၀တ်သစ်အစားသစ်လေးတွေ ပေါများတဲ့ ဒီလကို ကလေး ဘ၀သိတတ်ခါစတည်းက မျှော်ခဲ့ရတယ်။ ပြီးတော့ ဖေဖေက ကျွန်မတို့နေတဲ့ သန်လျင်မြို့ကနေ ရန်ကုန်ကို ခေါ်သွားပြီး ရန်ကုန်မှာရှိတဲ့ ဘကြီး၊ကြီးမေ၊ဒေါ်လေးတို့ကို ကန်တော့ဖို့သွားရတာကလည်း အလွန်ပျော်စရာတစ်ခုပါပဲ၊
ဒီလိုနဲ့ အတန်းတွေတဖြည်းဖြည်း ကြီးလာပြီ အထက်တန်းကျောင်းသူဖြစ်လာပြီဆိုတော့ ဘာလို့ သီတင်းကျွတ်မှာ မြတ်စွာဘုရားကိုအမှူးထားပြီးမိဘ၊ဆရာသမား၊လူကြီးသူမတွေကို ကန်တော့ခြင်း အမှုကိုပြုခဲ့ရခြင်းဆိုတာကို သိလာခဲ့ရတယ်၊ပြီးတော့ သီတင်းကျွတ်ပွဲတော်ကို လျှောက်လည်တတ်ခဲ့ပြီ၊ တက္ကသိုလ်ကျောင်းသူ ဘ၀ရောက်တော့ ဘာသာရေးအဖွဲ့တွေနဲ့အတူ သီတင်းကျွတ်လမှာ ကောင်းမှု ကုသိုလ်တွေ ပျော်ပျော်ပါးပါးလုပ်တတ်ခဲ့ပြီ၊လုပ်ငန်းခွင်ဘ၀ထဲ ၀င်ရောက်လာရတဲ့ အချိန်ကျတော့ လည်း သီတင်းကျွတ်မှာ လှုဖို့၊တန်းဖို့လေးတွေကိုစဉ်းစားလာတတ်ပြီ၊စုဆောင်းဖို့ကို မမေ့မလျော့ လုပ်ချင်လာပြီ၊ဒီလောက် ရင်ထဲမှာ အမြဲတမ်းစိုးမိုးနေတဲ့ သီတင်းကျွတ်လတွေရဲ့ အကြောင်းတွေကို အခုဆိုရင် မျှော်မှန်းပြီး လွမ်းဆွတ်နေရတဲ့ မြန်မာပြည်ရဲ့ အဝေးတစ်နေရာကနေ လွမ်းဆွတ် တမ်းတ ရင်းနဲ့ မြတ်စွာဘုရားရှင်နဲ့အတူ မြင့်မြတ်သောဘုံဘ၀မှာရောက်နေတဲ့မိဘနှစ်ပါး၊သင်ဆရာ၊မြင်ဆရာ များအားလုံးနဲ့တကွ တစ်မိနစ်၊တစ်စက္ကန့်ပိုကြီးတဲ့ လူကြီးသူမမျာအားလုံးကို စိတ်မှန်းနဲ့ ရှိခိုးကန်တော့ လိုက်ရင်း--------------------