အမေရိကန် ကာကွယ်ရေး ဝန်ကြီး အရှေ့တောင်အာရှတွင် ခရီးလှည့်လည်

CRI2018-01-29 14:54:55

      အမေရိကန် ကာကွယ်ရေး ဝန်ကြီး မာတစ်သည် ပြီးခဲ့သည့် သီတင်းပတ်က အင်ဒိုနီးရှားနှင့် ဗီယက်နမ် နိုင်ငံတွင် ခရီးလှည့်လည်ပြီး နှစ်နိုင်ငံ ကာကွယ်ရေး အားဖြည့် ဆောင်ရွက်ခြင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး စသည်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

မကြာခင်က အရှေ့တောင်အာရှ အခြေအနေသည် တည်ငြိမ်ကြောင်း၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်သည် အမေရိကန်နှင့် ကာကွယ်ရေး အပါအဝင် နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရာ၌ "မိမိတို့လိုရာ ရှာကြံရေး"ကို စွဲကိုင်ကြောင်း၊ အေးချမ်း တည်ငြိမ်ရေးသည် ဒေသတွင်း နိုင်ငံများ အတွက် အောက်ခြေ အခြေခံ စည်းမျဉ်း ဖြစ်မြဲဖြစ် နေသေးကြောင်း အကဲခတ် ပုဂ္ဂိုလ်များက ယူဆကြသည်။

မာတစ်က အင်ဒိုနီးရှား နိုင်ငံ မရောက်ခင်က သတင်းထောက်များအား ယခုအကြိမ် အရှေ့တောင် အာရှ ၂နိုင်ငံ ခရီးစဉ်၏ ရည်ရွယ်ချက်မှာ မကြာခင်က အမေရိကန် ထုတ်ပြန်ခဲ့သော နိုင်ငံတော် ကာကွယ်ရေး မဟာဗျူဟာ အစီရင်ခံစာတွင် တင်ပြထား သော"ရှိပြီးသား မဟာမိတ်အဖွဲ့ ဆက်ဆံမှု တိုးမြှင့်ရန်နှင့် မိတ်ဖက် ဆက်ဆံမှုသစ် တည်ဆောက်ရန်" ရည်မှန်းချက်ကို ဖော်ပြရန် ဖြစ်ကြောင်း ပြောကြားသည်။

အင်ဒိုနီးရှား ခရီးစဉ် အတွင်း မာတစ်က အင်ဒိုနီးရှား၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းသည် ထူးချွန်ကြောင်း၊ အမေရိကန်သည် အင်ဒိုနီးရှားနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြား သည်။ ထို့အပြင်၊ အမေရိကန်သည် အင်ဒိုနီးရှားအား လက်နက်များကို ရောင်းချရန် စီစဉ်နေကြောင်း အကဲခတ်များက ပြောကြားသည်။

ဗီယက်နမ် ခရီးစဉ် အတွင်း မာတစ်သည် ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီး ငိုချွမ်လစ်နှင့် လူသားချင်း စာနာထောက်ထားမှု၊ ဘေးဒဏ်ကယ်ဆယ်ရေး၊ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ဆောင်မှုနှင့် အဏ္ဏဝါရေး လုံခြုံမှု စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို အလေးထား ဆွေးနွေးခဲ့ကြကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက် တစ်ရပ်အရ သိရသည်။

မကြာသေးခင် ကာလ တလျှောက်လုံးက အမေရိကန် သမ္မတ ထရန့်၊ ဒုသမ္မတ ပင်စ်နှင့် နိုင်ငံခြားရေး ဝန်ကြီး တီလာစွန် အပါအဝင် ထိပ်သီးခေါင်းဆောင်နှင့် အဆင့်မြင့် အရာရှိများသည် အရှေ့တောင်အာရှတွင် ရှေ့ဆင့်နောက်ဆင့် ခရီးလှည့်လည်ခဲ့ကြောင်း၊ တစ်ဖက်က ဒေသတွင်း မဟာမိတ်အဖွဲ့ဝင်နှင့် မိတ်ဖက် နိုင်ငံများကို နှစ်သိမ့်ရန် ဖြစ်ကြောင်း၊ နောက်တစ်ဖက်ကတော့ အမေရိကန်-အာဆီယံ ဆက်ဆံမှုများတွင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ် အပေါ် ထရန့် အစိုးရမှ အလေးထားခြင်းကို ဖော်ပြနေကြောင်း အကဲခတ် ပုဂ္ဂိုလ်များက ယူဆကြသည်။

Not Found!(404)